မိုးစက်လေးတွေတဖွှဲဖွှဲကျနေတယ်။ လေရူးကတစ်ချက်တစ်ချက်ဝှေ့လို့
မိုးစက် မိုးမှုန့်လေးတွေ လွင့်ကြဲနေကြတယ်။ ခေါက်ရိုးကျိုးနေပြီဖြစ်တဲ့ ငါ့ရဲ့
ထီးပတ်ပတ်လည်က မိုးစက်တွေ
တိုးဝှေ့ဝင်လာကြတယ်။ လွင့်ကြဲနေတဲ့ မိုးစက် မိုးဖွှဲလေးတွေက ခန္တာကိုယ်အောက်ပိုင်းဆီကို
ပက်ဖျန်းနေကြတယ်။ ပြူတ်လုမတက်ဖြစ်နေတဲ့ ခေါင်တိုင်ဆီကလဲ ပုလဲပွင့်လေးတွေလို ဟီင်္းလေးခိုဆင်လာတဲ့
မိုးမင်းသားလေးကိုလှမ်းမြင်နေရတယ်။
ငါ့ရဲ့ခန္တာမိုးစိုမှာထက် နင်ရဲ့ကိုယ်လုံးလေးကို မိုးဖုံးသွားမှာစိုးလို့
ဖက်လိုက်တာ အမောပါပဲ။ သည်တုန်းက နင်ကတော့ ဘာမှမသိသလိုပဲ။ ငါ့ရင်ခွင်ထဲကနေပြီး မိုးစိုနေတဲ့ ငါအဖြစ်ကိုရယ်များနေမလားပဲ။
နင့်ခန္တာကိုယ်ကို မိုးတစ်စက်များ
ကျခဲ့လို့လား..ပြောလေ။
နင့်အသားနဲ့ ငါအသား ထိတွေ့ထားတဲ့နေရာကို
အခုစမ်းကြည့်တောင်ပူနွေးနွေးပဲရှိသေးတယ်………..
လောကမှာ အချစ်ဆုံးဟာ မိမိခန္တာကိုယ်ပဲလို့တချို့ကပြောကြတယ်။
ဒါကိုတော့ ငါကလုံးဝလက်မခံနိုင်ဘူး။ ဘာပြုလို့လဲဆိုတော့ ငါ့ရဲ့အချစ်ဆုံးဟာ
နင်ဖြစ်နေလို့ပဲ။
ခုပဲကြည့်ဟယ်…။ ဖွှဲရက သည်းလာပြီ၊
အမှုန်အဖွှဲကနေ အစိုင်အခဲလိုဖြစ်လာပြီ ။
တချက်တချက်လေပင့်လို့
ယိုင်ထွက်သွားတဲ့ ထီးကြောင့် ငါ့တစ်ကိုယ်လုံး မိုးဖုံးမတက်ဖြစ်နေပြီ။
သည်တုန်းက နှင့်ခန္တာကိုယ်ကို
မိုးတစက်များကျခဲ့လို့လား… ပြောလေ။ နင့်အသားနဲ့ ငါ့အသားထိတွေ့ထားတဲ့နေရာကို အခု
စမ်းကြည့်တောင် ပူနွေးနွေးလေးပဲရှိသေးတယ်။ နင်ခန္တာကိုယ်က နည်းနည်းကြီးနေလို့သာ။
ငုံလို့များရမယ်ဆိုရင် ငါငုံထားပါတယ်။ သူများတွေရွံချင်ရွံမယ်၊ ငါကတော့ မရွံပေါင်။
ဘာပြူလို့လဲသိလား…။ မသိရင်မှတ်ထား… “ချစ်လို့ဟေ့ ချစ်လို့”
နောက်ပြီး နင်ကတစ်မျိုးပဲ.. အင်မတန်စိတ်ကောက်တတ်တယ်။
ငါတခါတခါစိတ်ဆိုးလို့ မခေါ်ပဲနေရင် နင်ကပြန်ခေါ်တယ်လို့မရှိဘူး။ ငါကချည်းပဲ ပြန်ခေါ်ရတာမှတ်မိတယ်မဟုတ်လား။
တခါတလေ ငါစိတ်ဆိုးဆိုးနဲ့ ပစ်ထားခဲ့ရင် နင်က စိတ်ကောက်ပြီး နေခဲ့ရော။
ငါစိတ်ဆိုးပြေလို့ လိုက်လာရင်လဲ နင်ကဘယ်မှမသွားပဲနေနိုင်တာကို အံ့ရော..။
ဒါပေမယ့် နင်ကတော့ အရင်စ လို့မခေါ်ဘူး။
ငါကပဲချော့ရပြန်ရော။ နင်ခဏခဏစိတ်ကောက်တတ်လို့
ငါနာမည်တစ်ခု ပေးထားသေးတယ်။ ‘မိကောက်’
လို့လေ။
ဟုတ်တယ်…. နင်ဟာ နာမည်နဲ့လိုက်အောင်
သိပ်ကောက်တက်တယ်။ နင့်အပေါ်ဂရုမစိုက်ရင် ငါ့ကိုလဲပြန်ပြီးဂရုမစိုက်တော့ဘူး။
နင့်အင်္ကျီလေးတွေစုတ်ပြဲနေတုန်းက
ငါအသစ်ဝယ်ပေးလိုက်တော့ နင်ကလူကြားထဲတကြွကြွလုပ်လိုက်သေးတယ်။ အင်္ကျီသစ်လေးဟောင်းသွားပြန်တော့ ငါဆီညိုမဲ့မဲ့နဲ့ အပူကပ်ပြန်တာပဲ မဟုတ်လား…။
နင်ဟာ
ငါရဲ့ အချစ်ဦး… ငါ့ရဲ့ ငယ်ချစ်… ငါသေတောင်……
အေးလေး
နင်ကတို့ကျောင်းလူတွေအားလုံးနဲ့ဆက်ဆံနေရတော့ လှချင်မှာပေါ့။ နင့်ကိုချစ်တဲ့
လူတွေတော့အများကြီးပဲ။ နင်ကပြန်ပြီးဂရုစိုက်ခံရတဲ့သူဆိုရင် တို့ကျောင်းမှာတော့ “
စူပါစတား” ပဲ…။
အားလုံးထဲ
နင့်ရဲ့ဂရုစိုက်ခံရတာတော့ ငါပဲ..။ ငါ့ကိုယ်ငါ သိဒ္ဓိတင်ပြောနေတာတော့
မဟုတ်ဘူး။ပတ်ဝန်းကျင်ကလဲ အသိအမှတ်ပြူထားကြတယ်လေ။ ဘာပြူလို့လဲဆိုတော့
နင်နဲ့ငါသိပ်ပြီး အတွဲညီတာပဲတဲ့။ သိပ်ပြီးလိုက်ဖက်ညီသတဲလေ။ အေးလေ.. လိုက်ဖက်မှာပေါ့
၊ နင်နဲ့ ငါနဲ့က တစ်ယောက်နဲ့တစ်ယောက် သိပ်ပြီးဂရုစိုက်ကြတာကိုး….။
တို့ကျောင်းမှာနေစဉ်က ငါအင်မတန်ကျန်းမာရေးညံ့တယ်။
တခါတလေ ငှက်ဖျားမိတယ်။ တုပ်ကွေးတခါတရံဖြစ်တတ်တယ် ။ အနာအဆာလေးတွေလဲဖြစ်တတ်သေးတယ်။
ငါနေမကောင်းဖြစ်ရင် နင်ကတော့
ငါနားကတစ်ဖဝါးမှ မခွာတော့ဘူး။ ငါ့ကိုအမြဲတမ်းစိုက်ကြည့်နေတော့တာပဲ..။ ဘယ်ကိုမှလဲမသွားတော့ဘူး
မဟုတ်လား။
ငါနေမကောင်းပေမယ့်
နင်စိတ်မချမ်းမသာဖြစ်နေမှာစိုးလို့ ငါကပဲ နင့်ကိုဒိုင်ခံပြီး စကားပြောနေရသေးတယ်။ နင့်နဲ့စကားပြောတာကို
သူငယ်ချင်းတွေက ချောင်းနားထောင်ကြပြီး “သိပ်ကဲတဲ့အတွဲပဲ” လို့
လှောင်ကြသေးတယ်။ နင်မှတ်မိတယ်မဟုတ်လား။
ဆရာတွေကတော့ နင်နဲ့ ငါစကားပြောနေတာကိုကြည့်ပြီး ကျန်းမာရေးမကောင်းတဲကအခါမှာ
အစားအသောက်ဆင်ခြင်ဖို့ရယ် .. နင့်နဲ့ စကားပြောတာကိုလျှော့ပြောဖို့ရယ် လာပြီးသတိပေးကြတယ်။ ဆူတာတော့မဟုတ်ဘူး။
ကျန်းမာရေးပိုဆိုးသွားမှာစိုးလို့ သတိပေးတာပါ။
ဘာပဲဖြစ်ဖြစ် နင်ကတော့ ငါဂရုတစိုက်ရှိနေတယ်ဆိုရင်
ပျော်နေတာပဲမဟုတ်လား။
နင်က အသက်ကြီးပေမဲ့ ခုထိအလှမပျက်သေးဘူး။။။
နံ့သာမလိမ်းပေမယ့် မွှေးတုံး…
ပန်းမပန်ပေမဲ့ လှတုံး……
ငါလည်းဒီကျောင်းရောက်ရောက်ခြင်းနင်နဲ့အရင်ဦးဆုံးစတွေ့ခဲ့ရလို့ ငါရဲ့”အချစ်ဦး”လို့ဘဲသတ်မှတ်ခဲ့တယ်။
ငါရဲ့အချစ်ဦးဟာ နင်ဖြစ်ပေမယ့်၊နင်ရဲ့အချစ်ဦးဟာ
ငါမဟုတ်ဖူးဆိုတာတဖြည်းဖြည်းသိလာရတယ်။နင့်မှာချစ်သူတွေတောင်ပုံရာပုံရှိခဲ့တာတွေ
ငါနောက်တော့သိလာရတယ်။
ပထမတော့ ငါ နင့်ကိုစိတ်ဆိုးမိသေးတယ်။စောစောက ငါ မင်းကို မေးးခဲ့သားပဲ။ “ ငါ့ကိုချစ်ခဲ့သူတွေများလွန်းလို့
ချစ်ဦးဆိုတာ ဘယ်သူလည်း မပြောတက်ဘူး “ လို့ ဆိုတုန်းက ငါနင့်စိတ်ဆိုးမိသေးတယ်။
ချစ်သူတွေကို ဒီလောက်များများစားစား ထားရသလားဆိုပြီး ငါအံ့သြမိခဲ့သေးတယ်။
ခုတော့ ငါတဖြည်းဖြည်းသဘောပေါက်ခဲ့ပါပြီ။
နင့်ကိုချစ်တဲ့သူတွေ သိပ်များပေမယ့်် နင့်ရဲ့ဂရုစိုက်မှုကို ရခဲ့တဲ့သူကတော့ နည်းပါတယ်။ နင့်ရဲ့ စိတ်သဘောထားကို
နားမလည်တဲ့သူတွေများပါတယ်။နင့်နဲ့မပြေလည်တဲ့သူတွေဆိုရင် ဆရာတွေကလဲ သိပ်ဆူတာပဲ။ “
ဒီကျောင်းရောက်လာရင် နင့်နဲ့မပြေလည်လို့မဖြစ်ဘူး” တဲ့။ ဒီကျောင်းမှာတော့နင့်က
ဇါတ်လိုက်ပဲ။ နင့်ကိုဖက်ပြိုင်နိုင်တဲ့သူရှားတယ်။
နင်ကတကယ်တော့ လှလေခက်လေဆိုတဲ့သူဖြစ်နေပြီ..။
ငါကတော့ နင့်ပေါ်ဂရုစိုက်နိုင်လွန်းလို့ ပြေလည်ခဲ့ကြတယ်။ ဆရာတွေကလည်း နင်နဲ့
ပြေလည်နေတာကိုကြည့်ပြီး ပီတိဖြစ်နေကြတယ်။
ဆရာ့ဆီစာတက်သွားတဲ့အခါ
နင့်အကြောင်းတွေကိုမကြာခဏမေးတယ်။ ကျောင်းကလူတွေကိုမေးတဲ့အခါ
သူတို့မဖြေနိုင်ကြတာကများတယ်။ တချို့လည်းဖြေတော့ဖြေတယ်။ အတိအကျသိလို့တော့
မဟုတ်ဘူး။ သူတို့မဖြေနိုင်ရင် သူငယ်ချင်းတွေရဲ့မျက်လုံးအစုံဟာ ကိုယ့်ဆီ ရစ်ဝဲလာကြတယ်။
အကူညီတောင်းခံတဲ့ သဘောပေါ့။
ဆရာကလည်း အကြောင်းသိတယ်။
နင်နဲ့ငါတတွဲတွဲဖြစ်နေတာဆိုတော့ မေးလိုက်တာနဲ့ဒက်ကနဲဖြေလိုက်နိုင်တာပဲမဟုတ်လား။
မဖြေနိုင်ပဲနေမလား နင့်နဲ့ ငါနဲ့တွဲနေတာ
ခု မှမဟုတ်တော့ပဲ။
နင့်အကြောင်းဆိုရင်
ငါကခရေစေ့တွင်းကျလေ့လာထားတယ်။ နင်ဟာ ငါ့ရဲ့အချစ်ဦး ။ ငါရဲ့ ငယ်ချစ်။
ငါသေတောင် နင့်ကိုဖက်ပြီးသေမှာ။ဘာလဲနင်ကမယုံလို့လား…….မယုံရင်ကြည့်နေ။ ငါက
နင့်ကိုအဲလောက်ကိုမြက်နိုးတာ။
ဒါလောက်ဆို ငါနင့်ကို ဘယ်လောက်ချစ်တယ်တွယ်တာတယ်ဆိုတာ
နင်သိဖို့ကောင်းပါတယ်နော်။ တခါတလေ ဆရာကမေးလို့မဖြေနိုင်ရင်
နင်က နှုတ်ခမ်းကြီးတစူစူနဲ့ ၊ နည်းနည်းပါးပါး ဖေးကူမပြီးမကူညီတက်ဘူး၊ နင့်အကြောင်း
ငါသိသလောက်တော့လေ့လာထားတာပဲ။
နင်နဲ့ပတ်သက်လာတဲ့ ပြဿနာတွေက
ဝင်္ကပါလိုကွေ့ကောက်တယ်။ ပင့်ကူအိမ်လို ရှုပ်ထွေးတယ်။သမုဒ္ဒရာလို နက်နဲတယ်။
ကောင်းကင်လို ကျယ်ပြန့်တယ်။ အို… ပုံစံ ဥပမာတွေခိုင်းရနှိုင်းရရင်အများကြီးပါပဲ။
မေယုစုတ်တံချီ
ဘယ်ပန်းချီရေးလို့မမိ….ပေါ့။
ဒါပေမယ့်.. ငါသိသလောက်ပြောရရင် နင်ဟာ
အသံသိပ်ကောင်းတယ်။ နင့်ရဲ့အသံဟာ
လူတိုင်းကိုလှုပ်ခါသွားစေတယ်။
ဆည်းလည်းသံလိုပဲ။ နားထောင်ပြီးရင်းနားထောင်ချင်ရင်းပဲ။
လူတိုင်းမှာနားနှစ်ဘက်ရှိတယ်။
နားရှိတဲ့သူတိုင်းဟာ နင်သံကို မကြားရမနေနိုင်ဘူး။ နင့်အသံနဲ့ ကင်းပြီး
အသက်ရှင်နေနိုင်တဲ့ သူဟာရှားပါတယ်။ လူသားအားလုံးရဲ့ စားမှု၊ သောက်မှု ၊ နေမှု၊
လှုပ်ရှားမှု၊ မှန်သမျှ
နင်နဲ့ပတ်သက်နေတာကြီးပဲ..။
တချို့က နင့်ကိုမုန်းသွားကြတာတွေလည်းရှိတယ်။
နင်ဟာမရိုးသားဘူး ၊ ကောက်ကျစ်တယ် ဝင်္ကဘာဆန်တယ်၊ လှည့်စားလွန်းတယ်လို့ ဆိုပြီးလမ်းခွဲ သွားသူတွေလည်းရှိတယ်။
အမှန်တော့ သူတို့
နင့်အကြောင်းကိုသေသေချာချာမလေ့လာကြလို့ပါ။ နင့်ကိုအပေါ်ယံကြောလေ့လာသုံးသပ်ပြီး
ကောက်ချက်ချတဲ့စကားတွေပါ။ ဒါတွေကို နင်ဘာမှတွေးတောမနေနဲ့ ၊ စဉ်းစားမနေနဲ့။
အမှန်တရားဆိုတာပန်းကန်ပြားနဲ့ ဖုံးကွယ်လို့မရစကောင်းဘူး မဟုတ်လား။
အေးလေဘယ်သူတွေဘာပြောပြော ငါကတော့
နင့်ရဲ့နှင်းဆီလွှာနှုတ်ခမ်းလေးတွေကို
ထာဝရမြတ်နိုးတွယ်တာနေမှာပါ။
ဆည်းလည်းသံလို ချိုလွင်တဲ့နင့်ရဲ့
အသံလေးတွေကိုထာဝရခံယူ ထွေးပိုက်ထားမှာပါ။
နင့်ရဲ့အချစ်ဦးဟာ ငါမဟုတ်ပေမယ့်
ငါရဲ့အချစ်ဦးဟာ နင်ပဲဆိုတာတော့ နင်သိထားရင် ငါကျေနပ်တယ်။
ဒါနဲ့ မေးရအုံးမယ်။ နင့် ဖေဖေက ဘယ်သူလဲ၊
ဘယ်မြို့ကလဲ ၊ နင့်မေမေကရော ၊
ငါအမေးမြန်းထူတာနဲ့ နင်ကစိတ်ကောက်မနေနဲ့အုံး။
နင်နဲ့ ငါနဲ့ ဒီနေရာမှာ တွေ့ကြပေမယ့်
တစ်ယောက်အကြောင်းတစ်ယောက် ဘာမှ သိကြသေးတာမှ မဟုတ်ပဲ။ ငါ သူငယ်ချင်းတွေက
နင့်ဇာတိကို မေးရင် ငါဘယ်လိုပြောရမလဲ။
သည်တော့မှ နင်ကပြောပြတယ်။ ဇာတိက ဥဇ္ဇနီပြည်တဲ့။ အဖေက တိရိဋိဝစ္ဆပုဏ္ဏားတဲ့။
အမေကတော့
ဘဒ္ဒပရမ ပုဏ္ဏေးမ ဆိုပါလား။ ဒါကြောင့်ငါထင်သားပဲ နင့်ရဲ့ အသံဟာ တခါတလေတော့
ခပ်ဝဲဝဲပါလို့ ။ ကဲ ဆက်ပါအုံး။
“ အမေနဲ့ အဖေ သင့်မြတ်ကြလို့
ရွှေအဆင်းနဲ့တူတဲ့ သားလေးတစ်ယောက်မွေးလာတယ်”
တဲ့။ ဒါကြောင့် “ ကစ္စာန” လို့ မှည့်ကြသတဲ့လေ။ နောက်အရွယ်ရောက်လာတော့ ဥဇ္ဇောတမင်းရဲ့ ပရောဟိတ်ဖြစ်လာတယ်တဲ့။
ဟယ်… နေစမ်းပါအုံး။ နင့်အဖေနဲ့ အမေက
ပုဏ္ဏားနဲ့ ပုဏ္ဏေးမ၊ သားက ကစ္စာန။ ဒါဆိုနင်ကဘယ်လိုဖြစ်လာတာလဲ ။ငါတော့
ဦးနှောက်ရှုပ်ကုန်ပြီ။ သည်တော့နင်ကရယ်တယ်။ သိလဲသိပဲနဲ့ဆိုတဲ့သဘော။ ကဲ..
နင်ပြောမှာသာပြောဆိုတော့မှ
နင့်
နှုတ်ခမ်းနှစ်လွှာ
ကပွင့်လာတယ်။
ပုရောဟိတ်ဖြစ်ပြီးတဲ့နောက် တောထွက်ရဟန်းပြုလို့ အာသဝေါကုန်ခမ်းတဲ့
ရဟန္တာဖြစ်သွား တယ်ဆိုပါလား။ ရဟန္တာဖြစ်ပြီးတော့မှ
နင့်ကိုမွေးတာတဲ့။
“ ဟဲ.. ဟဲ
… ဘယ်လိုတုံး ၊ ရဟန္တာဖြစ်ပါပြီဆိုမှ နင့်ကိုမွေးရဦးမှာလား” ဆိုတော့ နင်ကမဲ့တယ်။
စကားမဆုံးသေးဘူး၊ အသာနေဆိုတဲ့သဘောပေါ့။
ရဟန္တာဖြစ်သွားတော့မှမြတ်စွာဘုရားရွှေနှုပ်တော်က
ထုပ်ဖော်ဟောကြားလိုက်တဲ့”အတ္ထော ဘိက္ခဝေ
အက္ခရသညာတော”ဆိုတဲ့စကားတော်ကိုဥာဏ်မဟော်နဲ့ပိုင်းခြားပြီ “ခင်သဒ္ဒါ”လိုအမည်ရတဲ့
နင့်ကို ဝစီနှုတ်က မွေးထုတ်လိုက်တာဆိုပါလား။
သြော်….. လက်စသတ်တော့ နင်က
ဘုရားရှင်လက်ထက်တော်တုန်းက အကျဉ်းကို အကျယ်ဟောတဲ့နေရာ ဧတဒဂ်ဘွဲ့ထူး
ရရှိတော်မူခဲ့တဲ့ ရှင်မဟာကစ္စည်း မထေရ်မြတ်ရဲသမီးချောလေးကိုး။
အဖေကရွှေလိုချောခဲ့တော့ ဝစီဒေဝီဖြစ်တဲ့ နင့်အသံလေးတွေ လူသားတိုင်းကို
နားဝင်ပီယံဖြစ်စေခဲ့တာပေါ့နော်။
ဘုရားရှင်လက်ထက်တော်တုန်းကချည်းနဲ့ဆိုတော့
နင့်ကိုကြင်သူမြတ်နိုးခဲ့သူတွေဟာ တပုံကြီးပါလား။ငါက
ခုမှစတွေ့ချစ်ခဲ့ရတဲ့သူ။ငါရဲ့အချစ်ဦးဟာနင်ဆိုပေမယ့် နင့်ရဲ့အချစ်ဦးဟာ
ငါမဟုတ်ဖူးဆိုတာ ခုမှသဘောပေါက်တော့တယ်။
ကြာတော့လဲ ကြာခဲ့ပါပြီ။နင်နဲ့ငါနဲ့
ချစ်သက်တမ်းက အနှစ် ၂၀ နီးပါးရှိခဲ့ပြီ။နင်မရှိယင် ငါနေလိုမရပါဘူး။
နင့်ကိုငါအမြဲဂရုစိုက်နေရတယ်။ နင့်ကိုလက်လွတ်လိုက်ယင် ငါလုပ်သမျှတွေဟာ အလွှဲလွှဲအချော်ချော်ပဲ။
ဟော….မိုးတွေတဖွဲ့ဖွဲ့ကျလာပြီ။
အရင်ကဆိုနင့်ကို
ငါခန္ဓာကိုယ်နဲ့ ထိတွေ့ဖက်တွယ်ခဲ့ရတယ်။ခုတော့နင့်ခန္ဓာကိုယ်လေးကို
ငါမထိတွေ့ရတော့ဘူး။ထိတွေ့စရာလဲမလိုတော့ဘူးလေ။ ဘာပြုလိုလဲဆိုတော့ နင်က ငါရဲ့
ဦးနှောက်၊ ငါရဲ့အသည်းနှလုံးတွေဆီမှာ ရောက်နေကြပြီမဟုတ်လား။ ထီးမိုးနေစရာမှ
မလိုတော့ပဲ။
မိုးတဖွဲဖွဲကျလာတော့
ဟိုလွန်ခဲ့တဲ့ အနှစ် ၂၀ ကျော်က ငါနဲ့ နင်ရဲ့ ချစ်ဇာတ်လမ်းလေးတွေကို ပြေး မြင်နေမိတယ်။
အချစ်ဆိုတာဟောင်းလေသစ်လေပဲထင်ပါရဲ့ကွယ်။အသက်ကလေးထောက်
အရွယ်ကလေးရောက်လာပြီဆိုပေမယ့် ငယ်ချစ်ဦးကိုတော့မမေ့ဘူးဆိုတဲ့သင်္ကေတလေးတွေက
အမြဲတမ်းထင်ဟပ်လာကြတယ်။နင့်ရဲ့ ဆည်းလည်းသံလို လွင်စာစာအသံလေးကို
ငါ့ရဲ့အသက်နဲ့ခန္ဓာတည်ရှိသရွေ့ ထာဝရစောင့်ထိန်းသွားရမှာပါကွယ်။
မိုးတွေတဖြည်းဖြည်း သည်းလာကြပြိ
မိုးတွေတဖြည်းဖြည်း သည်းလာကြပြိ
ဟိုဘက်ကျောင်းက ကိုရင်ပေါက်စလေးတွေ
နင့်ကိုကျီစယ်နေကြတဲ့အသံကိုငါကြားနေရတယ်။ ငါကိုများလှောင်နေရော့သလား ဆိုပြီး
တွေးလိုက်မိသေးတယ်။ အယင်ကအဖြစ်တွေက ဆွေးမပြေဖို့
ဖန်လာတာပဲထင်ပါရဲ့လေ။ငါငယ်ငယ်တုန်းက နင့်ကိုချစ်ခဲ့တာ သူတို့လိုပါပဲ။နင်က
အသက်ကြီးပေမယ့် ခုထိအလှမပျက်သေးဘူး။နံ့သာမလိမ်းပေမယ့် မွှေးတုန်း၊ပန်းမပန်ပေမယ့်
လှတုန်း။နင့်ရဲ့ဘဝ ထာဝရလှပစွာနဲ့ နှစ်ပေါင်း ၅၀၀၀ တိုင် ရှည်ကြာတည်တံ့ မွှေးရနံ့တွေ
ထုံဝေနေပါစေဆိုတာ ငါဆုတောင်းလိုက်ပါတယ်။
“အတ္ထော အက္ခရသညာတော။
အက္ခရာပါဒယော ဧကစတ္တာလီသံ။
………………………………………….”
နင့်အလှအပရဲ့
အဆင်းတန်ဆာ ဒွာဒရာသံလေးတွေ လှုပ်ခတ်သံကြားရတိုင်း လွန်ခဲ့တဲ့ အနှစ် ၂၀ ဝန်းကျင်က
နင်နဲ့ငါစတွေ့ခဲ့တာလေးတွေ တရေးရေးမြင်ယောင်လာမိတယ်။ကြာတော့လဲကြာခဲ့ပါပြီ။
မိုးရေထဲမှာ၊မိုးစက်တွေထဲမှာ၊ နှင်းပွင့်လေးတွေ ကြားမှာ၊ ဥသြငှက်ရဲ့ ခွန်းဆက်တေသံလေးကြားကဝါးရုံရိပ်မှာ၊စွယ်တော်ရိပ်မှာ၊ပိတောက်ရိပ်မှာ၊ကုက္ကိုးရိပ်မှာ၊
ရင်မှာလှိုင်းထချစ်ခဲ့ရတဲ့
ချစ်ဇာတ်လမ်းလေးတွေကိုပြန်ပြောင်းပြောပြရမယ်ဆိုယင် မိုးစက်ခလေးတွေကမဲ့လိမ့်မယ်၊နှင်းပွင့်လေးတွေကရွဲ့ကြလိမ့်မယ်၊ဥသြငှက်လေးတွေကကဲ့ရဲ့
ကြလိမ့်မယ်။အချစ်ဆိုတာရင်ထဲမှာဘဲ
ထာဝရသိမ်းဆည်းထား တာအကောင်းဆုံပါပဲလေ။
မိုးစက်မိုးပွင့်လေးတွေကျလာတော့
နင့်အကြောင်းကို ငါမတွေးပဲ မနေနိုင်ပြန်တော့ဘူး။မဆွေးဘဲမနေနိုင်ပြန်တော့ဘူး။
သည်တော့အတွေးရိပ်နဲ့ အဆွေးစိတ်တွေသက်သာပါစေတော့လို့ တိုငယ်ငယ်ကအကြောင်းတွေကို
နင့်ဆီစာရေးလိုက်တာပဲ၊ငါသိပါတယ်။နင်ကတော့စာပြန်မှာမဟုတ်ပါဘူး။
နင့်ရဲ့ငါ
သို့မဟုတ်
အရှင်အဂ္ဂဝံသ(ဝန်းသို)
မှတ်ချက်။ ။ငယ်စဉ်စာသင်သားဘဝကစတင်ကျက်မှတ်ခဲ့ရသောသဒ္ဒါကြီး
သုတ်စဉ် နှင့် သဒ္ဒါကြီးရှစ်စောင်ပါဌ်စာအုပ်ကို မြတ်နိုးယုယစွာ
တန်ဆာဆင်ပါသည်။
္ပဤပိုစ်ကိုဝန်းသိုမြို့ခန္တီးပရိယတ္တိစာသင်တိုက်(၇၅)ျနှစ်ပြည့်ရွှေဝန်းရတနာမဂ္ဂဇင်းမှကူးယူဖေါ်ပြပါသည်။
ရောက်လာသူအပေါင်းရွှင်လန်းချမ်းမြေ့ကြပါစေ..(ရွှေဝန်းရတနာ)..(၂၀.၁၂.၁၁)အင်္ဂါနေ့
Email..ashinvimala2009@gmail.com
အရှင်ဘုရားရဲ့ ငယ်ချစ်ဦးသို့အလွမ်းပြေပိုစ့်လေးဖတ်ခဲ့ပါတယ်
ReplyDeleteအဟင်း အဟင်း..
ReplyDeleteရုတ်တုတ် ရုတ်တုတ် လုပ်မလာနဲ့နော်.. :D
နေကောင်းပါစေဘုရားး .. :D