Photobucket

Thursday, July 26, 2012

ဝါဆိုရည်မှန်း မြတ်သင်္ကန်း

                                                              
                                                      ဝါဆိုရည်မှန်း မြတ်သင်္ကန်း

                                                     

ထေရဝါဒ ရဟန်းတော်များရဲ့ ဝါဆိုရာ ဝါတွင်းကာလ အချိန်နီးကပ်လာတာနဲ့အမျှ ဗုဒ္ဓဘာသာ မြန်မာများရဲ့ ရဟန်းတော်များ ဝါတွင်းကာလ ဝတ်ရုံအသုံးပြုနိုင်ရန် ရည်မှန်းပြီး လှူဒါန်းကြတဲ့ ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းပွဲများဟာလည်း တဖြည်းဖြည်း အချိန်လုလာကြတာကို သတိထားမိလာပါတယ်။ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းမယ့် ရက်ကို အလုအယက် ဖြစ်လာကြတဲ့အပိုင်းမှာ တစ်ချို့က ဝါဆိုသင်္ကန်းကို ဝါမဆိုခင်ပဲ ဆက်ကပ်လှူဒါန်းကောင်းတယ်လို့ ထင်နေကြတဲ့ အတွက်ကြောင့်ဖြစ်သလို တစ်ချို့လည်း ဝါဆိုသင်္ကန်း အလှူဟာ ဝါမဆိုခင်လှူမှ ပိုပြီးကုသိုလ်ရကာ ဝါတွင်းသုံးလလုံးလုံး မိမိတို့ လှူဒါန်းထားတဲ့ သင်္ကန်းကို အပြည့်အဝ ဝတ်ရုံသုံးဆောင်နိုင်ကြမှာ ဖြစ်တယ်လို့ လက်ခံယုံကြည်ထားကြတဲ့ အတွက်ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ တစ်ချို့လည်း ဘာရယ်မဟုတ် သူများဝါဆိုသင်္ကန်းဆိုလို့ လိုက်ပြီးဝါဆိုသင်္ကန်း လုပ်လိုက်ရတာတွေလည်း ရှိတတ်ပါတယ်။ ဒါကြောင့် ဝါဆိုသင်္ကန်းနဲ့ ပတ်သက်ပြီး ဟိုလိုလိုဒီလိုလို ဖြစ်နေတဲ့ ဗုဒ္ဓဘာသာ အချို့အတွက် ဝါဆိုရည်မှန်း မြတ်သင်္ကန်းအကြောင်း တစ်စေ့တစ်စောင်း ရေးသားတင်ပြရခြင်း ဖြစ်ပါတယ်။


တကယ်တော့ ဝါဆိုသင်္ကန်းရဲ့ မူရင်းအခေါ်က မိုးရေခံသင်္ကန်းဆိုတဲ့ အခေါ်အဝေါ်ပဲ ဖြစ်ပါတယ်။ ပါဠိလိုတော့ ဝဿာဝါသိက စီဝရ၊ ဒါမှမဟုတ် ဝဿိကသာဋိက စီဝရလို့ ခေါ်ပါတယ်။ ခုနောက်ပိုင်းတော့ ဒီမိုးရေခံ သင်္ကန်းဆိုတဲ့ အခေါ်ကို အသုံးမပြုကြတော့ဘဲ ဝါဆိုသင်္ကန်းဆိုတဲ့ အမည်နဲ့ပဲ တွင်တွင်ကျယ်ကျယ် အသုံးပြုဖြစ်ခဲ့ကြပါတယ်။ ဘယ်လိုပဲခေါ်ခေါ် ရည်ရွယ်ချက်ကတော့ ဝါဆိုဝါကပ်ကြတဲ့ ရဟန်းတော်များ ဝါတွင်းကာလမှာ သင်္ကန်းနဲ့ပတ်သက်ပြီး ချမ်းချမ်းသာသာ ဖြစ်စေလိုကြတဲ့ ရည်ရွယ်ချက်ပဲ ဖြစ်ပါတယ်။ ပြီးတော့ ဒီသင်္ကန်းအလှူဟာ မိုးတွင်းကာလမှာ အပိုအနေနဲ့ လဲလှယ်ဝတ်ရုံ အသုံးပြုနိုင်ဖို့ ဘုရားရှင် ခွင့်ပြုတော်မူခဲ့တဲ့ ဝိနည်းတော်နဲ့ ညီညွတ်တဲ့ သင်္ကန်းအလှူဖြစ်လို့လည်း မွန်မြတ်တဲ့ စီဝရဒါနအလှူ ဖြစ်ပါတယ်။

ဒီဝါဆိုသင်္ကန်းအလှူ ခွင့်ပြုဖြစ်ခဲ့ရခြင်းရဲ့ အကြောင်းက ဝိသာခါ ဒါယိကမကြီးရဲ့ တောင်းလျှောက်မှုရဲ့ ကောင်းမှုကြောင့်ပဲ ဖြစ်ပါတယ်။ တစ်ခါက မြတ်စွာဘုရားရှင် သာဝတ္ထိပြည် ဇေတဝန်ကျောင်းတော်တွင် သီတင်းသုံး နေထိုင်တော်မူချိန် ကျွန်းကြီးလေးကျွန်းလုံးမှာ သဲသဲမဲမဲ မိုးကြီးရွာသွန်းခဲ့ပါတယ်။ လေးကျွန်းလုံး မိုးကြီးရွာသွန်းတာ ဖြစ်တဲ့အတွက် ဘုရားရှင်က ရဟန်းတော်များကို မိုးရေခံဖို့၊ မိုးရေးချိုးဖို့ ခွင့်ပြုတော်မူခဲ့ပါတယ်။ အဲဒီအချိန်က ရဟန်းတော်များဟာ သင်္ကန်းအပို အလှူခံခွင့် မရှိကြသေးတဲ့အတွက် မိုးရေးချိုးတဲ့အခါ သင်္ကန်းအားလုံးကိုချွတ်ပြီး မီးမွေးတိုင်းဖမွေးတိုင်း မိုးရေးချိုးဖြစ်ခဲ့ကြပါတယ်။ တိုက်တိုက်ဆိုင်ဆိုင် ဆိုသလို အဲဒီနေ့မှာ ဘုရားအမှုးရှိတဲ့ သံဃာတော်များကို ဆွမ်းကပ်ဖို့ ပင့်လျှောက်ထားတဲ့ ဝိသာခါ ဒါယိကာမကြီးကလည်း အလုပ်အကျွေး တစ်ယောက်ကို ဘုရားကျောင်းသွားပြီး ဆွမ်းကိစ္စ အကြောင်းကြားဖို့ စေလွှတ်လိုက်ပါတယ်။ အလုပ်အကျွေး ဒကာမဟာ ကျောင်းရောက်တဲ့အခါ မိုးရေချိုးနေကြတဲ့ ရဟန်းတော်များကိုတွေ့ပြီး ကျောင်းမှာရဟန်းတော်များ မရှိဘဲ အဝတ်မဝတ်တဲ့ ဒိဋ္ဌိတက္ကဒွန်းတွေပဲ တွေ့ခဲ့ရကြောင်း ဝိသာခါကို ပြန်ပြောပြပါတယ်။ အခြေအနေ အရပ်ရပ်ကို သိနေတဲ့ ဝိသာခါက ဉာဏ်နဲ့ဆင်ခြင်ပြီး ဒါဟာ ရဟန်းတော်များ မိုးရေးချိုးနေကြတာ ဖြစ်နိုင်ကြောင်း၊ ဒါပေမယ့် သဒ္ဓါတရားနည်းသူများက တက္ကဒွန်းများနဲ့ အထင်မှားနိုင်ကြောင်း သဘောပေါက်ကာ မြတ်စွာဘုရားရှင် ကြွတော်မူလာတဲ့အခါ ရဟန်းတော်များအတွက် ဝဿိကသာဋိက စီဝရခေါ် မိုးရေခံ သင်္ကန်းကို လှူဒါန်းခွင့်ပြုဖို့ တောင်းပန် လျှောက်ထားခဲ့ပါတယ်။ ဒါကို မြတ်စွာဘုရားရှင်ကလည်း ဝိနည်းသိက္ခာပုဒ် ပညတ်ကာ မိုးရေခံသင်္ကန်း အလှူခံမှုကို ခွင့်ပြုတော်မူခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး ဒီနေ့အထိ မိုးရေခံသင်္ကန်းခေါ် ဝါဆိုသင်္ကန်း ကပ်လှူခြင်း အစဉ်အလာ ဖြစ်ပေါ်လာခဲ့ခြင်း ဖြစ်ပါတယ်။

ဆိုတော့ကား မိုးရေခံ သင်္ကန်းခေါ် ဝါဆိုသင်္ကန်း ခွင့်ပြုပြီးတဲ့ နောက်ပိုင်းမှာ ဒီသင်္ကန်းကို လှူဒါန်းမှုနဲ့ ပတ်သက်ပြီး အချိန်ကာလ သတ်မှတ်ချက်အကြောင်းလည်း ပြောဖို့လိုလာပါတယ်။ ဒီမိုးရေခံသင်္ကန်းနဲ့ ပတ်သက်ပြီး ရဟန်းတော်များအနေနဲ့ ကိုယ်တိုင်ချုပ်လုပ်ပြီး သုံးဆောင်မယ်ဆိုရင်တော့ ပြုလုပ်နိုင်တဲ့ကာလက နယုန်လပြည့်ကျော် (၁)ရက်နေ့ကစပြီး မိုးလေးလကုန်တဲ့အထိ ရှားမှီချုပ်လုပ်နိုင်ပါတယ်။ ဒီသင်္ကန်းကို လှူဒါန်းတဲ့ အလှူရှင်များ အနေနဲ့ကတော့ ကာလသတ်မှတ်ချက် မရှိဘဲ ဝါဆိုသင်္ကန်းအဖြစ် ရည်မှန်းပြီးတော့ ဝါတွင်းပဲဖြစ်ဖြစ်၊ ဝါပပဲဖြစ်ဖြစ် ကြိုက်တဲ့အချိန်မှာ ကြိုက်သလောက် ဆက်ကပ်လှူဒါန်းနိုင်တာ ဖြစ်ပါတယ်။ ဝါဆိုသင်္ကန်း လှူဒါန်းလိုတဲ့ အလှူရှင်တွေအတွက် ဝါမဆိုခင်လှူရတာတို့၊ ဘယ်နေ့ကစပြီး ဘယ်နေ့အထိပဲ လှူရတာတို့ စတဲ့သတ်မှတ်ချက်တွေ မရှိပါဘူး။ ဝါဆိုသင်္ကန်းလို့ ရည်မှန်းပြီး လှူဒါန်းရုံနဲ့ ဝါဆိုသင်္ကန်း အလှူမြောက်ပြီး ဖြစ်ပါတယ်။

ဒီတော့ ဝါဆိုသင်္ကန်း အလှူနဲ့ ကထိန်သင်္ကန်းအလှူ ပြီးတော့ ရိုးရိုးသင်္ကန်းအလှူ ဘယ်လိုကွာခြားလဲလို့ မေးစရာ မေးခွန်းတွေလည်း ရှိလာနိုင်ပါတယ်။ ယေဘုယျပြောရရင်တော့ စီဝရဒါနခေါ် အဝတ်သင်္ကန်း အလှူဟာ စေတနာပြတ်ပြီး လှူဒါန်းမယ်ဆိုရင် အကျိုးတရားက အပြည့်အဝ ရပြီးသားပဲ ဖြစ်ပါတယ်။ ဗုဒ္ဓစာပေတွေမှာ အဝတ်သင်္ကန်းကို လှူဒါန်းခြင်းဟာ အဆင်းကိုလှူဒါန်းရာ ရောက်တဲ့အတွက် ရုပ်ရည်အဆင်း လှပခြင်းကို ဖြစ်စေတတ်ကြောင်း၊ အမြင့်မြတ်ဆုံး အနေနဲ့ သင်္ကန်းအလှူကို လှူဒါန်းတဲ့သူဟာ ဒကာတွေဆိုရင် ဘုရားတစ်ဆူဆူ အထံတော်မှာ ဧဟိဘိက္ခု (ချစ်သားလာလော့) အခေါ်ခံရပြီး အလွယ်တကူ ရဟန်းအသွင်ကို ရရှိစေကာ မဂ်ဖိုလ်နိဗ္ဗာန် ဝင်စံနိုင်သလို၊ အမျိုးသမီးတွေ ဆိုရင်လည်း လောကီအကျိုးအနေနဲ့ အလွန်အဖိုးထိုက်တန်တဲ့ မဟာလတာတန်ဆာကို ဝတ်ဆင်မြန်းနိုင်ပြီး နောက်ပိုင်း ဘုရားသာသနာနဲ့ ကြုံတွေ့ကာ နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်တဲ့အထိ အထောက်အပံ့ကို ဖြစ်စေကြောင်း စသဖြင့် ဖွင့်ဆိုရှင်းပြထားတာကို တွေ့ရပါတယ်။ ဒါကအမျိုးအမည် မကွဲပြားတဲ့ သင်္ကန်းအလှူရဲ့ အကျိုးပေးပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ကထိန်သင်္ကန်းတို့၊ ဝါဆိုသင်္ကန်းတို့ ဆိုတာကတော့ ကာလအပိုင်းအခြား သတ်မှတ်ပြီး လှူဒါန်းတဲ့ အလှူတွေဖြစ်တဲ့အတွက် စီဝရဒါနခေါ် သင်္ကန်းအလှူမြောက်ရုံတင်မဟုတ်ဘဲ ကာလဒါနလည်း မြောက်တဲ့အတွက် အကျိုးတရား ပိုပြီးထူးခြားတယ်လို့ ပြောနိုင်မှာ ဖြစ်ပါတယ်။ ကာလဒါန အလှူရဲ့သဘောက အကျိုးပေးတဲ့အခါ ကိုယ်လိုတဲ့အချိန်မှာ လိုအပ်ချိန်နဲ့ကိုက်ညီတဲ့၊ လိုအပ်ချိန်မှာ လိုအပ်တဲ့အရာကို အလွယ်တကူ ရစေနိုင်တဲ့ အကျိုးထူးကိုလည်း ဖြစ်စေတတ်ပါတယ်။

ပြီးတော့ ဝါဆိုသင်္ကန်း အလှူဟာ အမြဲမပြတ် ကုသိုလ်ဖြစ်စေတဲ့ နိဗဒ္ဓအလှူ (၇)မျိုးထဲမှာ ပါဝင်တဲ့ ကုသိုလ်ဖြစ်ပြီး ဒီကုသိုလ်ကို အမြဲမပြတ် ဆင်ခြင်ပွားများနေမယ်ဆိုရင် သေပြီးနောက် ဒုတိယ ဘဝမှာ အပါယ်မလားဘူးလို့လည်း အဋ္ဌကထာဆရာများက ဖွင့်ပြထားပါတယ်။ နိဗဒ္ဓဆိုတာ အမြဲမပြတ် ကုသိုလ်ဖြစ်စေအပ်တယ်လို့ အဓိပ္ပါယ်ရပြီး အဲဒီလို အမြဲမပြတ် ကုသိုလ်ဖြစ်စေအပ်တဲ့ နိဗဒ္ဓအလှူ (၇)မျိုးက
၁။ သရဏဂုံတည်နေခြင်း
၂။ ငါးပါးသီလလုံခြုံနေခြင်း
၃။ စာရေးတံမဲအလှူ လှူဒါန်းခြင်း
၎။ လပြည့်လကွယ် ၁၅ရက်နေ့များမှာ လှူဒါန်းတဲ့ ပက္ခအလှူ လှူဒါန်းခြင်း
၅။ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း
၆။ ရေတွင်းရေကန် တူးဖော်လှူဒါန်းခြင်း
၇။ ကျောင်းဆောက်လုပ် လှူဒါန်းခြင်း တို့ပဲ ဖြစ်ပါတယ်။ ဒီအလှူတွေထဲက နံပါတ် (၅)အလှူဟာ ဝါဆိုသင်္ကန်းအလှူဖြစ်ပြီး ဒီခုနှစ်မျိုးထဲက တစ်မျိုးမျိုးကို စွဲမြဲအောင် ထိန်းသိမ်းပြုလုပ်ထားမယ်ဆိုရင် ဒုတိယဘဝမှာ အပါယ်မလားဘူးလို့ ဆိုခြင်း ဖြစ်ပါတယ်။

ဒီနေရာမှာ အထူးသတိပြုရမှာက ဝါဆိုသင်္ကန်းအလှူဟာ နိဗဒ္ဓအလှူတွေထဲ ပါနေတဲ့အတွက် ဒီဝါဆိုသင်္ကန်း အလှူကို လှူထားလိုက်ရုံနဲ့ အပါယ်မလားတော့ဘူးလို့ တထစ်ချ ပြောလို့မရပါဘူး။ နိဗဒ္ဓအလှူ တစ်ခုခုကို လုပ်ထားပေမယ့်လည်း ဒီအလှူထက် တစ်ခြားအပါယ်လားစေတဲ့ အကုသိုလ်တွေက အားကြီးနေမယ် ဆိုရင်တော့ အပါယ်လားနိုင်ပါသေးတယ်။ တစ်ခြားအကုသိုလ်တွေ မရှိဘူးဆိုရင်တော့ ဒီနိဗဒ္ဓအလှူထဲက တစ်မျိုးမျိုးကို ပြုလုပ်ထားသူဟာ အပါယ်မလားနိုင်ဘူးလို့ ဆိုလိုတာ ဖြစ်ပါတယ်။

ရှိစေတော့။ ပြောချင်တာက ဝါဆိုရည်မှန်း မြတ်သင်္ကန်းအကြောင်း ပြောချင်တာ ဖြစ်ပါတယ်။ ဝါဆိုသင်္ကန်းအလှူဟာ စီဝရဒါန အလှူဖြစ်သလို ကာလဒါန အလှူလည်း ဖြစ်တဲ့အတွက် ဒီသင်္ကန်းကို လှူဒါန်းတဲ့သူတွေဟာ သင်္ကန်းလှူရကျိုးအပြင် အလိုရှိချိန်မှာ လိုတာကို ရစေနိုင်တဲ့ ကာလဒါနအကျိုးကိုလည်း ရရှိနိုင်ပြီး အဝတ်သင်္ကန်းကို လှူဒါန်းခြင်းဟာ အဆင်းကိုလည်း လှူဒါန်းရာ ရောက်တဲ့အတွက် ရုပ်ရည်အဆင်း လှပခြင်းနဲ့ ပြည့်စုံနိုင်ကြောင်း၊ ပါရမီပြည့်မြောက်လို့ နောက်ဆုံးရောက်တဲ့ အချိန်မှာလည်း သင်္ကန်းလှူရတဲ့ အကျိုးအားကြောင့် ရဟန်းဘဝကို အလွယ်တကူ ရရှိကာ မဂ်ဖိုလ်နိဗ္ဗာန်အထိ မျက်မှောက်ပြုနိုင်ကြောင်း စသဖြင့် ပြောလိုတာ ဖြစ်ပါတယ်။ လက်တွေ့အနေနဲ့ ဒီသင်္ကန်းလှူဒါန်းတဲ့ ကုသိုလ်အပေါ်မှာ စွဲမြဲတဲ့စိတ်ထားနဲ့ ကုသိုလ်တရားပွားပြီး တခြားအပါယ်လားစေမယ့် အကုသိုလ်တရားတွေကိုလည်း ရှောင်ရှားထားမယ်ဆိုရင် သေပြီးနောက် ဒုတိယဘဝမှာ အပါယ်တံခါးပိတ်ထားနိုင်တဲ့ အကျိုးရလာဘ်ကို ရရှိခံစားစေမှာ ဖြစ်ပါတယ်။

ဒါကြောင့် အလှူအမျိုးမျိုးရှိတဲ့အထဲက ဝါဆိုရည်မှန်း မြတ်သင်္ကန်းအလှူဟာလည်း အမြတ်ဆုံး အလှူတွေထဲက အကောင်းဆုံးအလှူ တစ်ခုဖြစ်တဲ့အတွက် အကြောင်းစုံလို့ လှူဒါန်းခွင့်ကြုံတဲ့အခါ ဒီအမြတ်ဆုံး အလှူတစ်ခုဖြစ်တဲ့ ဝါဆိုသင်္ကန်း အလှူကိုလည်း အဆင်ပြေတဲ့အချိန်မှာ အဆင်ပြေသလို ရည်မှန်းကာ လှူဒါန်းကြည့်ကြဖို့ တိုက်တွန်းရင်း ဝါဆိုရည်မှန်း မြတ်သင်္ကန်းအကြောင်း တစ်စေ့တစ်စောင်း တင်ပြလိုက်ရပါတယ်။



ရောက်လာသူအပေါင်းရွှင်လန်းချမ်းမြေ့ကြပါစေ..ရွှေဝန်းရတနာ..(၂၇.၇.၁၂)သောကြာနေ့


Friday, July 20, 2012

“အမှန်ပြောနဲ့အပြောမှန်”


မှန်ပြော နဲ့ ပြောမှန်
ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)

“အမှန်ကိုပြောပေမဲ့ အပြောမမှန်ရင် ကြားရသူက မေတ္တာနဲ့ မတုံ့ပြန်ဘဲ ဒေါသနဲ့ တုံ့ပြန်တတ်တယ်” (ကမ္ဘာ့ဗုဒ္ဓသာသနာပြုဆရာတော် အရှင်သေဋ္ဌိလ)
     ဒေးဒရဲမြို့၊ ကွင်းကျောင်းတိုက်မှာ နိကာယ်သင်တန်းပြုလုပ်နေစဉ်က အဖိတ်နေ့နဲ့ ဥပုသ်သီတင်းနေ့တွေမှာ သင်တန်းနာယကတစ်ပါးဖြစ်တဲ့ ကမ္ဘာ့ဗုဒ္ဓသာသနာပြုဆရာတော် အရှင်သေဋ္ဌိလ မထေရ်မြတ်ကြီးလည်း အခါအားလျော်စွာ ကြွလာတော်မူ့ရှိပါတယ်။

    ဆရာတော်ကြီးက မြတ်ဗုဒ္ဓရဲ့ ဒေသနာတော်များကို လက်တွေ့ သာသနာပြုရာမှာ အသုံးပြုပုံနြ့ပတ်သက်လို့ ကြုံတွေ့ရတဲ့အခက်အခဲများ၊ ပြဿနာများနဲ့  မေးခွန်းများစသည်တို့ကို ဆရာတော်ကိုယ်တိုင် ကမ္ဘာ့ဗုဒ္ဓသာသနာပြု ခရီးမှာ ကြုံတွေ့ခဲ့ရတဲ့ အခါလည်း ဆွေးနွေးတယ်၊ သင်တန်းသားများရဲ့ သိလိုတဲ့အချက်အလက်များကို ရှင်းပြဖြေဆိုတဲ့အခါမှာလည်း ဖြေဆိုပါတယ်။

   တောင်တွင်းကြီးမြို့၊ နတ်မှီတောရဆရာတော်ဘုရားကြီးကလည်း ညပိုင်းမှာ အခါအားလျော်စွာ တရားဟောလေ့ရှိပါတယ်။ ဆရာတော်ကြီး တရားဟောတဲ့ အခါမှာလည်း များသောအားဖြင့်တော့ ဓမ္မစက္ကပဝတ္တနသုတ်ကိုပဲ အခြေခံပြီးဟောတော်မူတာပါ။

   တစ်ခါမှာတော့ ဆရာတော်ကြီးက မဂ္ဂင်ရှစ်ပါးအကြောင်း ရှင်းလင်းဟောပြရာမှာ “သမ္မာဝါစာ” ဆိုတာနဲ့ပသတ်သက်ပြီး “သမ္မာ”ဆိုတာ “မှန်သော”လားရောဆိုပြီး ကိုယ့်အဖေကို “အမေ့လင်”လို့ ခေါ်တာမျိုးဟာ ဘယ်လိုလုပ် သမ္မာဝါစာဖြစ်မလဲ၊ အဖေကို အဖေလို့ပဲ ခေါ်ရမယ် မဟုတ်လား၊ ဒါဖြင့် ကောင်းဖို့သာ လိုရင်းလားဆိုရင်လည်း သူများနားထောင်ကောင်းအောင် လိမ်ညာ မြှောက်ပင့်ပြောတာ မျိုးဟာ ဘယ်လိုလုပ် သမ္မာဝါစာလို့ ပြောနိုင်မလဲ၊ အမှန်ကတော့ “သမ္မာဝါစာ”ဆိုတာ ကောင်းလဲ ကောင်း မှန်လည်း မှန်မှ နေရာကျမယ်၊ ဒါ့ကြောင့် “သမ္မာဝါစာ”ကို “ကောင်းမွန်မှန်ကန်သော စကား”လို့ မြန်မာပြန်မှ နေရာကျလိမ့်မယ်”ဆိုတဲ့ အကြောင်းရှင်းလင်းဟောကြားပါတယ်။

   တရားပွဲပြီးတဲ့အခါမှာ ဆရာတော်ကြီးများနဲ့ အတူ သင်တန်းသား ရဟန်းတော်များ စကားဝိုင်း ဖွဲ့မိကြတဲ့အခါ နတ်မှီတောရဆရာတော်ကြီး ဟောကြားသွားတဲ့ “သမ္မာဝါစာ”နဲ့ ပတ်သက်လို့ စိတ်ဝင်တစား ဆွေးနွေးပြောဆို ဖြစ်ကြပါသေးတယ်။ အဲဒီမှာ ဆရာတော်အရှင်သေဋ္ဌိလက “အမှန်ကိုပြောပေမဲ့ အပြောမမှန်ရင် ကြားရသူက မေတ္တာနဲ့ မတုံ့ပြန်ဘဲ ဒေါသနဲ့ တုံပြန်တတ်တယ်၊ အဲဒီလို ဖြစ်သွားခဲ့ရင် အမှန်ပြောတာဟာ အကျိုးမဖြစ်ဘဲ ခိုက်ရန်ဒေါသတွေတောင် ပိုပြီးတိုးပွားစေတတ်တယ်၊ ဒါကြောင့် နတ်မှီဆရာတော်ပြောသလို ကောင်းလည်းကောင်း မှန်လည်း မှန်မှ ရည်ရွယ်ချက်အောင်မြင်နှိုင်မယ်”ဆိုတဲ့အကြောင်းကို ရှင်းပြပါတယ်။

  သင်တန်းသားအရှင်မြတ်တစ်ပါးက “ကောင်းမွန်မှန်ကန်”ဆိုတဲ့နေရာမှာ “မှန်ကန်တယ်”ဆိုတာနဲ့ပတ်သက်လို့တော့ နည်းနည်းပါးပါး သဘောပေါက်တန်သလောက်ပေါက်ပါတယ် “ကောင်းမွန်”ဆိုတာနဲ့ ပသတ်သက်လို့တော့ ဘယ်လို “စံ” နဲ့ တိုင်းတာဆုံးဖြတ်မလဲ”ဆိုတဲ့ အကြောင်း လျှောက်ထားဆွေးနွေးပါတယ်၊ ဒီမေးခွန်းနဲ့ ပတ်သက်ပြီး ဒေးဒရဲကွန်းကျောင်းဆရာတော်ဘုရားကြီးက…
“အရှင်တို့ ကြားဖူးထားတဲ့ စကားခြောက်ခွန်း လူဝယ်ထွန်း၊ နှစ်ခွန်းဘုရားပြော”ဆိုတဲ့အထဲမှာဘုရားရှင်တို့ဟာ…

၁။ သူလည်းမြတ်နိုး၊ ကျိုးရှိမှန်ကန်တဲ့ စကား၊
၂။ သူမမြတ်နိုးလည်း၊ ကျိုးရှိမှန်ကန်တဲ့စကား.. ဆိုပြီး ဒီစကားနှစ်မျိုးကို ဘုရားရှင်တို့ပြောလေ့ရှိတယ် ဆိုသမို့လား၊ ဒါကို ကြည့်ရင်တော့ စကားရဲ့ “စံ”ဟာ “ကျိုးရှိခြင်း မှန်ကန်ခြင်းဆိုတဲ့  အင်္ဂါနှစ်ရပ် ဖြစ်တယ်”လို့ ဆိုရမှာပေါ့။

 “အကျိုးရှိခြင်းဆိုတဲ့ “စံ”မပါဘဲ ပြောဆိုခဲ့မယ်ဆိုရင် အမှန်ကို ပြောခြင်းသည်ပင် ဆဲရေးခြင်းမည်တယ်ဆိုတာ ဘုရားရှင် ဟောခဲ့တဲ့ ဆဲရေးခြင်း ဆယ်မျိုး(အသေက္ကာသဝတ္ထုဆယ်ပါး) ကိုကြည့်ရင်သဘောပေါက်လောက်ပါတယ်ဗျာ၊ အဲဒီမှာ

(၁) “ဇာတိ”တဲ့ မင်းမျိုး၊ သူဌေးမျိုး စသည်ဖြင့် တိုရိုက်ခေါ်တာတို့၊ ခုခေတ်ဆိုရင် မြန်မာ၊ ကုလား၊ အညာသား၊ အောက်သားစသည် ခေါ်တာတို့ဟာ မှန်ကနပေမယ့် ဆဲရေးခြင်းတစ်မျိုး ဖြစ်တယ်။

(၂)“နာမ”တဲ့ အမည်ကို တိုက်ရိုက်ခေါ်တာလည်း ဆဲခြင်းတစ်မျိုးပဲတဲ့၊ ရှေ့ကနေ ဦး၊ ဒေါတို့၊ မ၊ မောင် စသည်ထည့်ပြီးခေါ်မှ ဆဲရေးခြင်းလွတ်တယ်။

ရွှေကျင်ဆရာတော်ကြီးရဲ့ ဆုံးမစာထဲမှာ..
+ ရိုသေနည်းပါး၊ ကိုယ်တော်စား၊ စကားယဉ်အောင် ဘယ်သို့သုံးမည်နည်း။
+ ဦးဇင်း၊ ကိုရင်၊ အရှင်၊ ဘုန်းကြီး၊ တသီး၊ ဆရာတော်၊ နောက်သော်ဘုရား၊ ထည့်စွက်ငြား၊ စကားယဉ်အာင်သုံးပါမည်လို့ ဆိုသလိုပေါ့။
ရိုသေလေးစားမှုနည်းပါးရာကျတဲ့ “ကိုတော်”ဆိုတဲ့ စကားအစား“ဦးဇင်းဘုရား၊ ကိုရင်ဘုရား၊ အရှင်ဘုရား၊ ဘုန်းကြီးဘုရား၊ ဆရာတော်ဘုရား”လို့ သုံးရမယ်ဆိုတာလေ၊ အဲဒီလို ယဉ်ကျေးအောင် သုံးမှ ဆဲရေးခြင်းဆယ်ပါးက လွတ်တယ်တဲ့။

(၃)ဂေါတ္တ)- အနွယ်ဆိုတာ ဘုရားခေတ်ကတော့ ဂေါတမနွယ်၊ ကဿပနွယ်စသည်ရှိတော့၊ ဂေါတက၊ ကဿပ စသည် တိုက်ရိုက်ခေါ်တာပေါ့၊ ခုခေတ် ဆိုရင်တော့ ဟေ့.. သူကြီးမျိုး ဆယ်အိမ် ခေါင်းမျိုးစတဲ့ မျိုးရိုးစဉ်အလာကို တိုက်ရိုက်ခေါ်တာမျိုးပေါ့၊ ဒါလည်း ဆဲရေးသလို ရိုင်းရာကျတာပဲတဲ့။

(၄)ကမ္မ- အလုပ်ဆိုတာ ဒွန်းစဏ္ဍားတို့၊ ဈေးသည်တို့၊ တံခါသည်တို့ ၊ မုဆိုးတို့လို အလုပ်မျိုး လုပ်သူတွေကို ဟေ့.. ဒွန်းစဏ္ဍား စသည်ခေါ်တာလည်း ဆဲရေးခြင်းတစ်မျိုးပဲတဲ့။

(၅) သိပ္ပ-ဆိုတာ လက်သမား၊ ပန်းရံသမား၊ ကပ်ယက်သမား၊ အမှိုက်ကျုံသမားစသည်ကို လည်း တိုက်ရိုက်ခေါ်ရဘူး၊ အဲဒါလည်း ဆဲတာပဲတဲ့။

(၆) အာဗာဓ-ဆိုတာ အနာရောဂါလေး၊ ကုဋ္ဌ(နူနာ) ဂဏ္ဍ-ကင်ဆာစတဲ့ အနာရှိသူတွေကို အဲဒီ အနာနဲ့တပ်ပြီးခေါ်ရဘူး ဆဲသည်ထက်တောင် နာတတ်တယ်။

(၇) လင်္ဂိက-ဆိုတာ ချွတ်ယွင်းဖေါက်ပြန်တဲ့ ကိုယ်အင်္ဂါအသွင်အပြင်ကို ပြောတာ၊ အကန်းတို့၊ အကုန်းတို့၊ အကျိုးတို့လိုဟာမျိုးကို တိုက်ရိုက် ခေါ်တာမျိုးပေါ့။

   တချို့က မှန်တာပြောတာပဲ ဘာဖြစ်လို့လက်မခံနိုင်တာရမှာလဲလို့ ပြောလေ့ရှိတယ်မို့လား၊ တကယ်တမ်း ကိုယ့်ရဲ့ ကိုယ်အင်္ဂါ ချွတ်ယွင်းချက်ကို တိုက်ရိုက်ကြီး ပြောပီဆိုရင်တော့ “မျက်စေ့တစ်ဘက်ကန်းနဲ့လူကြီး”လို့ အခေါ်ခံရတဲ့ ပုံပြင်ထဲကလိုပဲ“တောနက်နက်အထိ နှင်ထုတ်ဖို့ ကောင်းတယ်”လို့ မှတ်ချက်ချကြမှာချည်းပဲ၊ အဲဒါလည်း သတိထားရမယ်ဗျာလို့ မိန့်ပါတယ်။ ဆရာတော်အမိန့်ရှိတဲ့ ပုံပြင်အကျဉ်းချုပ်ကတော့..

 တစ်ခါက ရွာတစ်ရွာရဲ့ မနီးမဝေးတောထဲမှာ လူရွယ်တစ်ယောက်နေသတဲ့၊ ခရီးသွားဧည့်သည် တစ်ဦးက အဲဒီလူရွယ်နေတဲ့ တဲနားရောက်တဲ့ အခါ ခရီးတစ်ထောက်ဝင်ပြီး နားတယ်၊ လူရွယ်က ကျန်း ကျန်းမာမာရှိသလို လူနေတဲ့ တဲရဲ့ အဝန်းအဝိုင်းကလည်း သပ်သပ်ရပ်ရပ် သန့်သန့်ရှင်းရှင်းနဲ့ ပါပဲတဲ့၊ ပြီးတော့ သဘောသကန်လည်း ကောင်းပုံပါပဲ၊ ခရီးသွားဧည့်သည်ကြီးကို ရေနွေးကြမ်းထန်းလျက်ခဲတို့ နဲ့ပါ ဧည့်ခံကျွေးမွေးလိုက်သေးတယ်ဆိုတော့ ခရီးသွား ဧည့်သည်က ကျေနပ်သွားတယ်။

   ဒါပေမယ့် ခရီးသွားဧည့်သည်ကြီး စိတ်ထဲမှာ ဇဝေဇဝါးနဲ့ စဉ်းစားမရတဲ့ အချက်တစ်ခုရှိနေတယ်၊ ကျေးလက်မှာ တောထဲ တဲနဲ့နေတယ်ဆိုတာ ယာခင်း ချောင်းခင်းစောင့်ဖို့ဖြစ်စေ၊ ကျန်းမာရေးအရ ရပ်ထဲရွာထဲ နေဖို့ မသင့်လို့ဖြစ်စေ အကြောင်းတစ်ခုခုရှိတယ်။ အခု လူရွယ်နေတဲ့ တဲဝန်းကျင်းမှာ ယာခင်းချောင်းခင်းရယ်လို့လည်း ဟုတ်တိပတ်တိမရှိ၊ လူကလည်း ကျန်းကျန်းမာမာ ဖြစ်နေတယ်၊ ဒါနဲ့ ဧည့်သည်ကြီးက “နေပါဦး မောင်ရင်ရဲ့ .. စပ်စုတယ်လဲ မထင်ပါနဲ့၊ ဦးစိတ်ထဲမှာ မရှင်းလင်းတတ်လို့ မေးပါရစေ၊ မောင်ရင်ကြည့်ရတာ ကျန်းမာရေးကြောင့်လဲမဟုတ်၊ ယာခင်း ချောင်းခင်း စောင့်ဖို့လဲမဟုတ်၊ တရားဓမ္မအားထုတ်ဖို့ တောရဆောက်တည်နေတာလဲ ဟုတ်ပုံမရဘူး၊ ဘာဖြစ်လို့ တောထဲမှာ တစ်ယောက်တည်း ထွက်ပြီး နေနေတာလဲ”လို့မေးတော့ “ဟုတ်တာပြောတတ် လွန်းလို့ သူကြီးက ရွာထဲနေခွင့်မပေးဘဲ နှင်ထုတ်ထားလို့ အခုလိုနေရတာ”တဲ့။

  ဧည့်သည်ကြီးကတော့“မင်းတို့ရွာလူကြီးကလဲကွာ ဟုတ်တာပြောတာနဲ့များ တောထုတ်ရတယ်လို့”ဆိုပြီး  လူရွယ်အတွက် စိတ်မကောင်း တဲ့သဘောနဲ့ ပြောပါသတဲ့။ အမောပြေတော့ ဧည့်သည်ကြီး ခရီးဆက်သွားလို့ တစ်ခေါ်လောက်ရောက်တဲ့အခါ ခရီးသည်ကြီးရဲ့ လွယ်အိပ် တစ်လုံး မေ့ကျန်တာကို တဲရှင်လူရွယ်ကတွေ့တော ကမန်းကတန်းပြေးထွက်သွားပြီး၊ “ဗျို့… မျက်စေ့တစ်ဖက်ကန်းနေတဲ့ လူကြီး ဒီမှာ ခင်ဗျားလွယ်အိတ် မေ့နေခဲ့တယ်”လို့ လှမ်းအော်တော့မှာ ခရီးသည်ကြီးက ပြန်လှည့်လာပြီး လွယ်အိတ်ကိုယူရင်း၊ “ဒီလောက်တောင် ဟုတ်တာ ပြောတဲ့ သင်းလို အကောင် ဒီလောက်ကလေး တောထုတ်ခံရတာ ရွာနဲ့တောင် နီးနေသေးတယ်၊ တောနက်နက်ထဲ နှင်ထုတ်ဖို့ ကောင်းတယ်”လို့ မှတ်ချက်ချသွား ပါသတဲ့။ ဒါမျိုးဟာ ဆဲရေးခြင်းတစ်မျိုးပဲလို့ ဆိုလိုတာပါ။ အဲဒါ သတိထားရတယ်။

(၈) ကလေသာ- ဆိုတာ လောဘတို့ ဒေါသတို့ ဣဿာ မစ္ဆရိယတို့ စသည်ပေါ့။ လောဘကြီး တဲ့သူ၊ ဒေါသကြီးတဲ့သူစသည်လည်း မခေါ်လေနဲ့၊ အဲဒါလည်း ဆဲရေးတာထက်ဆိုးတဲ့ ဆဲရေးခြင်းပါပဲ၊ ခုခေတ်ဆို ဘာသာရေးနယ်ပယ်မှာ ကိုယ်နဲ့ ဝါဒမတူရင် “မိစ္ဆာဒိဋ္ဌိ”လို့ချည်းခေါ်ကြပြောကြ တယ်မို့ လား၊ အဲဒါ ဘာသာရေး ဆဲလုံးကြီးပဲလေ။

  (၉) အာပတ္တိ- ဆိုတာ တိုက်ရိုက်တော့ ရဟန်းတော်များကိုပေါ့လေ၊ သူတို့မှာ သင့်ထားတဲ့ အာပတ်ကိုကြည့်ပြီး ပါစိတ်အာပတ်သင့်တဲ့ ကိုယ်တော်စသည်ခေါ်ရင် ဆဲသည်ထက် နာမှာပေါ့၊ လူဆိုရင်လည်း ထောင်ကျတဲ့ကောင်တို့ ထောင်ထွက်တို့ စသည်ခေါ်တာမျိုးပေါ့။

  ဒါတွေဟာ အမှန်တွေကို ပြောတာဖြစ်ပေမဲ့ အပြောမမှန်တဲ့အတွက် ဆဲရေးခြင်းတွေ ဖြစ်တယ် ဆိုပြီး (၁ဝ) ခုမြောက်ဖြစ်တဲ့ တိုင်းထွာဆဲရေးခြင်းတို့နဲ့ အတူတူ အားလုံးပေါင်း ဆဲရေးခြင်းဆယ်ပါးလို့ ဆိုတာပေါ့၊ “ကောင်းမွန်”ဆိုတာ အဲဒီဆဲရေးခြင်းဆယ်မျိုး လွတ်ဖို့ အဓိကလိုတယ်။

ပြီးတော့ ဘုရားရှင်ဟောတော်မူတဲ့ သဂါထာဝဂ်၊ ဝင်္ဂီသသံယုတ်ထဲက သုဘာသိတသုတ်မှာ စကားအရာ အင်္ဂါလေးတန်ဆိုတာလည်း ရှိသေးတယ်လေ၊

(၁)သုဘာသိတ- ကောင်းမွန်တဲ့စကား၊
(၂) ဓမ္မ- ကောင်းကျိုးနဲ့ယှဉ်တဲ့ တရားစကား၊
(၃) ပိယ- ချစ်ဖွယ်စကား၊
(၄) သစ္စ- မှန်ကန်တဲ့စကား..တဲ့၊ ဒါတွေကိုလည်း သတိပြုရမှာပေါ့၊ အရေးအကြီးဆုံး “စံ”ကတော့ ဘုရားရှင်ပြောတဲ့စကား နှစ်ခွန်းထဲက အဓိကဖြစ်တဲ့ “မှန်ကန်အကျိုးရှိခြင်း”ဆိုတဲ့ စံပါပဲ။

သူ့ကောင်းကျိုးကို လိုလားတဲ့ မေတ္တာစိတ်မပါရင် ဘယ်စကားမှ “ကောင်းမွန်တယ်”ဆိုတဲ့ ဂုဏ်ထူးနဲ့ မတန်ပါဘူး။
အကျိုးလိုလားတဲ့ စေတနာနဲ့ မှန်ကန်တဲ့ အကြောင်းအရာများကို ပြောဆိုရာမှာလည်း တစ် ဘက်သားရဲ့ အမှားကို ထောက်ပြ ဝေဖန် ပြောဆိုရမယ်ဆိုတဲ့ အခါမျိုးမှာ ဟိုး.. ပါထိကဝဂ်၊ သင်္ဂီတိ သုတ်မှာလာတဲ့  အရှင်သာရိပုတ္တရာမထေရ်မြတ်ရဲ့ ဝေဘန်ရေး စံငါးချက်ဆိုတာ ရှိသေးတယ်။

 (၁) ဆွမ်းခံချိန်၊ ဆွမ်းစားချိန်၊ ပရိတ်သတ်နဲ့ ရောနှောနေချိန်၊ ဆွမ်းစားဇရပ်တို့ ဧည့်သည်ဇရပ် စသည်မှာ နားနေချိန်စတဲ့ မပြောသင့်တဲ့ နေရာတွေ ကင်းဝေးချိန်မှာသာ ပြောရမယ်၊ အများနဲ့ ဆက်ဆံတဲ့နေရာမျိုးမှာ မပြောရဘူး။

(၂) အကြောင်းအရာ ရေရာသေချာမှပြောရမယ်၊ မရေရာမသေချာဘဲ မပြောရဘူး။

(၃) နူးညံ့သိမ်မွေ့တဲ့ စေတနာ၊ စကားလုံး၊ အမူအရာတို့နဲ့သာ ပြောရမယ်၊ စိတ်ကြမ်း ကိုယ်ကြမ်း နှုတ် ကြမ်းမျိုးနဲ့ မပြောရဘူး။

(၄) ပြောခံရသူရဲ့ အကျိုးကို လိုလားရှေးရှုတဲ့ စိတ်ထားနဲ့သာ ပြောရမယ်၊ ဂုဏ်သိက္ခာကျစေဖို့၊ မကောင်းသတင်းကျော်ဇောစေဖို့ဆိုတဲ့ အခုကာလ ပြော ပြောနေတဲ့ အပုပ်ချတယ်ဆိုတာမျိုး မပြောရဘူး။

(၅) မေတ္တာစိတ် သန့်သန့်ထားပြီးတော့သာ ပြောရမယ်၊ အပြစ်ရှာခြင်း ရန်တုံ့ပြုခြင်း သဘောမျိုးနဲ့ လုံးဝ မပြောရဘူးတဲ့။

အဲဒီစံငါးချက်နဲ့လည်း ကိုက်ညီမှ ကောင်းမွန်တဲ့စကားဖြစ်မှာပါ၊ ကောင်းမွန်တဲ့ စကားကို ပြောမှသာ ပြောပုံမှန်တယ်လို့ ဆိုနိုင်တယ်၊ ပြောပုံမှန်မှလည်း နာရသူက လေးစားလိုက်တာနဲ့အတွက်  ရည်ရွယ်ရင်း ထိရောက်နိုင်ပါတယ်၊

    ပြောပုံမမှန်ရင်တော့ “မှန်တာပြော ဆဲသည်ထက်နာ” ဆိုတာမျိုးဖြစ်ပြီး ဆေးကြောင့် ဘေးဖြစ်တတ်တယ်၊ ဥတုမှား အစားမှားကြောင့်ဖြစ်တဲ့ ရောဂါမျိုးက ဆေးကုလို့ လွယ်ကူပေမယ့်၊ “ဘေသဇ္ဇ သမုဋ္ဌိတော ရောဂေါ အတေကိစ္ဆော- ဆေးမှားလို့ဖြစ်တဲ့ ရောဂါမျိုးမှာ ဆေးမရှိ” ဆိုတဲ့အတိုင်း နောက်သမားတောင် ကုသဖို့ မလွယ်တော့ဘူးဖြစ်သွားမယ် ဆိုတဲ့အကြောင်း အကျယ် တဝင့် ရှင်းပြတော်မူပါတယ်။

သတိထား အသိပွားပြီး ကောင်းမွန်မှန်ကန်တဲ့ စကားများနဲ့ လောကအကျိုး သာသနာအကျိုး ဆောင်ရွက်နိုင်ကြပါစေ။

မေတ္တာများဖြင့်
အရှင်သိရိန္ဒ
မေတ္တာဥယျာဉ်
2012-ခု၊ ဇူလိုင်လ(၆)ရက်၊ သောကြာနေ့။

ရောက်လာသူအပေါင်းရွှင်လန်းချမ်းမြေ့ကြပါစေ..ရွှေဝန်းရတနာ(၂၁.၇.၁၂)စနေနေ့



Saturday, July 14, 2012

ဒီပဲယင်း ဆရာတော်ဘုရားကြီး၏ဆုတောင်း(၁၀)ချက်

                                                           

ဒီပဲယင်း ဆရာတော်ဘုရားကြီး၏ဆုတောင်း(၁၀)ချက်

ပါဠိ။                ။ပရေသံ ဟိတ မိစ္ဆေယျံ၊ ဟိတံ မေ ဣစ္ဆိတံ ပရော၊ နာညဿ ဒုက္ခမိစ္ဆေယျံ၊ မာ မေ ဒုက္ခံ ဣစ္ဆိတံ ပရော။
(၁)အနက်။        ။အဟံ-ငါသည်၊ ပရေသံ-သူတစ်ပါးတို့၏၊ ဟိတံ-အကျိုးစီးပွားကို၊ ဣစ္ဆေယျံ၊ လိုလားနှစ်သက် ဆောင်ရွက်နိုင်ရပါလို၏။
အဓိပ္ပါယ်။          ။ ငါသည် သူတစ်ပါးတို့၏ အကျိုးစီးပွားကို လိုလားနှစ်သက် ဆောင်ရွက်နိုင်ရပါလို၏။
(၂) အနက်။     ။ပရောစ-သူတစ်ပါးကလည်း၊ မေ-ငါ၏၊ဟိတံ-အကျိုးစီးပွားကို၊ ဣစ္ဆိတံ ဣစ္ဆိတု-လိုလားနှစ်သက်ဆောင်ရွက်နိုင်ကြပါစေသတည်း။
အဓိပ္ပါယ်။        ။ သူတစ်ပါးကလည်း ငါ၏ အကျိုးစီးပွားကို လိုလားနှစ်သက် ဆောင်ရွက်နိုင်ကြပါစေ။
(၃)အနက်။   ။အဟံ-ငါသည် အညဿ-အခြားတစ်ယောက်သောပုဂ္ဂိုလ်၏၊ ဒုက္ခံ-ကိုယ်စိတ်ဖြာဆင်းရဲပင်ပန်းခြင်းကို၊ မာဣစ္ဆေယျံ-မလိုလားမနှစ်သက်မဆောင်ရွက်ပါရစေနှင့်။
အဓိပ္ပါယ်။      ။ ငါသည် အခြားတစ်ယောက်သောသူ၏ ကိုယ်စိတ်နှစ်ပါး ဆင်းရဲပင်ပန်းခြင်းကို မလိုလား မနှစ်သက် မဆောင်ရွက်ရပါစေနှင့်။
(၄)အနက်။      ။ပရောစ-သူတစ်ပါးကလည်း၊ မေ-ငါ၏၊ ဒုက္ခံ-ကိုယ်စိတ်နှစ်ပါးဆင်းရဲပင်ပန်းခြင်းကို၊ မာဣစ္ဆိတံမာဣစ္ဆိတု-မလိုလား မနစ်သက်မဆောင်ရွက်နိုင်ပါစေသတည်း။
အဓိပ္ပါယ်။       ။သူတစ်ပါးကလည်း ငါ၏ ကိုယ်စိတ်နှစ်ပါး ဆင်းရဲပင်ပန်းခြင်းကို မလိုလား မနှစ်သက် မဆောင်ရွက်နိုင်ပါစေနှင့်။
ပါဠိ။        ။နဟိံသေယျံ ပရံ ပါဏံ၊ မာ မံ ၀ိဟေသတံ ပရော၊ န စ ဘဝေ အဟံ ဝေရီ၊ မာဝေရီ ဟောတု မေ ပရော။
(၅)အနက်။    ။အဟံ-ငါသည်၊ ပရံ-တစ်ပါးသော၊ပါဏံ-သတ္တ၀ါကို၊ နဟိံသေယျံ-မညှင်းဆဲ မနှိပ်စက်ပါရစေလင့်။
အဓိပ္ပါယ်။     ။ ငါသည် တစ်ပါးသော သတ္တ၀ါကို မညှင်းဆဲ မနှိပ်စက်ရပါစေလင့်။
(၆)အနက်။     ။ပရောစ- သူတစ်ပါးကလည်း၊ မံ-ငါ့ကို၊ မာဝိဟေသတံ မာဝိဟေသတု-မညှင်းဆဲ မနှိပ်စက်နိုင်ပါစေသတည်း။
အဓိပ္ပါယ်။       ။သူတစ်ပါးကလည်း င့ါကို မညှင်းဆဲ မနှိပ်စက်ပါစေနှင့်။
(၇)အနက်။    ။အဟံ-ငါသည်၊ ပရေသံ-သူတစ်ပါးတို့၏၊ ဝေရီ-ရန်သူသည်၊ နဘဝေ-မဖြစ်ရပါစေလင့်။
အဓိပ္ပါယ်။    ။ငါသည် သူတစ်ပါးတို့၏ ရန်သူ ဘယ်လိုနည်းနှင့်မျှ မဖြစ်ပါရပါစေလင့်။
(၈)အနက်။      ။ပရောစ-သူတစ်ပါးကလည်း၊ မေ-ငါ၏၊ ဝေရီ-ရန်သူသည်၊ မာဟောတု-ဘယ်လိုနည်းနှင့်မျှ မဖြစ်ပါစေသတည်း။
အဓိပ္ပါယ်။        ။ သူတစ်ပါးကလည်း ငါ၏ ရန်သူ ဘယ်လိုနည်းနှင့်မျှ မဖြစ်ပါစေနှင့်။
ပါဠိ။               ။ကုမ္မဂ္ဂဉ္စ ၀ိဝေဇ္ဇေတွာ၊ သုမဂ္ဂံ ယန္တု ပါဏိနော။ဝင်္ကဉ္စာဟံ ၀ိဝေဇ္ဇေတွာ၊ ဥဇုံ သုမဂ္ဂကော ဘဝေ။
(၉)အနက်။       ။သဗ္ဗေပိ-အလုံးစုံလည်းဖြစ်ပေသော၊ ပါဏိနော်-ကြွင်းမဲ့ဥဿုံအလုံးစုံကုန်သော သတ္တ၀ါအပေါင်းတို့သည်၊ ကုမ္မဂ္ဂံ-နိဗ္ဗာန်ကိုမရောက်နိုင်သောအပါယ်သွားကြောင်းမကောင်းသော လမ်းကောက်လမ်းယုတ်လမ်းညစ် လမ်းဆိုးကြီးကို၊ ၀ိဝေဇ္ဇတွာ-ရှောင်ရှားဖယ်ကြည်၍၊ သုမဂ္ဂံ-နိဗ္ဗာန်ရောက်ကြောင်း ခရီးကောင်းကို၊ယန္တု-ကောင်းစွာမသွေ လိုက်သွားနိုင်ကြပါစေကုန်သတည်း။
အဓိပ္ပါယ်။         ။လုံးစုံကုန်သောသတ္တ၀ါအပေါင်းတို့သည် လမ်းဆိုးလမ်းကောက်ကို ရှောင်ရှား၍ လမ်းကောင်း လမ်းဖြောင့်ကို လိုက်နိုင်ကြပါစေ။
(၁၀)အနက်။      ။အဟံပိ-ငါသည်လည်း၊၀င်္ကံ-နိဗ္ဗာန်ကိုမရောက်နိုင်သော လမ်းကောက်လမ်းညစ် လမ်းဆိုးကြီးကို၊ ၀ိဝေဇ္ဇတွာ-ရှောင်ရှားဖယ်ကြဉ်၍၊ဥဇုံ-ဖြောင့်ဖြောင့်မတ်မတ်၊ သုမဂ္ဂကော-နိဗ္ဗာန်ရောက်ကြောင်း ခရီးကောင်းဟူသော မဂ္ဂင်ရှစ်တန် ခရီးမှန်ကို ကောင်းစွာလိုက်သွားနိုင်သောပုဂ္ဂိုလ်သည်၊ ဘဝေ ဘဝေယျံ-ကောင်းစွာဖြစ်ရပါစေသတည်း။
အဓိပ္ပါယ်။         ။ ငါသည်လည်း လမ်းဆိုး လမ်းကောင်းကို ဖယ်ကြဉ်၍ လမ်းကောင်းလမ်းဖြောင့်ကို လိုက်နိုင်သည့်ကို ဖြစ်ရပါလို၏။
ရောက်လာသူအပေါင်းရွှင်လန်းချမ်းမြေ့ကြပါစေ..ရွှေဝန်းရတနာ..(၁၅.၇.၁၂)တနင်္ဂနွေနေ့

Wednesday, July 4, 2012

“ပရဟိတအကြောင်းသိကောင်းစရာ”

                                                      
                                ပရဟိတအကြောင်းသိကောင်းစရာ




အရှင်ကေဝလ(အလင်းစက်)
    ယနေ့ခေတ်တွင် “ပရဟိတ”ဟူသောစကားလုံးဝေါဟာရကို နေရာများစွာတွင်အသုံးပြုနေကြသည်ကို တွေ့ရသည်၊၊ မည်သို့သောလုပ်ငန်း မျိုးသည် ပရဟိတအစစ်အမှန်ဖြစ်သည်နှင့်၊ ပရဟိတဝေါဟာရ၏ မူလရင်းမြစ်အဓိပ္ပါယ်ကို စာဖတ်သူသို့တင်ပြဆွေးနွေးလိုက်ရပါသည်၊၊

  မြန်မာစာပေနှင့်ယဉ်ကျေးမှုသည် ဗုဒ္ဓဘာသာကိုအခြေပြုထားသည့်အတွက် ဗုဒ္ဓဘာသာ၏မူလစာပေ ဖြစ်သည့် ပါဠိစာပေမှ ဝေါဟာရစကားလုံး များစွာကို နေ့စဉ်ဘ၀လုပ်ငန်းစဉ်များတွင် အသုံးပြုထားသည် ကို တွေ့ရနိုင်ပါသည်၊၊

    “ပရဟိတ”ဟူသောဝေါဟာရသည် မူလအားဖြင့် ပါဠိစာပေဝေါဟာရတစ်ခုဖြစ်သည်၊၊ သို့သော် ဗုဒ္ဓဘာ သာဝင်တို့သည် မြန်မာဝေါဟာရကိုထက် ပါဠိစကားလုံးကိုပို၍နှစ်သက်စွာအသုံးပြုခဲ့ကြရာမှ“ပရဟိတ”ဟုကြားလိုက်လျင် ‘အများအကျိုးပြုလုပ်ငန်း’ဟူ၍ ကလေးသူငယ်များအထိပင် နားလည်သဘော ပေါက်လာခဲ့ကြသည်၊၊

   ပါဠိဝေါဟာရစကားလုံးများကို မြန်မာတို့ကသာအလေးအနက်တန်ဖိုးထားပြီး နေ့စဉ်သုံးစကားများတွင် ထည့်သွင်း၍ ပြောဆိုကြသည်ဟု အထင်ရှိခဲ့ဖူးသည်၊၊ သီရိလင်္ကာနိုင်ငံသို့ရောက်သောအခါတွင်မှ မြန် မာတို့ထက် သီရိလင်္ကာလူမျိုးတို့က ပါဠိစာပေဝေါဟာရများကိုပိုမို၍နှစ်သစ်ပြီး၊ အလေးအနက်ထား အသုံးပြုသည်ကို သတိပြုမိတော့သည်၊၊

  သို့သော် သီရိလင်္ကာလူမျိုးတို့သည် ပါဠိဝေါဟာရများကိုအသုံးပြုရာတွင် မြန်မာတို့ကဲ့သို့စကားလုံး တိုက်ရိုက်အသုံးမပြုဘဲ ဒေသအသံထွက် များနှင့်ရောနှောပြီး အသုံးပြုကြလေသည်၊၊ ဥပမာ မြန်မာတို့ သည် တစ်စုံတစ်ခုသောအကြောင်းကြောင့်ဆင်မပြေဖြစ်လျင် “ဒုက္ခ,ဒုက္ခ”ဟုဆိုကြ သည်၊၊ သီရိ လင်္ကာတို့ကမူ“ဒုက္ခိုက်,ဒုက္ခိုက်”ဟု ဆိုကြလေသည်၊၊

    ပါဠိစကားလုံးဝေါဟာရအားဖြင့် “တစ်နံပတ်=ဧက”ကို ‘ဧကိုက်’၊ “နှစ်နံပတ်=ဒွေ”ကို ‘ဒေကိုက်’၊ “သုံးနံပတ်=တေ”ကို ‘တူနိုက်’စသည်အားဖြင့် ဂဏန်းဝေါဟာရများတွင်လည်း ပါဠိဝေါဟာရကိုပင် ဒေသသံရောလျက် အသုံးပြုကြလေသည်၊၊

   ထို့ပြင် ထမင်းစားသည်ကို ပါဠိဝေါဟာရအားဖြင့် ‘ခါဒတိ’ဟု ခေါ်သည်ကို သီရိလင်္ကာတို့သည် ထမင်း စားရန်ပြောသောအခါ  ‘ခါန၀’ဟု၎င်း၊ ရေသောက်သည်ကို‘ဘောန၀’ဟု၎င်း၊ အိပ်သည်ကို‘နိတိ’ဟု၎င်း၊ သွားသည်ကို‘ယာန၀’၊ လာသည်ကို‘ဧန၀’ဟု၎င်း၊ ပါဠိစကားလုံးများ ကိုချည်း အသုံးပြုထားကြသည်ကို လေ့လာရသည်၊၊

   လူနာမည်များကိုလည်း ပါဠိလိုအမည်မှည့်ခေါ်ကြသည်ကို တွေ့ရသည်၊၊ မြန်မာတို့သည် ပါဠိစကားလုံး ဆိုလျင် ဘုရားစကားတော်များဖြစ်သည်ဟု တချို့ဝေါဟာရများကို မသုံးရဲကြပေ၊၊ သီရိလင်္ကာတို့ကမူ ပါဠိစကားလုံးတိုင်းကို ရဲရဲဝံ့ဝံ့အသုံးပြုကြလေသည်၊၊

   သီရိလင်္ကာနိုင်ငံ၊ မကုဋာရာမမြန်မာကျောင်းတွင်ကပ်နေသည့် အရက်သမားကပ္ပိယကြီး၏ အမည် သည် “တဏှင်္ကရ”ဟူ၍မှည့်ထားပါသည်၊၊ မြန်မာစာသင်သားသံဃာတော်တို့ ဘုရားဖူးနှင့်ဟိုဟိုသည် သည်သွားရာတွင် အသုံးပြုငှားရန်းသည့်ကားသမားလေး၏အမည်သည် “ဇနက”ဟူ၍ခေါ်ပါသည်၊၊

  အခြား “သိဒ္ဓတ္ထ”ဟူ၍နာမည်မှည့်ထားသူ၊ “ရာဟုလ”အမည်မှည့်ထားသူများကိုလည်းတွေ့ရသည်၊၊ ထိုအမည်များအားလုံးပင် နှစ်ကျိပ်ရှစ်ဆူ ဘုရားအမည်နှင့် ရဟန္တာသာဝကကြီးများ၏အမည်များဖြစ်ပါ သည်၊၊ အမျိုးသ္မီးအမည်များသည်လည်း ပါဠိအမည်များဖြစ်ပါသည်၊၊

    သီရိလင်္ကာ ဘာသာဗေဒပညာရှင်တို့၏အဆိုအရ သီရိလင်္ကာ၏နေ့စဉ်သုံးဝေါဟာရစကားလုံးတစ်ရာမှ ရှစ်ဆယ်ရာခိုင်နှုံးသည် ပါဠိသက်ဝေါဟာရများချည်းသာဖြစ်ကြောင်း သိရပါသည်၊၊ ကျန်နှစ်ဆယ်ရာ ခိုင်နှုံးသည် “တမီးလ်”နှင့်၊ “သက္ကတ”ဝေါဟာရများဖြစ်ကြောင်း လေ့လာသိရှိရပါသည်၊၊

   သမိုင်းအထောက်အထားများအရ မြန်မာတို့သည်ထေရ၀ါဒဗုဒ္ဓဘာသာကို သီရိလင်္ကာများအထံမှ ရရှိထားသည်ဖြစ်ရကား သီရိလင်္ကာ လူမျိုးတို့၏အတုကိုလိုက်၍ ပါဠိဝေါဟာရစကားလုံးများကို အလေး ထားပြီး၊ အသုံးပြုခဲ့ကြဟန်ရှိကြောင်း အကဲခပ်ရပါသည်၊၊

   “အလင်းစက်အရှင်”နှင့်ခင်မင်သည့် သီရိလင်္ကာလှပျိုဖြူလေး၏အမည်သည် “အဘယရတနာ”ဟုခေါ် ပါသည်၊၊ ပုဂံရာဇ၀င်အဆိုအရ မြန်မာတို့ ချစ်မငြီးသည့် “ကျန်စစ်သားမင်းကြီး”တွင် မိဖုရားအချောအလှ လေးယောက်မျှရှိသည်ဟု ဆိုပါသည်၊၊

   အကြီးဆုံးမိဗုရားခေါင်ကြီးကို“အပါယ်ရတနာ”ဟု ခေါ်ပါသည်၊၊ မြန်မာသမိုင်းပညာရှင်တစ်ဦးမှ“အပါယ် ရတနာမိဗုရားကြီး”နှင့်ပတ်သက်၍ မြုပ်ကွယ်နေသည့်သမိုင်းအချက်အလက်တစ်ခုကို ဆွေးနွေးထား သည်ကို မဂ္ဂဇင်းတစ်စောင်တွင်ဖတ်ရဖူးပါသည်၊၊

   အပါယ်ရတနာသည် မြန်မာလူမျိုးမဟုတ်ဘဲ၊ သီရိလင်္ကာနိုင်ငံဟုယ္ခုအခါခေါ်သည့်၊ ရှေးခေတ်အခေါ် “တမ္ဗဒီပ”နိုင်ငံတော်မှ သီရိလင်္ကာတို့ အခေါ်အားဖြင့် “ရာမညဘုရင်-ကျင်စွတ်သား”အားဆက်သထား သည့်“တမ္ဗဒီပ”လှပျိုဖြူတစ်ပါးသာဖြစ်ကြောင်း၊ အမည်စင်စစ်မှာ “အဘယရတနာ” ဟုခေါ်တွင် ကြောင်း ဆွေးနွေးတင်ပြထားပါသည်၊၊

   အကြောင်းပြချက်အနေအားဖြင့် အကုသိုလ်များသဖြင့် ကျရောက်ခံစားရမည့်အပါယ်လေးမျိုးကို မည် သူကမှ“ရတနာ”တပ်၍ ခေါ်ဆိုမည် မဟုတ်ဘဲ၊ “အဘယရတနာ”ဟူသောအမည်ကသာ ခေတ်များစွာ ပြောင်းလဲပြီး၊ သဒ္ဒဗေဒပိုင်းဆိုင်ရာအသံပြောင်းလဲရာမှ “အဘယ်ရတနာ” (သို့မဟုတ်)“အပါယ်ရတ နာ”ဟုခေါ်တွင်ခဲ့ကြဟန်ရှိကြောင်း ဆိုပါသည်၊၊

  သမိုင်းကြောင်းအရ အနော်ရထာခေတ်တွင် သီရိလင်္ကာတို့သည် မြန်မာတို့အထံမှစစ်ရေးအကူအညီ များစွာကို အကူအညီတောင်းခဲ့ ရသောကြောင့်၎င်း၊ ရှေးခေတ်ဘုရင်များသည်သ္မီးဆက်သ၍ အင်အား ကြီးသည့် တိုင်းခြားဘုရင်များကိုမိတ်ဖွဲ့သော အစဉ်အလာရှိခဲ့ သောကြောင့်၎င်း ဖြစ်နိုင်ခြေရှိသည်ဟု ဆိုပါသည်၊၊

   ပါဠိဝေါဟာရများကို နေ့စဉ်သုံးစကားတွင် သီရိလင်္ကာနိုင်ငံနှင့်မြန်မာနိုင်ငံတို့ အသုံးပြုကြပုံခြင်းတူပုံကို ထင်သာသည့် အကြောင်းကို တင်ပြခြင်းဖြစ်ပါသည်၊၊

  “အများအကျိုးပြုလုပ်ငန်း”ဟု မြန်မာလိုအသုံးပြုလျင်ပြည့်စုံနေပါလျက်နှင့် “ပရဟိတ”ဟူ၍ပါဠိဝေါဟာ ရကိုအသုံးပြုလိုက်သဖြင့် ပို၍မြင့်မြတ်သည့်လုပ်ငန်းတစ်ခု၊ လေးနက်သည့်အလုပ်တစ်ခုဟူ၍ မြန်မာ လူမျိုးတို့ယူဆကြီး “ပရဟိတ”နာမည်တပ်၍ အသင်းကြီးအသင်းငယ်များ၊ အဖွဲ့အစည်းများ၊ လုပ်ငန်း များကို ခေါ်ဆိုလေ့ရှိကြပါသည်၊၊

   စာဖတ်လေ့လာကြသူများအထဲတွင် ပရဟိတလုပ်နေသူများစွာပင်ရှိ ကြောင်း သိရပါသည်၊၊ မည်သို့သောအလုပ်ကို ပရဟိတဟူ၍ခေါ်ကြောင်းနှင့်၊ ပရဟိတလုပ်လိုသူ တစ်ယောက်တွင် ရှိရမည့်စိတ်ဓာတ်နှင့်လုပ်ဆောင်ချက်ကိုမေးကြသူများလည်း ရှိပါသည်၊၊

  အရှင်အနေဖြင့် “ပရဟိတ”အကြောင်းကို ပါဠိစာပေတွင်ဖော်ပြထားသည့်အတိုင်း အသေးစိတ်တင်ပြ ဆွေးနွေးပါမည်၊၊ “ပရဟိတ” ပါဠိဝေါဟာရကိုနားလည်ရန်အတွက် “အတ္တဟိတ”ဝေါဟာရနှင့် နှိုင်းယှဉ်၍ လေ့လာရပါမည်၊၊

   အတ္တဟိတပုဒ်ကို“ကိုယ်ကျိုး”ဟူ၍ လေ့လာရပါသည်၊၊ ပရဟိတပုဒ်ကို“အခြားသူ၏အကျိုး”ဟူ၍ မူရင်း ပါဠိပုဒ်၏ အဓိပ္ပါယ်ဖွင့်ဆိုချက်ဖြင့် သိရပါသည်၊၊ စကားလုံး၏ရင်းမြစ်ကိုလေ့လာကြည့်လျင် “အတ္တ ဟိတ”ကို မိမိ၏ကိုယ်ကျိုးပြုလုပ်ငန်းဆောင်ရွက်ချက်ဟုဆိုလိုကြောင်း သိရပါသည်၊၊
(အင်္ဂလိပ်လို အတ္တဟိတကို Self Welfare, ပရဟိတကို Social Welfareဟု ဘာသာပြန်နိုင်ပါသည်၊၊ တချို့ပါဠိစကားလုံးများကို အင်္ဂလိပ်လိုဘာသာပြန်လိုက်လျင် ပို၍နားလည်ရလွယ်ကူသောကြောင့် အင်္ဂ လိပ်လိုမှတ်လိုသူများ မှတ်သားနိုင်ပါသည်၊၊)

   “ပရဟိတ”ဟူသည်မှာ အများအကျိုးပြုလုပ်ငန်းဆောင်ရွက်ချက်ဟူ၍ ယေဘုယျအဓိပ္ပါယ်သတ်မှတ် နိုင်ကြောင်း လေ့လာရပါသည်၊၊

  ပရဟိတအကြောင်းကို မြတ်စွာဘုရားရှင်သင်ပြထားသည့် ဟောပြောပို့ချချက်များအတိုင်းမလေ့လာမှီ “လူတစ်ယောက်၏ဘ၀တွင် အတ္တဟိတနှင့် ပရဟိတမည်သည်က ပို၍အရေးပါကြောင်းကိုသုံးသပ်ရန် အထူးလိုအပ်ပါသည်၊၊”

   သက္ကတကျမ်းများတွင် လူတစ်ယောက်၏ဘ၀အတွက် အတ္တဟိတသည်ပို၍အရေးပါကြောင်းကို ဖော်ပြ ထားသည်ကို လေ့လာရပါသည်၊၊ အတ္တဟိတကိုပြည့်စုံလုံလောက်သည်အထိ ကျိုးစားဖြည့်ဆည်းပြီးမှ ပရဟိတကိုလုပ်သင့်ကြောင်း ဆိုထားပါသည်၊၊

   ပါဠိစာပေတွင် ထိုကဲ့သို့ဖော်ပြချက်တစ်စုံတစ်ရာကိုမတွေ့ရသော်လည်း အတ္တဟိတကိုပြည့်စုံစေရန် မဖြည့်ဆည်းဘဲ ပရဟိတကိုလုပ်သူထက်၊ အတ္တဟိတကိုအောင်မြင်တိုးတက်ရန်ကျိုးစားသူကသာ ပို၍မြင့်မြတ်သည်ဟု ဖော်ပြထားသည်ကိုတွေ့ရပါသည်၊၊

  အနှစ်ချုပ်ဆွေးနွေးရလျင် အတ္တဟိတကိုခိုင်မာအောင် တည်ဆောက်ကျိုးစားပြီးမှသာ ပရဟိတကိုကျိုး စားသင့်သည်ဟု မှတ်ယူရပါမည်၊၊ အကြောင်းမှာ “အတ္တဟိတ(ခေါ်)ကိုယ်တိုင်တွင်ပြည့်စုံမှုမရှိဘဲ၊ ပရဟိတကိုခြေလှမ်းမိလျင် ထိုပရဟိတအထဲမှ ကိုယ်ကျိုးရှာမိတတ်သောကြောင့် ဖြစ်ပါသည်၊၊”

  မှန်ပါသည်၊၊ များစွာသောပရဟိတအဖွဲ့အစည်းကြီးများတွင် ထိုကဲ့သို့ကိုယ်ကျိုးရှာမိကြရာမှ ပြဿနာများစွာဖြစ်ပေါ်ပြီး အဖွဲ့အစည်း ရည်ရွယ်ချက်များပျက်ပြားရုံမျှမက၊ အဖွဲ့ပျက်ပြားကြသည်အထိပြဿနာ ကြီးများဖြစ်လေ့ရှိကြသည်ကို တွေ့ရပါသည်၊၊

  ကမ္ဘာလောကအတွင်း ပေါ်ပေါက်ခဲ့ဖူးသမျှပရဟိတပါရမီရှင်များအထဲတွင် ဗုဒ္ဓရှင်တော်သည် စံနမူနာ ပြုရန်အကောင်းဆုံး ပရဟိတသမားဖြစ်ကြောင်း ဆိုကြပါသည်၊၊ ဗုဒ္ဓ၀င်ကျမ်းများကို စနစ်တကျလေ့ လာကြည့်လျင် ဗုဒ္ဓရှင်တော်သည်လည်း အတ္တဟိတကို အကောင်းဆုံးပြည့်စုံသည်အထိ ဖြည့်ဆည်း ကျိုးစားပြီးမှ အဆုံးစွန်အောင်မြင်သည့်ပရဟိတလုပ်ငန်းကို ပြုလုပ်သွားသူဖြစ်ကြောင်း တွေ့ရပါသည်၊၊

   အထက်ပါဆွေးနွေးတင်ပြချက်နှင့် သာဓကများကိုသုံးသပ်၍ တိကျသည့်အဖြေကိုထုတ်ကြည့်လျင် လူတစ်ယောက်၏ဘ၀တွင် အတ္တဟိတ(ခေါ်)မိမိဘ၀ပြည့်စုံမှုကို ဦးစွာအလေးထားပြီး၊ ကျိုးစားဖြည့် ဆည်းသင့်ကြောင်း မှတ်သားရပါမည်၊၊

    မိမိဘ၀တွင် အခြေခံလိုအပ်ချက်များကို ခိုင်မာပြည့်စုံသည်အထိကျိုးစားပြီးမှသာ ပရဟိတလုပ်သင့် ကြောင်းနှင့်၊ သို့မှသာလျင် အောင်မြင်ပြီး၊ အများလေးစားအတုယူအားကျရလောက်သည့် ဖြောင့်မတ် မှန်ကန်တိကျသော ပရဟိတသမားကောင်းတစ်ယောက်ဖြစ်နိုင်ကြောင်း ဆွေးနွေးတင်ပြလိုက်ရပါ သည်၊၊              
          
   ပရဟိတနှင့်ဆက်စပ်၍ မူလဝေါဟာရများတည်ရှိရာ ပါဠိစာပေကျမ်းစာများတွင် အောက်တွင်ဆွေးနွေး တင်ပြထားသည့်အတိုင်း တွေ့ရပါသည်၊၊

   ကမ္ဘာလောကတွင် လူအမျိုးအစား(၄)မျိုးရှိသည်ဟု “အတ္တဟိတသုတ်”တွင် ဖော်ပြထားပါသည်၊၊ အတ္တဟိတသုတ်တွင် အကျဉ်းမျှ ဖော်ပြထားသည်ကို “ရာဂ၀ိနယသုတ်”နှင့်အခြားသုတ်ပေါင်းများစွာတွင် အသေးစိတ်အကျယ် ဖွင့်ဆိုထားသည်ကို လေ့လာရပါသည်၊၊

 “လူ(၄)မျိုး”
(၁) ကိုယ်ကျိုးတစ်ခုတည်းကိုသာပြုလုပ်သူ၊ (အတ္တဟိတသမား)
(၂) အခြားသူ၏အကျိုးကိုသာပြုလုပ်သူ၊ (ပရဟိတသမား)
(၃) ကိုယ်ကျိုးလည်းမပြုလုပ်၊ အများအကျိုးလည်းမပြုသူ၊ (လူမိုက်)
(၄) ကိုယ်ကျိုးပြုလုပ်၍၊ အများအကျိုးလည်းပြုသူ၊ (လူလိမ္မာ)

 လူအမျိုးအစား(၄)မျိုးတွင် ပရဟိတတစ်ခုတည်းကိုသာပြုသူသည် မြတ်သည်ဟုဆိုပါသည်၊၊ အတ္တဟိ တတစ်ခုတည်းကိုပြုလုပ်သူသည် ပရဟိတသီးသန့်ပြုသူထက်ပို၍ မြတ်သည်ဟုဆိုပါသည်၊၊

 အတ္တဟိတလည်း မပြုလုပ်၊ ပရဟိတလည်းမပြုလုပ်သူသည် ယုတ်မာသူ၊ လူမိုက်ဟုခေါ်ဆိုရပြီး၊ အစွန်းနှစ်ဘက်တွင်မီးတောက်နေပြီး၊ အလည်တွင်မစင်ပေကျံနေသည့် တုတ်ခြောင်းနှင့်တူသည်ဟု ဖော်ပြထားပါသည်၊၊

  အတ္တဟိတကိုပြည့်စုံစေပြီး၊ပရဟိတကိုပြုသူသည် လူလေးမျိုးတို့တွင် အသာဆုံးအမြတ်ဆုံးလူမျိုးဖြစ် သည်ဟု မှတ်ချက်ပေးထားသည်ကို တွေ့ရပါသည်၊၊ ထို့ကြောင့် ပရဟိတလုပ်ငန်းတွင် စိတ်ဝင်စား သည့် စာဖတ်သူများ သင့်တော်သည့်ရွေးချယ်မှုကို ပြုနိုင်ပြီဟုယူဆပါသည်၊၊

  မူလပါဠိစာပေတစ်ရပ်လုံးတွင် အသုံးပြုဖော်ပြထားသည့် “ပရဟိတ”စကားလုံးသည် နယ်ပယ်များစွာ ကျယ်ဝန်းသည်ကို တွေ့ရပါသည်၊၊ ဗုဒ္ဓအဘိဓမ္မာတွင် “ငါ”နှင့် “အခြားသူ”ဟူ၍မရှိဘဲ ခန္ဓာငါးမျိုးတို့ အချိုးကျ ဖွဲ့စည်းတည်ဆောက်ထားသည်ကို “လူ”ဟူ၍ခေါ်ဆိုသည်ဖြစ်ရကား မိမိကိုယ်တိုင်ထမင်းဆာ သဖြင့် ထမင်းစားသည်ကိုပင် ပရဟိတဟူ၍ခေါ်နိုင်ကြောင်း မှတ်သားရပါသည်၊၊

  အခြားသော မိမိဘ၀ပြည့်စုံမှုအတွက် ပညာသင်ယူခြင်း၊ စီးပွားရှာဖွေခြင်း၊ မိသားစုကိုပြုစုလုပ်ကျွေး ခြင်းများကို ပရဟိတဟူ၍ခေါ်ဆိုနိုင်ကြောင်းကို သိသာလှပါတော့သည်၊၊ အင်္ဂလိပ်စာပေတွင် Charity Begins at Home.ဟုဆိုပါသည်၊၊ “ဒါနဆိုတာ မိမိအိမ်မှစတင်ပြုလုပ်ရသည်ဟု ဆိုလိုပါသည်၊၊”

 ထို့ကြောင့် ပရဟိတဟူသည်မှာ အဖွဲ့အစည်းကြီးများတည်ထောင်၍ ဆိုင်းဘုတ်နာမည်ကြီးကြီးများချိပ် ဆွဲပြီးလုပ်ကိုင်မှ မဟုတ်ပေ၊ မိမိဘ၀အတွက် ပြည့်စုံအောင်ကျိုးစားခြင်းများ၊ မိသားစုကိုလုပ်ကျွေးခြင်း များအားလုံးပင် ပရဟိတနယ်ပယ်တွင် ပါဝင်လေသည်၊၊

   ထို့ထက်ပို၍အစွမ်းရှိခဲ့ပါလျင် လူသားအကျိုးပြုလုပ်ငန်းများ၊ ပတ်ဝန်းကျင်ထိမ်းသိမ်းရေးလုပ်ငန်းများ၊ ပညာရေးထောက်ပံ့မှုလုပ်ငန်းများ၊ ဘာသာရေးအလှူဒါနလုပ်ငန်းများ၊ ကျန်းမာရေးစောင့်ရှောင့်မှုလုပ် ငန်းများတွင် ကိုယ်စိတ်နှစ်၍လုပ်ကိုင်နိုင်သူဖြစ်ပါမူ အတိုင်းထက်အလွန်လောက တာဝန် ကျေပွန်သူ၊ လူလိမ္မာဟူ၍ ခေါ်ဆိုထိုက်ပါတော့သည်၊၊

  ဤတွင် ပရဟိတအကြောင်း လေ့လာတင်ပြချက်စာတမ်းသည် အတိုင်းအတာတစ်ခုမျှပြည့်စုံပြီဟု ယူဆပါသည်၊၊ အလင်းစက်အရှင်၏ အမြင်ကိုတင်ပြပါပါမူ လူတိုင်းလူတိုင်းသည် မိမိဘ၀ပြည့်စုံမှုကို ထိထိရောက်ရောက် ကျိုးစားသင့်လှပါသည်၊၊

ကျိုးစားအောင်မြင်ပြီးမှသာလျင် ပတ်ဝန်းကျင်နှင့်လောကအကျိုးအများအကျိုး စွမ်းအားရှိသမျှပြုလုပ် သင့်သည်ဟု ယူဆပါသည်၊၊ ထိုသို့မဟုတ်မူဘဲ ပညာရေးတစ်ပိုင်းတစ၊ စီးပွားရေးတစ်ပိုင်းတစမျှနှင့် ဘ၀တွင်ယောင်ဝါးဝါးဖြင့်အဆုံးမသတ်သင့်ဟု မြင်ပါသည်၊၊

  “အလင်းစက်”ရေးသားသမျှစာတမ်းများသည် ပညာရပ်သုတေသနဆန်စွာ ပညာရေးရှုဒေါင့်ဖြင့်ချည်း ကပ်တင်ပြသည့်အတွက် ဘာသာရေးနှင့် ဘာသာရေးစာပေများအပေါ်တွင်  ရိုးရာအစွဲရှိသူများအနေ ဖြင့် ကြမ်းရှသည့်ရေးသားဟန်များအဖြစ် မြင်ရတတ်ပါသည်၊၊

  ထို့အပြင် ရေးသားမှုတွင် အမှားပြုပြင်ဖွယ်ရာများနှင့်၊ မူလစာပေ၏အာဘော်နှင့်လွဲချော်သည့်ရေးသား ချက်များတွေ့ရှိလျင် အကြံပြုဆွေး နွေးကြဖို့ရိုးသားပွင့်လင်းစွာ ဖိတ်ခေါ်အပ်ပါသည်၊၊

  ဗုဒ္ဓစာပေနှင့်အတွေးအခေါ်များကို လေ့လာဖတ်ရှုကြသူများအားလုံးတို့သည် ဗုဒ္ဓစာပေဖြင့် မိမိတို့၏ဘ၀ကို အလင်းပေးနိုင်သူများဖြစ်ကြပြီး၊ ကမ္ဘာ့လူအများကိုလည်း စာပေအလင်း၊ ဘ၀အလင်းပေးနိုင်သူများဖြစ်ကြပါစေကြောင်း ဆုတောင်းပေးလျက်စာတမ်းကို အဆုံးသတ် လိုက်ရပါသည်၊၊           ၊၊

{ကျမ်းညွန်း/ အဂုင်္တ္တရနိကာယ်၊ စတုက္ကနိပါတ-ဆ၀ါလာတသုတ်၊ ခိပ္ပသန္တိသုတ်၊ အတ္တဟိတသုတ်၊ သိက္ခာပဒသုတ်နှင့်၊၊ ပဉ္စကနိပါတ-ပ.ဒု.တ.စ.ပဉ္စမဟိတသုတ်၊၊ အဌကနိပါတ-မဟာနာမသုတ်၊ ဇီဝကသုတ်တို့ကိုကိုးကားလျက် ဤစာတမ်းကိုရေးသားအပ်ပါသည်၊၊}

{စာကြွင်း}       
စာတမ်း၏အစပိုင်းတွင် “ပရဟိတ”ဟူသောစကားလုံးဝေါဟာရသည် အနက်အဓိပ္ပါယ်ကျယ်ပြန့်သည် ဟုဆိုခဲ့ပါသည်၊၊ ဆက်လက်၍ “ပရဟိတ”စကားလုံး၏ လေးနက်ကျယ်ပြန့်သည့်အဓိပ္ပါယ်ဖွင့်ဆိုချက် များကို မူလကျမ်းများအတွင်ဖွင့်ဆိုထားသည့်အတိုင်း တင်ပြလိုက်ပါသည်၊၊
ယ္ခုအခါ “ပရဟိတ”နှင့်ဆက်စပ်၍ မူလသုတ်များတွင်ဖော်ပြထားသည်ကို တင်ပြဆွေးနွေးပါမည်၊၊ ဆွေးနွေးတင်ပြပါ သုတ်များအားလုံးသည် မြတ်စွာဘုရားရှင် သင်ပြဟောပြောထားသည့် ပါဠိတော် သုတ်များ ဖြစ်ပါသည်၊၊ (သုတ္တ=သုတ်=story)

ရာဂ၀ိနယသုတ်တွင် လူ(၄)မျိုးနှင့်ဆက်စပ်၍ အောက်ပါအတိုင်းဖွင့်ဆိုပါသည်၊၊
ကိုယ်တိုင်တပ်မက်မှု၊ အမျက်ထွက်မှု၊ တွေဝေမှုကင်းအောင် ကျိုးစားပြီး၊ အခြားသူတို့အား တပ်မက်မှု၊ အမျက်ထွက်မှု၊ တွေဝေမှုများမှ ကင်းဝေးအောင် မတိုက်တွန်းသူသည် အတ္တဟိတကိုသာဖြည့်ဆည်း သူဟု ခေါ်ပါသည်၊၊

  ကိုယ်တိုင်တပ်မက်မှု၊ အမျက်ထွက်မှု၊ တွေဝေမှုကင်းအောင်ကျိုးစားမှုမရှိဘဲ၊ အခြားသူများအား တပ် မက်မှု၊ အမျက်ထွက်မှု၊ တွေဝေမှုကင်းသင့် ကြောင်းတိုက်တွန်းသူမျိုးကို ပရဟိတကိုဖြည့်ဆည်းသူဟု ခေါ်ပါသည်၊၊

  ကိုယ်တိုင်လည်း တပ်မက်မှု၊ အမျက်ထွက်မှု၊ တွေဝေမှုကင်းဝေးစေရန်မကျိုးစား၊ အခြားသူများကို လည်း မတိုက်တွန်းသောသူမျိုးသည် အတ္တဟိတလည်းမရှိ၊ ပရဟိတကိုလည်းမပြုသူ ဟုခေါ်ပါသည်၊၊

  ကိုယ်တိုင်နှင့်အခြားသူများကိုပါ တပ်မက်မှု၊ အမျက်ထွက်မှု၊ တွေဝေမှုများမှကင်းဝေးစေရန်ကျိုးစား တိုက်တွန်းသူမျိုးကို နှစ်ဘက်လှအတ္တဟိတ နှင့်ပရဟိတပြည့်စုံသူဟု ခေါ်ဆိုပါသည်၊၊

   ခိပ္ပနိသန္တိသုတ်တွင် ပရဟိတနှင့်ဆက်စပ်၍ လူအမျိုးအစား(၄)မျိုးကို အောက်ပါအတိုင်းဖော်ပြထား သည်ကို တွေ့ရပါသည်၊၊

  လူအချို့သည် အကျိုးနှင့်အပြစ်ကို နားလည်သည်၊ ပညာတတ်သည်၊ ကိုယ်ကျင့်ကောင်းသည်၊ သို့သော် အပြောအဆိုမတတ်၊ အခြားသူများ၏ အကျိုးစီးပွားကို မညွန်ပြတတ်၊၊ ထိုကဲ့သို့သော လူမျိုးများကို အတ္တဟိတကိုဖြည့်ဆည်းသူဟု ခေါ်ဆိုပါသည်၊၊

   လူအချို့သည် အပြောအဆိုကောင်းသည်၊ အခြားသူများ၏အကျိုးကို ညွန်ပြတတ်သည်၊၊ သို့သော် ကိုယ့်အတွက် အကျိုးနှင့်အပြစ်ကို နားလည်မှုမရှိ၊ ပညာမတတ်၊ ကိုယ်ကျင့်တရားမရှိ၊၊ ထိုကဲ့သို့သော လူမျိုးများကို ပရဟိတကိုဖြည့်ဆည်းသူဟု ခေါ်ပါသည်၊၊

   လူအချို့သည် အကျိုးနှင့်အပြစ်ကို နားလည်မှုမရှိ၊ ပညာမတတ်၊ ကိုယ်ကျင့်တရားမရှိ၊၊ ထို့အပြင် အခြားသူအပေါ်တွင်လည်း အပြောအဆိုမတတ်၊ အကျိုးစီးပွားကိုမညွန်ပြတတ်၊ ထိုသူမျိုးသည် အတ္တ ဟိတနှင့်ပရဟိတနှစ်မျိုးလုံး မရှိသူဟုခေါ်ပါသည်၊၊

  လူအချို့သည် အကျိုးနှင့်အပြစ်ကို နားလည်သည်၊ ပညာတတ်သည်၊ ကိုယ်ကျင့်တရားကောင်းသည်၊၊ အခြားသူများအပေါ်တွင် အပြောအဆိုလိမ္မာပါးနပ်သည်၊ အကျိုးစီးပွားကို ညွန်ပြတတ်သည်၊၊ ထိုကဲ့သို့ သောလူမျိုးကို ပရဟိတနှင့်အတ္တဟိတနှစ်မျိုးလုံးတွင် ကျွမ်းကျင်သူ ဟုဆိုပါသည်၊၊

  သိက္ခာပဒသုတ်တွင် ဖော်ပြထားသည့်ပရဟိတနှင့်ဆက်စပ်သည့် သင်ပြချက်ကိုအောက်ပါအတိုင်း လေ့လာနိုင်ပါသည်၊၊

   ကိုယ်တိုင် ငါးပါးသီလကိုစောင့်ထိမ်းပြီး၊ အခြားသူများအားစောင့်ထိမ်းရန်အတိုက်တွန်းသူကို အတ္တ ဟိတကိုသာ ကျင့်သုံးသူဟုခေါ်ပါသည်၊၊
ကိုယ်တိုင်က ငါးပါးသီလကိုစောင့်ထိမ်းမှုမရှိဘဲ၊ အခြားသူများအားစောင့်ထိမ်းရန် တိုက်တွန်းသူမျိုးကို ပရဟိတကိုဖြည့်ဆည်းသူဟု ခေါ်ပါသည်၊၊
ကိုယ်တိုင်လည်း သီလမရှိ၊ အခြားသူများအားလည်း သီလရှိစေရန်တိုက်တွန်းမှုမရှိသောသူမျိုးသည် အတ္တဟိတနှင့်ပရဟိတနှစ်မျိုးလုံး မရှိသူဟုဆိုပါသည်၊၊

   ကိုယ်တိုင် သီလစောင့်ထိမ်းပြီး အခြားသူများအားလည်း စောင့်ထိမ်းရန်တိုက်တွန်းသူမျိုးကို ပရဟိတ နှင့်အတ္တဟိတနှစ်မျိုးလုံးပြည့်စုံသူဟု ခေါ်ပါသည်၊၊

   အခြားသော ပရဟိတနှင့်ဆက်စပ်သည့် သုတ်များစွာလည်းရှိပါသေးသည်၊၊ ပ.အင်္ဂုတ္တရနိကာယ်တွင် ပထမ.ဒု.တ.စ.ပဉ္စမသုတ်တို့တွင် အောက်ပါအတိုင်းလေ့လာရပါသည်၊၊

   သီလ၊ သမာဓိ၊ ပညာ၊ ၀ိမုတ္တိ၊ ၀ိမုတ္တိညာဏဒဿနဟူသော တရားငါးမျိုးတို့ကို ကိုယ်တိုင်၏ဘ၀တွင် ဖြစ်ပေါ်အောင်ဖြည့်ဆည်းသူကို အတ္တဟိတပြုသူဟု ခေါ်ပါသည်၊၊ အခြားသူ၏ဘ၀အတွက် ဖြည့်ဆည်း ပေးသူမျိုးကို ပရဟိတလုပ်သူဟု ခေါ်ပါသည်၊၊

 အတ္ထကနိပါတ၊ မဟာနာမသုတ်တွင် မဟာနာမ်သာကီဝင်မင်းကြီးသည် မြတ်စွာဘုရားအား အဘယ်သူသည် အတ္တဟိတကိုကျင့်သုံးမည်ပါသနည်း၊ မည်သူသည်ပရဟိတကိုကျင့်သုံးသူမည်ပါ သနည်းဟု မေးသည်ကို မြတ်စွာဘုရားရှင်သည် တိကျစွာဖြေကြားတော်မူခဲ့ပါသည်၊၊

အတ္တဟိတ=ကိုယ်ကျိုးတစ်ခုတည်းကို ကျင့်သုံးသူ၊၊    ၊၊
(၁) ကိုယ်တိုင် သဒ္ဓါ သီလ၊ စာဂနှင့်ပြည့်စုံ၍ အခြားသူကိုပြည့်စုံစေရန် မတိုက်တွန်းသူ၊
(၂) ကိုယ်တိုင်သံဃာကိုဖူးမြင်လို၍၊ သူတစ်ပါးတို့ဖူးမြင်ခွင့်ရစေရန်အားမထုတ်သူ၊
(၃) ကိုယ်တိုင်သူတော်ကောင်းတရားနာလို၍၊ အခြားသူတို့နာယူခွင့်ရစေရန် အားမထုတ်သူ၊
(၄) ကိုယ်တိုင်တရားစကားကိုမှတ်သားမှုရှိပြီး၊ သူတစ်ပါးတို့ကိုမှတ်သားရန်မတိုက်တွန်းသူ၊
(၅) ကိုယ်တိုင်ဆင်ခြင်သုံးသပ်တတ်ပြီး၊ သူတစ်ပါးကိုဆင်ခြင်သုံးသပ်ရန် မတိုက်တွန်းသူ၊
(၆) ကိုယ်တိုင်တရားအားလျော်စွာကျင့်သုံး၍၊ သူတစ်ပါးကိုကျင့်သုံးရန်မတိုက်တွန်းသူ၊  
အထက်တွင်ဆွေးနွေးတင်ပြထားသည့် ခြောက်မျိုးသောလူတို့သည် အတ္တဟိတတစ်ခုတည်းကိုသာ ကျင့်သူများဖြစ်သည်ဟု မြတ်စွာဘုရားရှင်ညွန်ပြထားပါသည်၊၊

ပရဟိတ၊ အတ္တဟိတနှင့်ပြည့်စုံသူ၊၊        ၊၊     
(၁) ကိုယ်တိုင် သဒ္ဓါ သီလ၊ စာဂနှင့်ပြည့်စုံ၍ အခြားသူကိုပြည့်စုံစေရန် တိုက်တွန်းသူ၊
(၂) ကိုယ်တိုင်သံဃာကိုဖူးမြင်လို၍၊ သူတစ်ပါးတို့ဖူးမြင်ခွင့်ရစေရန်အားထုတ်သူ၊
(၃) ကိုယ်တိုင်သူတော်ကောင်းတရားနာလို၍၊ အခြားသူတို့နာယူခွင့်ရစေရန် အားထုတ်သူ၊
(၄) ကိုယ်တိုင်တရားစကားကိုမှတ်သားမှုရှိပြီး၊ သူတစ်ပါးတို့ကိုမှတ်သားရန်တိုက်တွန်းသူ၊
(၅) ကိုယ်တိုင်ဆင်ခြင်သုံးသပ်တတ်ပြီး၊ သူတစ်ပါးကိုဆင်ခြင်သုံးသပ်ရန် တိုက်တွန်းသူ၊
(၆) ကိုယ်တိုင်တရားအားလျော်စွာကျင့်သုံး၍၊ သူတစ်ပါးကိုကျင့်သုံးရန်တိုက်တွန်းသူ၊၊

အထက်တွင် တင်ပြဆွေးနွေးထားသည့် လူများသည်ပရဟိတနှင့်အတ္တဟိတနှစ်မျိုးလုံးကို ပြည့်စုံစွာ ကျင့်သုံးသူများဖြစ်သည်ဟု မြတ်စွာဘုရားရှင် သုံးသပ်တော်မူပါသည်၊၊  

  ဤမျှတင်ပြဆွေးနွေးခဲ့သည်များကို လေ့လာဖတ်ရှုပြီးလျင် ပရဟိတအကြောင်းကို ကောင်းကောင်းသ ဘောကျလောက်ပြီဟု ယူဆပါသည်၊၊ အခြားသော ပါဠိတော်၊ အဌကထာနှင့် ဋီကာကျမ်းများတွင် လည်း ပရဟိတအကြောင်းအရာကို များစွာပင်ဖွင့်ဆိုထားပါသေးသည်၊၊

စာဖတ်သူအနေဖြင့် ပရဟိတနှင့်ဆက်စပ်သည့် မူလမြတ်စွာဘုရားရှင်၏ ဟောပြောသင်ပြချက်များကို စနစ်တကျလေ့လာဖတ်ရှုပြီး၊ အတ္တဟိတနှင့်ပရဟိတဟူသည်ကို အသေးစိတ်နားလည်ပြီး၊ မိမိဘ၀ အတွက် အရေးပါသည်ကိုကျိုးစားဖြည့်ဆည်းနိုင်မည်ဟု ယူဆပါသည်၊၊ ပရဟိတလုပ်ငန်းများတွင် ၀ါသနာထုံသူဖြစ်ပါလျင်လည်း မြတ်စွာဘုရားရှင်ညွန်ပြထားသည့် ပရဟိတသမားကောင်းမျိုးဖြစ်စေ ရန်အထူးကျိုးစားသင့်ကြောင်း အကြံပြုရပါသည်၊၊
                                                                                           
                                                                                        အရှင်ကေဝလ(အလင်းစက်) {မဟာဝိဇ္ဇာ-သီရိလင်္ကာ}
 မကုဋာရာမမြန်မာကျောင်းတိုက်၊ကိုလံဘိုမြို့၊
 သီရိလင်္ကာနိုင်ငံ၊၊(08/06/2012)

 ရောက်လာသူအပေါင်းရွှင်လန်းချမ်းမြေ့ကြပါစေ..ရွှေဝန်းရတနာ
                     (၅.၇.၁၂)ကြာသာပတေးနေ့