Friday, January 10, 2014

HIV ကို အန်တုလို့ အသက်ဆက်ရှင်သန်အောင်နေထိုင်ကာ ချစ်ရသူ ယောင်္ကျားလေးနှင့် လက်ထပ်ခွင့်ရခဲ့တဲ့ မိန်းကလေးတစ်ဦး၏ အာဂသတ္တိ



ကျမနာမည် သီရိမာ ပါ။ အသက် ၃၇ နှစ် ရှိပြီ။ ကျမဟာ HIV ပိုးနဲ့ ဆက်လက် အသက်ရှင်သန်နေသူ တစ်ယောက် ဖြစ်ပါတယ်။ကျမ ဒီပိုးကို စတွေ့တာ ၂၀၀၇ ခု ၊ ၁ လပိုင်းတုန်းကပါ။သွေးအဖြေကို ဆရာဝန်ဦးအောင်သန်းဆီကရခဲ့တဲ့အချိန်ကဆိုရင် ကျမရဲ့ရင်ထဲမှာ တလောကလုံးကို ရန်သူ တစ် ယောက်လို မြင်ခဲ့ပါတယ်။ဝမ်းနည်းစိတ်၊ ကြောက်လန့်တဲ့စိတ်၊ အစိုးမရတဲ့ဒေါသတွေနဲ့ ဆောက်တည် ရာမရဖြစ်ပြီး မိသားစုနဲ့လဲအဆင်မပြေ ဖြစ်ခဲ့ရပါတယ်။

ကိုယ့်ရဲ့လိင်ဆက်ဆံဘက်ကိုလဲ သတ်ပစ်ချင်လောက် အောင် မုန်းတီးပေမဲ့
ကျမရဲ့ဘ၀က အဲဒီလို လုပ်ပိုင်ခွင့် မရခဲ့ပါဘူး။ ကျမရဲ့ သားနဲ့သမီးရဲ့ မျက်နှာကိုကြည့်ပြီး
ကိုယ့်ကိုယ်ကို သတ်သေမဲ့ အစီ အစဉ်လဲ ပျက်ခဲ့ရပါတယ်။ ဒီပိုး ငါ့ရဲ့ ခန္ဓာကိုယ်ထဲမှာ ရှိနေမှတော့
သေမှာဘဲ ဆိုတဲ့ ၀မ်းနည်းကြေ ကွဲမျက်ရည်ကျခဲ့ရတဲ့ ရက်တွေ တွက်ကြည့်မယ်ဆိုရင် မိန်းမတွေထဲမှာ
ကျမလောက် မျက် ရည်ပေါသူ ရှိမယ်တောင် မထင်ပါဘူး။

ကျမရင်ထဲမှာ တယောက်ယောက်ကို ရင်ဖွင့်ချင်နေတယ်။ မိသားစုကိုတော့
ပြောမပြချင်ဘူး။ ကျမမှာ အိမ်သားကလဲဆုံးတာ ၅ နှစ်လောက် ရှိပြီဆိုတော့ ကျမ ဒီစကားတွေကို
ရင်ဖွင့်နိုင်မဲ့သူ၊ ကျမရဲ့ မိတ် ဆွေ အပေါင်းအသင်းတွေထဲက ကျမကို နားလည်နိုင်မယ်ထင်တဲ့
“အောင်” ဆိုတဲ့လူတစ်ယောက် ကို ဖွင့်ပြောခဲ့မိတယ်။
ကျမငိုတာမြင်တော့ “အောင်” ကဘာပြောတယ်ထင်လဲ၊

“မငိုပါနဲ့ဟာ၊ ခုဆိုရင် နင့်မှာ ဒီပိုးရှိတယ်ဆိုတာ ငါတစ်ယောက်ဘဲ
သိတာ၊ နင့်ကို ဘယ်သူကမှ မသိ ဘူး” တဲ့။

“ငါအားပေးချင်တာက ကျန်းမာရေးကို နင် ဒီထက် ပိုဂရုစိုက်၊
ဒီရုပ် ဒီခန္ဓာကို ဆက်ပြီး ဒီိတိုင်းဖြစ် နေဖို့က နင် စိတ်ချမ်းသာ ပျော်ရွှင်နေမှ ဖြစ်မှာ”
တဲ့။

“နင် ဘာလုပ်ချင်လဲ၊ ဘာဖြစ်ချင်လဲ၊ နင့်ရဲ့မျက်နှာ ပြုံးရီပြီးလှပနေမယ်ဆိုရင်
ငါ ဘာကူညီရမလဲ၊ ငါ တတ်နိုင်တာ ကူညီမယ်၊ နင်ငိုပြီး စိတ်ဓာတ်ကျရင် ငါလဲ စိတ်မချမ်းသာဘူး”
တဲ့။

ကျမကို အမျိုးမျိုး အားပေးခဲ့တယ်။ ကျမလဲ ခဏစဉ်းစားပြီး အငိုတိတ်ခဲ့ရတယ်။
“အောင်” နဲ့ စကား ပြောနေရတဲ့ အချိန်တွေ ကျမ ဒီ HIV ဆိုတာကို မေ့နေခဲ့တယ်။ သူပြန်သွားလို့
တစ်ယောက်ထဲ ရှိတဲ့ အခါ ဒါကြီးက အသိစိတ်ထဲကို ပြန်ဝင်လာပြီး စိတ်ဓာတ်ကျခဲ့ရတယ်။

ဒီလိုနဲ့ ၅ လလောက်ကြာတော့ ဆေးရုံတက်ရလောက်အောင် ဖြစ်ခဲ့တယ်။
ဆေးရုံရောက်မှ ပညာ တတ်ပြီး လုံးဝ အသိစိတ်မရှိ အောက်တန်းကျတဲ့ အလှည့်ကျဆရာဝန်မတစ်ယောက်ကြောင့်
ဆေးရုံ ကုတင်နားက လူတွေ အကုန်သိသွားခဲ့တယ်။

ဒီအချိန်မှာ မိသားစုလို ယူကျုံးမရတဲ့သူရှိသလို မထိမကိုင်ချင်လို့
ရှောင်ဖယ်သွားသူလဲ ရှိခဲ့ပါတယ်။ ကျမရဲ့ရင်ထဲမှာ ဒီဆရာဝန်မမျက်နှာကို မမြင်ချင်လောက်အောင်
မုန်းသွားခဲ့တယ်။ အစာလဲမစား ၊ ဘယ်သူနဲ့မှလဲ စကားမပြောချင်တော့ဘူး။

အဲဒီအချိန်မှာ ကျမ မသိတဲ့ လူနှစ်ယောက် ထမင်းဘူးလေးတွေနဲ့
လာမိတ်ဆက်ခဲ့တယ်။ သူတို့လဲ ကျမလို ဘ၀တူဘဲ၊ စိတ်ဓာတ် မကျဘို့၊ အစာစားဘို့ ပြောတယ်။ သူတို့မှာလဲ
ဒီပိုးရှိတာ တစ်ယောက် က ၁၀ နှစ်၊ တစ်ယောက်က ၃ နှစ်ရှိပြီး အခုထိ septrim ဆိုတဲ့ဆေးဘဲ
စားနေတာတဲ့။ HIV တားဆေး ဖြစ်တဲ့ ARV တောင် မစားရသေးဘူးဆိုတော့ စိတ်ဓာတ်တွေ ပြန်ပြီးတက်လာခဲ့ပါတယ်။
သူတို့ ပို့တဲ့ ထမင်းတွေကိုလဲ စားဖြစ်ခဲ့တယ်။ သူတို့လဲ တစ်နေ့ ၁ နာရီလောက် ရင်းရင်းနှီးနှီး
ရောက်တတ်ရာ ရာတွေနဲ့ အေအိုင်ဒီအက်စ်အကြောင်းတွေ ပြောဖြစ်ကြတယ်။

သူတို့ဟာ ကျမတို့မြို့မှာ PLHA ပြုစု စောင့်ရှောက်ရေးနဲ့
ဘ၀တူများ လက်တွဲပြီး အကူအညီပေးရေး အဖွဲ့က ဆိုတာသိခဲ့ရတယ်။ အဖွဲ့နာမည်က ရွှေခြင်္သေ့တဲ့။
စေတနာ့ဝန်ထမ်းတွေက ဘ၀တူတွေကို စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာမြှင့်တင်ပေးပြီး
ကျန်းမာရေးအတွက် ဆေးဝါးနဲ့ အဟာရတွေကို သင့် တော်သလို ထောက်ပံ့ ပြုစုစောင့်ရှောက်ပေးတယ်လို့လဲ
သိခဲ့ရပြီး ဆေးရုံမဆင်းခင် ဆရာဝန်မသိ အောင် အဲဒီကို ည ၈ နာရီလောက်သွားပြီး သွားတွေ့ခဲ့မိတယ်။
အဲဒီက ဆရာဝန်က စိတ်ရှည်လက် ရှည်ရှင်းပြဆွေးနွေးပေးတယ်။

ကျမလဲ ကျန်းမာလာပြီး ၂ ရက်လောက်နေတော့ ဆေးရုံဆင်းခဲ့ရပါတယ်။
စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်း ဆိုင်ရာပါ ပြောင်းလဲလာခဲ့ပါတယ်။ ပတ်ဝန်းကျင်က ကျမကို
AIDS နဲ့ သေတော့မှာလို့ဘဲ သိထား ကြတယ်။ ဆေးရုံက
ဆင်းလာကထဲက ကျမအရင်ကျန်းမာရေးကောင်းတုန်းကလိုဘဲ ၀တ်စားသွား လာ၊ ဆေးတွေကိုလဲ စနစ်တကျသောက်၊ ဆရာဝန်တွေရဲ့ ညွန်ကြားမှုကိုလဲ လိုက်နာပြီး ကျမARV ဆိုတဲ့ HIV ထိန်းထားနိုင်တဲ့
ဆေးကို သောက်ခဲ့ပါတယ်။

ကျမရဲ့စိတ်မှာ ဟိုတုန်းကလို အားမငယ်တော့ဘူး၊ စိတ်ဓာတ်မကျတော့ဘူး၊
ပျော်ပျော်ဘဲ နေလိုက် တော့တယ် ။ ပတ်ဝန်းကျင်ကလဲ ကျမကို ကွယ်ရာမှာတော့ ပြောကြမှာပေါ့။
ကျမရဲ့ ရှေ့မှာတော့ မပြောခဲ့ကြပါဘူး။ အဲဒါကလဲ ကျမအကြောင်းကို သတ္တိရှိရှိ ရင်ဆိုင်ဖွင့်ဟပြောခဲ့လို့ဘဲ။
ပြီးတော့ ကိုယ် က ပညာပေးအဖွဲ့တွေ၊ ဘ၀တူတွေနဲ့ လက်တွဲလိုက်တော့ HIV နဲ့ AIDS အကြောင်း
ဘယ်လိုနား လည်အောင် ရှင်းလင်းပြရမယ် ဆိုတာလဲ သိလာတယ်၊ ရဲရဲရင့်ရင့် ရင်ဆိုင်ပြောရဲတဲ့ သတ္တိလဲရှိလာ တာရယ်ကြောင့်ပါ။

တချို့ဆိုရင် ကျမမှာ ဒီပိုးရှိတာ မယုံကြဘူး။ ကျမကလဲ ကျန်းမာရေးကို
ဂရုစိုက်တယ်။ ဘ၀တူတွေကို လဲ တတ်နိုင်တဲ့ဘက်က ကူညီလုပ်ကိုင်ပေးတယ်။ သင်တန်းတွေကလဲ ခဏ
ခဏ တက်နေရတော့ တချို့လူတွေက ကျမကို တမျိုးအထင်ကြီးလာကြတယ်။ သီရိမာ နင်က ဘာသင်တန်းတွေ တက်ရတာလဲ၊ လစာရော ရလားတောင် လာမေးခံခဲ့ရပါတယ်။

ကျမကလဲ ရဲရဲဘဲ ဖွင့်ပြောပြခဲ့သလို ကြုံရင် ကြုံသလိုဘဲ
HIV ဘယ်လို ကူးနိုင် မကူးနိုင်၊ သားဆက် ခြားနည်းတွေ အမျိုးမျိုးရှင်းပြခဲ့လို့ ပတ်ဝန်းကျင်နဲ့
ကျမ အတော်အဆင်ပြေ နေပါတယ်။ ခွဲခြားနှိမ့်ချ ဆက်ဆံမှုတွေ သိပ်ခံစားရလောက်အောင်တော့ မကြုံရပါဘူး၊တွေ့ခဲ့ကြုံခဲ့ရရင်လဲ ကျမက လူတွေကို အကဲခတ်ပြီး ဝေ့၀ိုက်ပြောတတ်တယ်။ ပြောလို့မရတဲ့သူဆိုရင်

“နင်တို့ ဒီလောက်တောင် ဖြစ်နေရင် ငါ့လို သွေးစစ်ရဲလား” မေးတယ်။
သူတို့ မစစ်ရဲကြဘူး၊ ဘာ့လို့လဲဆိုတော့ “မစစ်ချင်လို့” တဲ့။

“ရှင်းရှင်းလေးပါ၊ မစစ်ရဲတာ ကိုယ့်ကိုယ်ကို ယုံကြည်မှု မရှိသူတွေမို့ပေါ့၊
နောင်ကို သူများရဲ့ အားနည်း ချက်ကို ဖွင့်ဟ မဝေဖန်သင့်ဘူးဆိုတာ သိပြီ မဟုတ်လား” လို့ ရှင်းပြပေးနိုင်ခဲ့တယ်။

ပတ်ဝန်းကျင်နဲ့ မိသားစုတွေဟာ ဆက်ဆံရေးပြောင်းလဲလာပြီး ကျမအပေါ်မှာ
ဘာလို့ တစ်နေ့ထက် တစ်နေ့ ခွဲခြားဆက်ဆံမှုတွေ လျော့နည်းလာရတာလဲဆိုတော့ အဓိက ကတော့ ကျန်းမာရေးဗဟုသုတကို သေချာ ရှင်းပြနိုင်ပြီး လက်ရှိကျမနဲ့ နှိုင်းယှဉ်ပြပြီး ပညာပေးနိုင်လို့ပါဘဲ။

လက်ရှိ ကျမရဲ့ အခြေအနေကတော့ ပိုက်ဆံကို ကျမတတ်ကျွမ်းတဲ့
နည်းနဲ့ရှာပြီး မိသားစုနဲ့ သား သမီးတွေကို အများနည်းတူ ထားနိုင် ကျွေးနိုင်ခဲ့သလို
ကျမလို ဘ၀တူမိန်းခလေးတွေကိုလဲ အစား အသောက် ငွေ အ၀တ်က အစ ကူညီပေးနိုင်ခဲ့ပါတယ်။ ကျန်းမာရေးမကောင်းလို့အကူအညီလိုတဲ့ ဘ၀တူတွေကို ဆေးကအစ ကူညီနိုင်ခဲ့ ပါပြီ။ ဘ၀တူတွေကလဲ ကျမကိုဆိုအရမ်းခင်ကြတယ်၊ကျေးဇူးတင်ကြောင်းလဲ ခဏ ခဏပြောခံရလို့ ဂုဏ်ယူ ရမဲ့အစား ရှက်တောင်လာမိပါတယ်။

တကယ်တော့ PLHA တစ်ဦး
ဖြစ်ခဲ့မယ်ဆိုရင် ကျမလို အဖြေသိပါပြီဆိုကထဲက တစ်ယောက်ထဲ ကျိတ်ခံစားပြီး ရှက်နေကြောက်နေစရာမလိုဘဲပွင့်ပွင့်လင်းလင်း တိုင်ပင်နိုင်တဲ့ ဆရာဝန်၊ စိတ်ကို ပြောင်းလဲပေးမဲ့ ဘ၀တူတွေ နဲ့ရင်းရင်းနှီးနှီးတွေ့ဆုံ၊ ပြီးတော့ CBO အဖွဲ့တွေနဲ့ အမြန်ဆုံးတွေ့ပြီး ကျန်းမာရေးကူညီစောင့်ရှောက်မှုတွေရယူစေချင်ပါတယ်။ ကျမ ဒီလို ပြောရဲဆိုရဲ လုပ်နိုင် ငွေရှာနိုင် ခဲ့တာဟာလဲ အဲဒီကူညီစောင့်ရှောက်မှုတွေအများကြီးရယူခဲ့လို့ပါ။

လွန်ခဲ့တဲ့ ၁ နှစ် ၆ လလောက်ကဆို ကျမဟာ ပိုက်ဆံရှာတဲ့ အလုပ်လုပ်ရင်း
အဖမ်းခံခဲ့ရပါတယ်။ ထောင်ထဲမှာ ၁ လကျော်လောက် အချုပ်ခံခဲ့ရပါတယ်။ ကျမအရမ်းစိတ်ညစ်သွားတာက
ကျမသောက် နေတဲ့ ARV ဆေးဟာ ၂ ရက်စာဘဲ ကျန်တော့တာပါ။ ထောင်ထဲရောက်နေချိန် ပိုက်ဆံရှာလို့က
မရ၊ မိသားစုကလဲ ကိုယ်ရှာကျွေးမှ စားရတာဆိုတော့ ဒီဆေး ၁ ဗူးက ၃၂၀၀၀၊ ဘယ်ဝယ်ပို့နိုင်မှာလဲ၊
ကျမလဲ သူတို့ကို ပြောမပြဘဲ စိတ်အရမ်း ညစ်နေခဲ့တယ်။ ဒီဆေးသာ ငါ ဆက်မသောက်ရရင် ငါ
HIV ကနေ AIDS ဖြစ်ပြီး ရုပ်ပျက်ဆင်းပျက် သေရတော့မှာဘဲဆိုပြီး ကျိတ်ငိုခဲ့ရတယ်။

အဲဒီအချိန်မှာဘဲ မိသားစုထောင်ဝင်စာ လာတွေ့တော့ ဆေး ၇ ရက်စာ
ပါလာခဲ့တယ်။ အဲဒီတစ်ပတ် ပြည့်ပြီး နောက်ရက်မနက်
သောက်စရာဆေးမရှိတော့ဘူးဆိုတဲ့အသိက အဲဒီညက လုံးဝအိပ်မပျော် ခဲ့ဘူး။

ကျမ ကံကောင်းတယ် သိလား။ မနက်ကျတော့ ရွှေခြင်္သေ့က စေတနာ့ဝန်ထမ်းတွေ
ARV ဆေးတစ် ဗူးဝယ်ပြီး လာပို့ကြတယ်။ ကျမရဲ့ဝမ်းသာမှုဟာ ဘာနဲ့မှ မလဲနိုင်အောင်ပါဘဲ။ ဆေးလာပို့တဲ့
စေတနာ ၀န်ထမ်းတွေခမျာ ထောင်ထဲ ဆေးမသွင်းရလို့ ထောင်မှုးထောင်ပိုင်တွေကို မျက်နှာငယ်လေးတွေနဲ့
ရှင်းပြနေတာကိုလဲ ဒီတသက် မေ့နိုင်မယ် မထင်တော့ဘူး။

ဒါ့ကြောင့် ကျမတို့လို ငွေရှာတဲ့ မိန်းခလေးတွေ အချုပ်ထဲ
ထောင်ထဲရောက်တော့ ဒီဆေးမသောက် နိုင်မှာကိုဘဲ အရမ်းစိတ်ဆင်းရဲရတာ။ အဲဒါကြောင့် ငွေရှာနေတဲ့
ဘ၀တူတွေကို ကိုယ့်ရဲ့အတွေ့အကြုံ တွေကို ပြောပြပြီး ကွန်ဒုံးသုံးဖို့ အမြဲသတိပေးနေမိတယ်။
အဖွဲ့က အမြဲသတိပေးတာက ပိုက်ဆံများ များရှိရင် ဆေးပိုဝယ်ထားဖို့၊ အဲလိုဝယ်ဖို့ကို အဆင်မပြေပါဘူး။
ပိုက်ဆံရှာရင်း အဖမ်းခံရလို့ ငွေကုန်ရ တာနဲ့ ကျန်းမာရေးအတွက် ငွေကုန်ရတာနဲ့ ရှာလိုက်
ကုန်လိုက်ပါဘိ။ မထင်မှတ်တဲ့အဖြစ်တွေ ဆက် တိုက် ဖြစ်လာတဲ့အခါ ကျမလို ARV သောက်နေရသူအဖို့
အမြဲတမ်းလဲ စိတ်မချမ်းသာ နိုင်ခဲ့ ပါဘူး။

အဲဒီတော့ ဆေးအလကားပေးတဲ့ အဖွဲ့တွေကို ကျမ အမြဲစုံစမ်းနေရပါတယ်။
ဘ၀တူတွေထဲက တချို့လဲ ရွှေခြင်္သေ့ရဲ့ အကူအညီနဲ့
မန္တလေးမှာ ဆေးတွေရနေပါပြီ။ တချို့ကိုတော့ လားရှိုးညွန်း တယ်။ ကျမကတော့ အဖွဲ့ထဲက ဆေးရနေသူတွေနဲ့လားရှိုးကို လိုက်သွားတယ်။ သွားခါစကတော့ ပိုက်ဆံကလဲကုန် ၊ ဆေးကလဲ ၁၄ ရက်စာဘဲ ပေးနေတော့စိတ်ဓာတ်ကျမိတယ်။ ရွှေခြင်္သေ့ရဲ့ အားပေးမှုနဲ့ ဆက်ပြီး ကုသမှုယူခဲ့တာ ခုဆို ၂ လစာတောင်ရနေပါပြီ။ ပြန်လာရင် သတင်းအချက် အလက်တွေကို ပြန်လည်ဖောက်သည်ချပြီး မျှဝေပေး နိုင်နေပါပြီ။

တကယ်တန်းဆိုရင် ကျမ HIV စတွေ့တဲ့ ၂၀၀၇ တုန်းကဆိုရင် ဒီ
HIV ဆိုရင်ကို လူတွေက အလိုလို ရှောင်ဖယ် ပြီး ခွဲခြားဆက်ဆံခဲ့ကြတာ အရှိန်တောင် ရနေပါပြီ။
ကိုယ်တိုင်ခံစားရမှ ဒါဟာ သိသာ မြင်သာ ဖြစ်လာခဲ့ပါတယ်။

သီရိမာက AIDS တဲ့၊ လေးလုံး ဖြစ်နေတာတဲ့၊

ကိုယ့်ရဲ့ တူတွေ၊ တူမနဲ့ ညီမ၊ အမေအမတွေကပါ အစားအသောက်ကလေး
ကျွေးတာတောင် စားလိုက်ဦး၊ မစားဘဲ လုပ်မနေနဲ့လို့

ပါးစပ်ကသာ ကြားကောင်းအောင် ပြောကြတာ၊ ကျမနား ကြာကြာတောင်
ရပ်မနေနိုင်ကြဘူး။

ကျမအမေက ကျမသားကို ကျမနား မသွားဖို့ ကူးလိမ့်မယ်တို့၊ ကျမညီမက သမီးကို နင့်အမေနား ခဏ ခဏမ သွားနဲ့၊ သူ့ရောဂါတွေသမီးကို ကူးလိမ့်မယ်နဲ့ နားနဲ့ ဆတ်ဆတ် ကြားခဲ့ရတယ်။

ကျမ စိတ်မဆိုးပါဘူး။ အဲဒီလို ပြောတော့ ငါ့သား ငါ့သမီးကိုတော့
ချစ်ကြသားဘဲဆိုပြီး မျက်ရည်ဝိုင်းပြီး ကြည်နူးမိပါတယ်။ ကျမကိုယ်ကျမလဲ သေလူလို့ တွက်ထားပြီးသားကိုး။
အိပ်မရခဲ့တဲ့ ညပေါင်း မရေတွက်နိုင်ခဲ့ပါဘူး။ ညနေစောင်းလာရင် ကျမနား ဘယ်သူမှ မရှိဘူး။
အရမ်း အထီးကျန် ဆန်ခဲ့ရတယ်။

ကျမကလဲ အဲဒီတုန်းက ဘယ်လိုနေရင် ကိုယ်ခံအားပြန်တက်လာမယ်၊
အစားအသောက်ကို မျှအောင် စားရ မယ်၊ ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပေးရမယ်၊ စိတ်ဓာတ်မကျရဘူးဆိုတာကိုနားလည်အောင် ရှင်းပြပေမဲ့လဲ မယုံရဲသေးဘူးလေ။ လက်တွေ့လဲ ကျမလုပ်မကြည့်ခဲ့ဘူး။

ညဆိုရင် ကျမနားကို လာထိုင်ပြီး အားပေးရင်း စကားပြောတာဆိုလို့
“အောင်” တစ်ယောက်ပါ။ တစ် နေ့ သူမလာခဲ့ဘူး ။ မိုးတွေ အရမ်း ရွာလာတယ်။ ကျမ ငှက်ဖျား ဖျားပြီး
တစ်ကိုယ်လုံး တုန်နေ တာ။ ကျမနားမှာ ဘယ်သူမှ မရှိခဲ့ဘူး။ ခေါ်တော့လဲ မကြားကြဘူး။

ဒီအချိန်မှာ ၆ နှစ်ကျော်လေးဘဲ ရှိတဲ့ ကျမသမီးလေးက ကျမတဲလေးထဲ
ထီးလေးနဲ့ ၀င်လာခဲ့တယ်။
“သမီး မေမေချမ်းလွန်းလို့ မီးမွှေးပေးဘို့ ပြောပေးပါ”

လို့ ပြောတော့ သမီးလေးက ထန်းရွက်ဖတ်လေးတွေ လက်နဲ့စုပြီး
မီးမွှေးတာ ကလေးဆိုတော့ မမွှေး နိုင်ရှာဘူး။ ကျမကလဲ နတ်ပူးသလို တုန်နေတာဆိုတော့ လူကြီးတွေကို
လှမ်းခေါ်တာ သူ့အသံကို ဘယ်သူမှ မကြားဘူး။ မိုးသံလေသံ တွေနဲ့လေ။ တကယ်က အမေအမတွေနေတဲ့အိမ်နဲ့ကျမရဲ့တဲ လေးက ၀ါးတစ်ပြန်လောက်ဘဲ ဝေးတာပါ။ ကျမသမီးက သူခေါ်တာ ထူးမဲ့သူမရှိ၊ မအေကိုလဲစိုးရိမ်ပုံရ တယ်။ မျက်ရည်တွေကျလာပြီး သူဆဲတတ်သလို အကုန်ဆဲပြီး

“ငါ့အမေသေတော့မှာ မလာကြဘူးလား”ဆြိုပီး မိုးရေထဲထွက်၊ အသားကုန်အော်ငိုတော့မှ လူကြီးတွေ ရောက်လာပြီး မီးမွှေး၊ ရေနွေးတိုက်၊ဆေးတိုက်လုပ်ကြတာ။

ကျမ အဖျားကျသွားတော့ သမီးရဲ့မျက်နှာလေးကို စိုက်ကြည့်ပြီး
ဝမ်းနည်းဝမ်းသာဖြစ်သွားခဲ့မိတယ်။ အဲဒီညက တညလုံးစဉ်းစားပြီး တွေးနေခဲ့တယ်။ ငါ့သမီးလေး
ငါ့ကို စိုးရိမ်နေပုံလေး အရမ်းသနားဘို့ ကောင်းတာဘဲ။ ငါ ဒီလို လုပ်နေလို့ မဖြစ်တော့ဘူး။
ငါ သေလို့ မဖြစ်သေးဘူးဆိုပြီး မနက်ကျ အစား တွေကို အတင်းဝင်အောင်စား၊ တကိုယ်ရေသန့်ရှင်းရေးကိုလဲထလုပ်၊ သနပ်ခါးတွေလိမ်း၊ ဆေး သောက်ချိန်ကိုလဲ အမြဲသတိနဲ့ ပြန်ဂရုစိုက် လိုက်တော့ ပြန်လည်ကျန်းမာလာခဲ့တယ်။

ပြန်စဉ်းစားမိတာကတော့ ငါ့ဘ၀မှာ စိတ်ဓာတ်ကြံ့ခိုင်မှဖြစ်မယ်ဆိုတာရယ်၊
ဆရာတွေပြောသလို အာဟာရဖြစ်မဲ့ အသီးအနှံတွေ၊ ခွန်အားဖြစ်မဲ့ အသားငါးတွေ၊ အသားဓာတ်ပေးနိုင်တဲ့
အစာတွေကို စားရမယ် ဆိုတာရယ်၊ စားချိန်အိပ်ချိန်မှန်မှန်နဲ့ ကိုယ်လက်လှုပ်ရှားမှုတွေပါ
တကယ်လုပ်ကြည့်ခဲ့တယ်။ လုပ်ခဲ့လို့လဲ ကျမဟာ ပြန်လည်ကျန်းမာလာခဲ့တာပါ။

HIV ကာကွယ်ရေး ကုသရေးနဲ့ ပြုစုစောင့်ရှောက်ရေးဆိုတာတွေကို
လူတိုင်းလက်လှမ်းမှီနိုင်ဖို့၊ သတင်း အချက်အလက် အားလုံးဟာ မရှိမဖြစ်ရသင့်တဲ့ အခြေခံလိုအပ်ချက်တွေ
ဖြစ်တယ်ဆိုတာကို နားလည် ခံစားတတ်ခဲ့ပါတယ်။
လိုအပ်တဲ့ ကုသပြုစုစောင့်ရှောက်ရေးတွေ ရဖို့ဆိုတာ သူမှရယ် ငါမှ ရယ် မဟုတ်ပါဘူး၊
လူတိုင်းရဲ့အခြေခံလိုအပ်ချက်တစ်ခုဆိုတာ အားလုံးသိထားရမှာလို့လဲ အမြင်မှန် ရခဲ့ပါတယ်။
ဒါဟာ PLHA တွေ သိထားသင့်တဲ့ အရေးအကြီးဆုံးအချက်လဲ ဖြစ်ပါတယ်။

ကျမရဲ့အမြင်သဘောထားတွေဟာ အဲဒီအချိန်ကစပြီး ပြောင်းလဲသွားလို့
ခုလက်ရှိ ဒီအခြေအနေထိ ဆက်လက် အသက်ရှင်နေနိုင်ခဲ့ရတာပါ။ ကျမဟာ ဘယ်လောက်ထိ ပြုပြင်ပြောင်းလဲသွားသလဲဆိုရင်
ဟိုအရင်က အရမ်း စိတ်ဆတ်ပြီး အရာရာတိုင်း သည်းမခံတတ်၊ ဘယ်သူ့အပေါ်ကိုဘဲဖြစ်ဖြစ် ကိုယ်က
သာရမှ၊ နိုင်ရမှဆိုတဲ့ မာနနဲ့ ကိုယ်ချင်းမစာနာတတ်ခဲ့ဘူး၊ ဘယ်သူ့ရဲ့စကားကိုမှလဲ ပြောတိုင်း
မယုံ တတ်၊ စိတ်ကြမ်းကိုယ်ကြမ်း ရက်စက် တတ်တဲ့ ကြောက်ဖို့ကောင်းတဲ့ မိန်းမစာရင်းထဲမှာ
ကျမထိပ်ဆုံး က ဖြစ်မှာ။ ခုတော့ ဘ၀နဲ့ရင်းပြီး စာနာနားလည် တတ်ပြီဆိုတော့ ကျမကိုယ်ကျမ
အရမ်းကြည်နူးမှု တွေ ရလာတယ်။

HIV နဲ့ ပတ်သက်လို့ ရပ်ထဲရွာထဲကစ အပေါင်းအသင်းမိတ်ဆွေတွေကပါ သူတို့သိချင်တာလေး တွေကို အိမ်တိုင်ရာရောက် လာမေးတတ်ကြတယ်။
ယုံယုံကြည်ကြည်နဲ့လဲ အကူအညီတောင်းခံခဲ့ ဘူးသလို ARV ဆေးနဲ့ ပတ်သက်တဲ့အကြောင်းတွေကိုလဲ စိတ်ဝင်တစား လာမေးကြပါတယ်။

တချိန်က HIV နဲ့ အသက်ရှင်နေသူမို့ ကူးစက်ခံရမှာကြောက်လို့
ရှောင်ဖယ်သွားကြတာတွေ ကျမဘ၀ မှာ ပျောက်ကွယ်သလောက်ရှိပြီး သီရိမာဟာ ရွှေခြင်္သေ့က PLHA
တစ်ယောက်ဆိုတာကို သိသော်လဲ လူရာသွင်းပြီး ယုံကြည်မှုအပြည့်နဲ့ သိချင်တာလေးတွေကို မေးမြန်းကြတဲ့အခါ
ပြန်လည်ပြောပြပေး ခဲ့ရတဲ့ ကျန်းမာရေး ဗဟုသုတတွေကို စိတ်ဝင်တစားနားထောင်ပြီး တဖြည်းဖြည်းခွဲခြားဆက်ဆံမှုတွေ
လျော့နည်းလာတာကို တွေ့ရလို့ ကျမ ကြည်နူးမဆုံးပါဘူး။

အဲဒီလို ယုံကြည်မှုတွေ မရခင်က ကျမဟာ ဘ၀တူငွေရှာနေတဲ့မိန်းခလေးတွေကို
ကျန်းမာရေးပညာ ပေးနဲ့ ဆေးသောက်ချိန် မှန်မမှန်ကအစ အချင်းချင်း သတိပေးတယ်။ သူတို့တွေ
အဖမ်းခံ အချုပ်ကျတဲ့ အခါ တတ်နိုင် တဲ့ အကူအညီတွေပေးပြီး ရင်းနှီးမှုနဲ့ ယုံကြည်မှုကို
ရယူနိုင်ခဲ့သလို နာရေးကိစ္စနဲ့ အခြားလူမှုရေးတွေကိုပါ ကူညီ ပေးနိုင်လို့ ဘ၀တူမိန်းခလေးတွေရဲ့
အားကိုးယုံကြည်မှု ပိုရခဲ့ပါတယ်။

ရပ်ကွက်ထဲမှာလဲ အကူအညီလိုလာရင် သီရိမာဆီသွား၊ သူက ဒို့ထက်
ပိုသိတယ်၊ နားလည်တယ်၊ သူ့အရင် မေးပြီးမှ လုပ်တာကောင်းတယ်လို့ပြောကြပြီး သူတို့မိသားစုအတွင်းရေးတောင်
လာရောက် တိုင်ပင်ကြပါတယ်။

ဒီလို တိုင်ပင်ခံရတာကလဲ ကိုယ်ကိုယ်တိုင်က ဘယ်သူဖြင့် ကျန်းမာရေးမကောင်းဘူးလို့သိရင်
ကိုယ် ကလဲ ဒီလူမမာရဲ့ ရာဇ၀င်ကို သိထားတယ်ဆိုရင် လူမမာကြည့်ရင်း လူမမာရဲ့ ပြင်ပလက္ခဏာနဲ့
လက်ရှိခံစားနေရတာ တွေကို သွယ်ဝိုက်မေးမြန်းပြီး - ဥပမာ မှက်ခရုလိုဟာမျိုးတွေ ရှိတယ်ဆိုရင်
ငါ့မှာ ဆေးရှိတယ် ဆိုပြီး လိမ်းပေး လိုက်တယ်။

ပျောက်သွားတော့ သီရိမာ ဒီဆေးဗူး ဘယ်လောက်ပေးရလဲ မေးရင် ငါလဲ
ရွှေခြင်္သေ့ကဆရာဝန် တွေ ညွှန်းလို့ လိမ်းတာ၊ သက်သာရင် ဒို့ဆရာနဲ့ လိုက်ပြကြည့်ဆိုပြီး
ကိုယ်တိုင်လိုက်ပို့ပေးပါတယ်။ ဒါက သူ ကြိုက် မကြိုက်မသိ၊ ဒဲ့ကြီးလဲ မေးလို့မဖြစ်တဲ့
အခါမျိုးပေါ့။ တချို့က မပွင့်လင်းကြဘူးလေ။

တစ်ယောက်ဆိုပါတော့။ ဓာတ်ဆားလေးတိုက်၊ အစာဝင်အောင်ကျွေး၊
အနာတွေ သန့်ရှင်းရေးလုပ်၊ ဆေးလိမ်း ပေးနဲ့ သက်သာလာတဲ့အချိန်မှာ သွေးစစ်ဖို့၊ ဆရာဝန်ပြဖို့ကျ
သူတို့မှာ အရမ်းဝန်လေး နေတယ်။ ဒီလိုနဲ့ အဲဒီလူမမာဟာ ဆေးရုံတက်ရတယ်။ ဆေးရုံကိုလဲ လိုက်ပြီး
တတ်နိုင်တာ လုပ်ပေး တယ်။ အောက်စီဂျင်ဘူး လိုတယ်ဆိုလို့ ရွှေခြင်္သေ့ကနေ ငှားပေးတယ်၊ ဆေးရုံဆင်းတော့လဲ
အိမ်လိုက်ကြည့်တယ်။ မုန့်တွေဝယ်ကျွေး၊ ရေချိုးပေးဘို့တွေ အားလုံးကူညီတယ်၊ သူတို့ ကျေးဇူးတင်
ကြတယ်။ ဒါပေမဲ့ အဲဒီလူ ၁ လ လောက်နေတော့ ဆုံးသွားတယ်။ ကျမ စိတ်မကောင်းဘူး။ သူတို့ မိသားစုက
ဒီရောဂါဆိုတာကို လုံးဝ သိသိကြီးနဲ့ လက်မခံကြဘူး။ ပွင့်လဲ မပွင့်လင်းကြဘူး။ စိတ်ခံစားမှု
ကို ကြိတ်ပြီး သူတို့ဘာသာဖြေရှင်းနေလို့ အသက်ဆုံးရှုးံခဲ့ရတယ်။

အိမ်တိုင်ရာရောက်ပြုစုပေးနေတာဟာ သူများက ခိုင်းထားလို့ ငွေပေးထားလို့
မဟုတ်ပါဘူး။ ကိုယ်လို ဘ၀တူ များ ဖြစ်နေရင် ငါဖြစ်သလို မဖြစ်ခင် အချိန်မှီ လက်လှမ်းမှီရာ
အချိပ်အဆက် လုပ်ပေးနိုင်ဘို့၊ ပြန်လည်ကျန်းမာ လာဘို့ စိတ်ရင်းအမှန်နဲ့ ကူညီခဲ့တာပါ။
ငါ့လိုဖြစ်ရင် ငါ့လို မခံစားရအောင်၊ ငါလုပ် ပေးရင် ငါကျမ်းမာသလို ငါငွေရှာနိုင်သလို
သူတို့မိသားစုလေး ပြန်လည်စိတ်ချမ်းသာစေချင် တဲ့ရည် ရွယ်ချက်နဲ့ လုပ်ပေးခဲ့တာဖြစ်လို့
နောင် ဒီလိုမပွင့်လင်းသူတွေ ရှိခဲ့ရင် သီရိမာရဲ့ ရင်ထဲကလာတဲ့ စေတနာတွေကို အများကြီးနားမလည်ပေးချင်
နေပါ၊ လူနာရဲ့အသက်နဲ့ မိသားစုရဲ့ကျန်းမာရေး လူမှု ရေး စီးပွားရေးတွေကိုတော့ သိထားပါလို့။

အခုဆိုရင် လားရှိုးမှာ ကိုယ်ခံအားစစ်ထားခဲ့တာ ၈၂၂ တဲ့။ လူကောင်းတွေနဲ့တန်းတူ
ကျမမှာလဲ အားအင်တွေ ရှိလာပါပြီ။

အခုကျမ အဖမ်းခံရတဲ့ ဥပဒေနဲ့မကင်းတဲ့ငွေကိုလဲ ရှာစရာမလိုတော့ဘူး။
ARV အတွက်လဲ ကျမကို လားရှိုးက ထောက်ပံ့ထားလို့ ဆေးဖိုးမကုန်တော့ဘူး။ ကျမကို တန်ဖိုးထားပြီး
လက်ထပ်ယူ ပေါင်းသင်း တဲ့ အိမ်သားတောင် ရနေပါပြီ။ သူ့မိသားစု အသိုင်းအ၀ိုင်းကလဲ ကျမကို
မပစ်ပယ်တဲ့အပြင် ရင်းရင်း နှီးနှီး ဆက်ဆံကြပါတယ်။ သူတို့သွေးသားအတွက် စိုးရိမ်မှုတော့ရှိတယ်။
ဖွင့်မေးကြတယ်လေ။ ကျမ ကလဲ အကာအကွယ်မဲ့ လိင် ဆက်ဆံမှုမပြုတဲ့အကြောင်း၊ အိမ်သားကို နားလည်အောင်ရှင်းပြပြီးသွေးစစ်ဆေးမှု ပြုလုပ်ခဲ့ပြီး သူ့မှာ HIV ကာလသားကအစ ဘာပိုးမှ မတွေ့တဲ့အကြောင်းပြောပြတော့မိသားစုတွေက ကျမကို ပိုပြီးတော့ ယုံကြည် လာပါတယ်။

ကျမဟာ လူ့ပတ်ဝန်းကျင်မှာ အများသူငါလိုဘဲ လုပ်နိုင်ကိုင်နိုင်
အိမ်သားနဲ့သားသမီးတွေကိုလဲ ပြုစုနိုင် ပါပြီ။ ဒါဟာ ကျမဘ၀ရဲ့ ပြောင်းလဲဖြစ်တည်မှုပါ။
ကျမပြောချင်တာက HIV လဲ ကျန်းမာရေးမကောင်း သူ၊ ငှက်ဖျားလဲ ကျန်းမာရေးမကောင်းသလို၊ တီဘီ
အခြားရောဂါတွေလဲ ကျန်းမာရေးမကောင်းလို့ ဖြစ်ကြတာပါ။ အနာရှိ ဆေးရှိတယ်၊ ရောဂါဖြစ်ရင်
ဆရာဝန်ပြရမှာဆိုတာကိုလဲ အများသိအောင် ပြော ပြနိုင်မယ်ဆိုရင် လူတွေအရမ်း ကြောက်လန့်နေတဲ့
HIV /AIDS ဆိုတာ ချောင်းဆိုး ရင်ကျပ်ရောဂါ ဖြစ်သလိုဘဲ ကုသမှုခံယူမယ်ဆိုရင် ခုလက်ရှိ
သီရိမာဆိုတဲ့ ကျမလိုဘဲ လူ့လောကကြီးထဲမှာ အများ နည်းတူ ဆက်လက် အသက်ရှင်နိုင်သေးတာကို
ကမ္ဘာသိ အောင် ကြေငြာလိုက်ချင်ပါတယ်။

(ခက်ဆစ် - PLHA=People Living with HIV/AIDS )
မိုးမခ
ရောက်လာသူအပေါင်းရွှင်လန်းချမ်းမြေကြပါစေ.ရွှေဝန်းရတနာ(၁၀.၁.၁၄)

No comments:

Post a Comment