Monday, April 9, 2012

သင်္ကြန်မှာ ‘သင်’ကျန်မနေအောင်

                                                                        
                                                                 

နှစ်ဟောင်းကုန်ပျောက်လို့ နှစ်သစ်ဆီသို့ ရောက်လာပြီဆိုရင် နှစ်ဦးကို ရွှင်မြူးစွာ ကြိုဆိုကြတဲ့ နှစ်သစ်ကူးပွဲတော်တွေကို ကျင်းပလေ့ရှိတဲ့အထဲမှာ မြန်မာတို့လည်း ပါဝင်ပါတယ်။
ကမ္ဘာပေါ်ရှိ နိုင်ငံအသီးသီး လူမျိုးအထွေထွေမှာ မိမိတို့ရဲ့ ကိုယ်ပိုင်ရိုးရာနဲ့ ယဉ်ကျေးမှု ဓလေ့ထုံးစံအရ လက်ခံအသုံးပြုကြတဲ့ သက္ကရာဇ် ပြက္ခဒိန် ကွဲချင် ကွဲပါမယ်။ နှစ်သစ်ကူးပွဲတော်တွေ ကျင်းပလေ့ရှိတတ်တာကတော့ တူညီတဲ့ အလေ့အထ တစ်ခုပါပဲ။

ခုလည်းပဲ မြူးကြွပြီး အထူးရသပေးစွမ်းနိုင်တဲ့ သင်္ကြန်သီချင်းသံများက လေထဲမှာ လွင့်ပျံလာမှုနဲ့အတူ သင်္ကြန်ကို ကြိုတဲ့ မိုးစက်ငယ်တို့ရဲ့ မြေထက် ကြွေသက်လာဟန်တွေက သင်္ကြန်ကို အမှတ်ရစေပြန်တယ်။
ဒီတော့လည်း တစ်နှစ်ကုန်ပျောက်လို့ နှစ်သစ်တစ်ခုတောင်မှ ရောက်တော့မှာပါလားဆိုတဲ့ အတွေးနဲ့အတူ မြန်မာတို့ရဲ့ ရိုးရာနှစ်သစ်ကူးပွဲတော်ဖြစ်တဲ့ သင်္ကြန်ကို အာရုံပြုမိလိုက်ပြန်ပါတော့တယ်။

ဝေးခဲ့တာကြာ ... ဒီအခါ

‘ခါသုံးကောင်၊ တစ်ကောင် အမိဖမ်း’ တဲ့။
ရှေးက ထားခဲ့တဲ့ လူကြီးသူမတို့ရဲ့ စကားပေါ့။
မြန်မာနိုင်ငံမှာ ‘သင်္ကြန်’၊ ‘ဝါဆို’၊ ‘သီတင်းကျွတ်’ အခါရယ်လို့ ရက်မြတ်မဟာအခါကြီး သုံးခုရှိပါတယ်။
အဲဒီ အခါနေ့ရက်များ ရောက်လာပြီဆိုရင် မိမိတို့နဲ့ နီးစပ်ရာ ကျောင်းကန် ဘုရားများဆီသို့ အရောက်သွားပြီး ဒါန၊ သီလ၊ ဘာဝနာထဲမှ အားသန်ရာ အမှုတွေကို သူ့ထက်ငါ အလုအယက် ပြုလုပ်အားထုတ်လေ့ရှိပုံတွေက ဘယ်နိုင်ငံရဲ့ ယဉ်ကျေးမှုနဲ့မှ မတူတဲ့ ယဉ်ကျေးမှုတစ်ခုလို့ ထင်ပါတယ်။

စတုဒိသာလှူဒါန်းသူ၊ သီတင်းသီလ စောင့်ထိန်းသူ၊ တရားဘာဝနာကို ဟော,နာ,ကျင့်ကြံသူတွေနဲ့ နာမည်ကြီး တန်ခိုးကြီး ဘုရားတိုင်းမှာ တိုးမပေါက်အောင်လည်း စည်ကားမြဲ ဖြစ်ပါတယ်။

အဲဒီ အခါသုံးမျိုးထဲက လူမျိုး ဘာသာ ပုဂ္ဂိုလ်ကြီးငယ် မရွေး အမြဲတောင့်တ သတိရ ပျော်ရွှင်လေ့ရှိတဲ့ အခါကို ပြပါဆိုရင် သင်္ကြန်အခါကို ပြရမယ်လို့ ထင်ပါတယ်။
ခုတော့လည်း ဒီအခါတွေဟာ စာရေးသူနဲ့ ဝေးခဲ့တာ ကြာခဲ့ပါပြီ။

လွမ်းမောမိသည် ကိုယ့်ဌာနီ

သြော် ... ဘာလိုလိုနဲ့ နာရီတိုက်စား ရာသီများရဲ့ အောက်မှ တစ်နှစ်ကုန် တစ်နှစ်ကူးတဲ့ လတန်ခူးတောင် ရောက်လာပြန်ပြီပေါ့။
မုတ်သုန်လေညင်း တိုက်ခတ်ခြင်းနဲ့အတူ မိုးပေါက်မိုးစက်တို့လည်း မြေထက်မှာ ကြွေသက်စ ပြုလာတာ တွေ့ရတော့ မကြာမီ နွေဦးရာသီရောက်တော့မှာပါလားလို့ တွေးမိလိုက်ပါတယ်။

ဇာတိဌာနေ မြန်မာပြည်မှာတော့ ဆောင်းကုန်လို့ နွေကို ကူးဖို့ လေရူးတသုန်သုန် မြူးတဲ့အချိန်လို့ အောက်မေ့မိတယ်။
ဥသြငှက်ငယ်လေးတွေရဲ့ နွေကြိုတေးသံနဲ့ ... ဝဿန်ဦးမို့ ပွင့်ဖူးလာကြဦးမယ့် ပန်းလေးတွေရဲ့ အလှတွေက ဒီတန်ခူးလကို သာယာလှပအောင် အလှဆင်နေကြတော့မယ် ထင်ပါရဲ့။
နှစ်သစ်ကို ကြိုဖို့ ပွင့်လာသလားပင် ထင်ရလောက်တဲ့ ပိတောက်ပန်းရနံ့လေးတွေကလည်း လေထဲမှာ သင်းပျံ့မွှေးကြိုင် ရနံ့လှိုင်စ ပြုလောက်ရောပေါ့လို့ တွေးသိ ခံစားရပါတယ်။

မြေပျော့လျှင် ခြေရာထင်သကဲ့သို့ စိတ်ထားနုလို့များ လွမ်းစိတ်ဝင်မိသလားပင် မသိပါဘူး။
နှလုံးသားဓာတ်ခံနုသူတို့အဖို့မှာတော့ ပျော်စရာတွေကပင် လွမ်းစရာတစ်ခုအသွင် ဖြစ်ပေါ် ခံစားတတ်တာလည်း ဓမ္မတာပဲ ထင်ပါရဲ့။
ခုလည်းပဲ သင်္ကြန်တေးသံစုံကို နားယံမှာ ကြားရပြန်တော့လည်း ရင်ထဲတစ်မျိုး နေရတာဆိုးသလိုပဲပေါ့။
ဘယ်ကိုတမ်းတ သတိရမိတယ်လို့ အမည်မဖော်ပြနိုင်တဲ့ ကျော်ဖြတ်ခဲ့ရပြီးသော သင်္ကြန်ပေါင်းများစွာရဲ့ အစွမ်း ထင်ပါရဲ့ ... နော်။

ခုတလော ... အင်တာနက်သတင်းတွေ ဖတ်တဲ့အခါမှာလည်း မြန်မာ့ရိုးရာ နှစ်သစ်ကူး အတာသင်္ကြန်ပွဲတော်ဆိုင်ရာ သတင်းလွှာတွေ ဖတ်နေရတယ်။
တချို့ကလည်း ပျော်ပွဲရွှင်ပွဲတွေ ကျင်းပဖို့ဖြစ်သလို၊ တေးသီချင်း ဗွီဒီယို အက,အလှ ကြော်ငြာတွေပါပဲ။
တချို့ကျတော့လည်း အဲဒီသင်္ကြန်အခါ ရက်မြတ်မဟာမှာ သာသနာ့ဘောင် ဝင်ကြပြီး ဘဝအနှစ်သာရ ထုတ်ယူကြမည့်အကြောင်း သတင်းကောင်းတွေပေါ့။
‘ဒါန’ဆိုတဲ့ မြေပေါ်မှာ ‘သီလ’တိုင်ထူကာ ‘ဘာဝနာ’နဲ့ ခေါင်အုပ်ကြပြီး၊ ခေါင်ချုပ်အလုပ် လုပ်ကြမယ့် သူတွေကလည်း ဒီရက်မြတ်အခါကို မျှော်လင့် အားခဲနေကြဟန် တူပါရဲ့လေ။

ထို့အတူ လူငယ်မောင်မယ်တို့မှာလည်း တီးဖိုဆိုဖို့ ကဖို့လှဖို့အတွက် ဝါသနာတူရာ စုစည်းကာဖြင့် အကတွေ တိုက်ကြ၊ အဆိုတွေ ကျင့်ကြနဲ့ သင်္ကြန်ကို အပျော်ဖြင့် မျှော်လင့်နေချိန်လို့ အောက်မေ့မိတယ်။

ဒီလို သတင်းကြော်ငြာတွေကနေ မြန်မာ့ရိုးရာ ရက်မြတ်မဟာ အတာသင်္ကြန်အတွက် က,ဆို,တီးဟန်နဲ့ ဓမ္မအသံတွေ နားယံမှာ စုံနေအောင် ကြားရတဲ့အခါ လူသားတွေနဲ့အပြိုင် စာရေးသူတို့လို သာသနာပျော် ရဟန်းတော်တို့ရင်ထဲမှာလည်း အပျော်တွေ ပူးဝင် ခံစားခဲ့ရပြန်ပါတယ်။
တဆက်တည်းမှာပဲ သင်္ကြန်နဲ့ ဆက်စပ်ပြီး စာရေးသူ အတွေးဝင်မိတာလေးတွေကို ချရေးကြည့်လိုက်ပြန်ပါတယ်။

သင်္ကြန်အကြောင်း တစေ့တစောင်း

သူများက ‘သင်္ကြန်’ပြောလို့ ပြောနေရတယ်။
တကယ်တော့ သင်္ကြန်ရဲ့ အဓိပ္ပာယ်ကို နားမလည်ခဲ့တာ အမှန်ပါ။

စာပေမှာတော့ ‘ပြောင်းရွှေ့ခြင်း’ကို ‘သင်္ကြန်’လို့ ခေါ်ဆိုကြောင်း သိရတယ်။

အချင်း ယူဇနာ ၅၀၊ လုံးဝန်း ယူဇနာ ၁၅၀ ရှိပြီး အတွင်းဘက်ကား ရွှေ၊ အပြင်ဘက်ကား ဖလ်သားအတိနဲ့ ပြီးသော ‘ဘာဏုရာဇာ’မည်တဲ့ တနင်္ဂနွေဂြိုဟ်မင်းဟာ နဝင်းတစ်လုံးမှ နေပြီး နဝင်းတစ်လုံးဆီ၊ နက္ခတ်တစ်လုံးမှ နက္ခတ်တစ်လုံးဆီ၊ တစ်ရာသီမှ တစ်ရာသီသို့ အစဉ်လိုက် ပြောင်းရွှေ့ခြင်းကို အစွဲပြုလို့ သင်္ကြန်ခေါ်ဆိုကြောင်း လောကီကျမ်းများအရ သိရတယ်။

တစ်နှစ်တစ်ခါ ထုတ်ဝေတဲ့ သင်္ကြန်စာများမှာတော့ ဗြဟ္မာမင်းကြီးရဲ့ ဦးခေါင်းကို လွှဲပြောင်းပေးနေပုံကို ဖော်ပြလေ့ရှိတာ သတိပြုမိပါတယ်။

ဘာပဲပြောပြော သင်္ကြန်ဆိုတာ ပြောင်းရွှေ့ခြင်း အဓိပ္ပာယ်လို့သာ လွယ်လွယ် မှတ်လိုက်ကြပါစို့နော်။

ပြောင်းတော့ ပြောင်းနေတယ်

သင်္ကန္တ (သင်္ကြန္တ) ဆိုတဲ့ ပါဠိကနေ ဆင်းသက် ရွေ့လျားလာလို့ သင်္ကြန်လို့ ခေါ်တယ်။
ပြောင်းရွှေ့ခြင်းဆိုတဲ့ အဓိပ္ပာယ်ကို ဆောင်တယ်လို့ သိရပြီးပါပြီ။
ဒါဆို ဘာတွေ ဘယ်လို ပြောင်းရွှေ့သလဲ? ... စဉ်းစားကြည့်ကြရင် အဆိုးနဲ့အကောင်း တစ်လှည့်စီ ပြောင်းပြန် ပြောင်းနေတာလား၊ အကောင်းကနေ အဆိုးဘက်ဆီ ပြန်ပြောင်းတာလားတော့ ခွဲခြား မသိပါ။

ဒီပြောင်းရွှေ့ခြင်းဆိုတာဟာ အဟောင်းကနေ အသစ်ဆီ၊ အဆိုးကနေ အကောင်းဆီ၊ တစ်နှစ်မှသည် တစ်နှစ်ဆီသို့ ပြောင်းရွှေ့တာကို ဆိုလိုတာဖြစ်နိုင်သလို အရှူံးမှသည် အနိုင်ဆီ၊ အမုန်းမှသည် အပြုံးဆီ၊ ဆင်းရဲမှသည် ချမ်းသာဆီသို့ ပြောင်းရွှေ့ခြင်းကို ဆိုလိုတာလည်း ဖြစ်နိုင်တယ်။
ဘာပဲပြောပြောပေါ့။ စီးပွားရေး, ပညာရေး, လူမှုရေးတွေမှာ တစ်နှစ်လာလည်း ဒီအတိုင်း၊ တစ်နှစ်လာလည်း ဒီအတိုင်းဆိုရင် နှစ်သစ်ကူး သင်္ကြန်ပွဲတော်ဟာ မိမိအတွက်တော့ ဘာမှ ထူးမည် မထင်တော့ပါ။
ပြောင်းလဲနေတာ အမှန်ပဲ။ ဘာတွေ ဘယ်လိုပြောင်းလဲနေတယ်ဆိုတာသာ မိမိတို့ သိဖို့ လိုအပ်တာ ဖြစ်မယ်လို့ တွေးမိတယ်။

တရားမထိုင် မသိနိုင်

ဓမ္မသဘောအရဆိုရင်လည်း ရုပ်တရား၊ နာမ်တရားတွေဟာ စက္ကန့်မလပ် တရစပ် ဖြစ်လိုက် တည်လိုက် ပျက်လိုက် သဘောရှိနေတော့ အမြဲတမ်း ပြောင်းလဲနေတယ် မဟုတ်လား။
ဥပမာ ... ငယ်စဉ်က ရှိခဲ့တဲ့ မိမိတို့ ကိုယ်လုံးကိုယ်ရေ လှပတင့်တယ်ခြင်းတွေဟာ အသက်အရွယ်ကြီးလာတဲ့အခါ မရှိတော့တာ တွေ့နိုင်ပါတယ်။

ပဋိသန္ဓေနေခြင်းကနေ အိုခြင်းဆီ၊ အိုခြင်းကနေ နာခြင်းဆီ၊ နာခြင်းကနေ သေခြင်းဆီသို့ ပြောင်းနေတာ ထင်ရှားလှပါတယ်။
ပကတိမျက်စိနဲ့တော့ မမြင်နိုင်ဘူးပေါ့။
ဉာဏ်မျက်စိနဲ့ သေချာ ရှုကြည့်မှ သိနိုင်တဲ့အရာမို့ အများသူငါ သတ္တဝါတွေဟာ ခန္ဓာရဲ့ အပြောင်းအလဲတွေကို မသိနိုင် ဖြစ်နေကြတာပါ။

ဒီလိုဆိုရင် ခန္ဓာငါးပါး ရုပ်နာမ်နှစ်ပါးတို့ရဲ့ အပြောင်းအလဲတွေ သိချင်ရင်တော့ တရားထိုင်ဖို့ လိုတယ်လို့ တွေးမိတယ်။

ဓာတ်ခံပြောင်းမှ လာဘ်ကံကောင်းမယ်

ဒီအပြင်လည်း သင်္ကြန်ဆိုတာ ပြောင်းလဲခြင်း၊ ပြောင်းရွှေ့ခြင်းလို့ သဘောပေါက်ထားသူများဟာ ပြောင်းလဲသင့်သည်များကို ပြောင်းလဲပစ်ရမယ်ဆိုတာ သိစေချင်ပါတယ်။

ဓာတ်ခံကောင်းမှ လာဘ်ကံကောင်းတယ်ဆိုတဲ့ ဆိုရိုးစကားအရဆိုရင် ဆိုက်ရောက်လာမယ့် နှစ်သစ်မှာ လာဘ်ကံကောင်းလိုသူတိုင်းဟာ ဓာတ်ခံကောင်းထားဖို့ လိုအပ်ပါလိမ့်မယ်။

ဓာတ်တူနံတူ ဆေးဖက်ယူလို့ ရှေးသူတော်စင်တို့ အမှာစကားက ဒီနေရာမှာ ဒါကိုများ ဆိုသလား တွေးစရာပါ။
ဒါကြောင့် နှစ်သစ်မှာ လာဘ်ကံကောင်းလိုသူတိုင်းဟာ မိမိတို့ နှလုံးသားဖြူစင်ပြီး စိတ်ထားမွန်မြတ်ခြင်းဆိုတဲ့ ဓာတ်ခံကောင်းနေဖို့ လိုအပ်ပါတယ်။

တကယ်လို့သာ ဓာတ်ခံညံ့နေရင်လည်း အကောင်းနဲ့ ပြန်ပြောင်း လဲလိုက်ရမှာပေါ့။
ဒါကြောင့် မပြေလည်မှုတွေနဲ့ ပြည့်နေပြီး လောကအလယ်မှာ မျက်နှာငယ်နေပါသလား။
ပြေလည် ကောင်းမွန်လာအောင် လာဘ်ကံတွေ ကောင်းဖို့ ဓာတ်ခံတွေကို ပြောင်းပေးကြည့်ပါလို့ တိုက်တွန်းချင်ပါတယ်။

ဘာကြောင့် ဘယ်လို ဘာကို ဘာနဲ့ ပြောင်းမလဲ

အကြောင်းကြောင့် အကျိုးဖြစ်တယ်လို့ ခံယူထားတဲ့ ဗုဒ္ဓဝါဒမှာ အကြောင်းနဲ့ ကင်းပြီး ဖြစ်တည်လာတာ မရှိတာ အမှန်ပါ။
ဒါဆိုရင် ကံကောင်းနေသူတွေဟာ ကံကောင်းနိုင်ကြောင်း အမှုတွေ ပြုခဲ့လို့ ဖြစ်သလို ကံဆိုးနေသူတွေဟာလည်း ကံဆိုးနိုင်ကြောင်း မကောင်းမှုတွေ ပြုခဲ့လို့ပဲ ဖြစ်မှာပါ။
အကြောင်းကောင်းရင် အကျိုးကောင်းမယ်၊ အကြောင်းဆိုးရင် အကျိုးဆိုးမယ်ဆိုတာ ယုံမှားစရာ မရှိပါဘူး။

လူတိုင်း ကံကောင်းချင်ကြပေမယ့် ကောင်းကံ(ကုသိုလ်)လုပ်ဖို့ကြတော့ ဝန်လေးတတ်ကြပါတယ်။
ကံကောင်းချင်ကြပေမယ့် မကောင်းကံအပြုများသူများမှာတော့ ကံကောင်းချင်လျက် ကံဆိုးနေကြအုန်းမှာပါ။

ဒါဆိုရင် ကံကောင်းချင်သူတို့ ကောင်းကံလုပ်ဖို့ လိုမယ်ဆိုတာ သိသာပါတယ်။
ထို့အတူ ကံမကောင်း အကြောင်းမလှလို့ ကြိုးစားသမျှ သဲထဲရေသွန်သလို ဘာမှအရာမထင်ဖြစ်နေသူများဟာလည်း ကောင်းမှု(ကုသိုလ်)လို့ အမည်တတ်ထားတဲ့ အရာတွေကို ပြောင်းလဲ လုပ်ဖို့ လိုပါတယ်။

ဒါကြောင့် ရက်မြတ်မဟာ အတာသင်္ကြန်ကာလအတွင်းမှာ ဆင်းရဲခြင်းကို ဒါနပြုပြီး ချမ်းသာခြင်းဆီရောက်အောင် ပြောင်းရပါမယ်။
သီလလို့ ခေါ်ဆိုတဲ့ ကိုယ်ကျင့်တရား ဖြူစင်အောင် ကျင့်ကြံပြီးတော့ မကျန်းမမာ ရောဂါထူပြော စိတ်ဆင်းရဲမှုသဘောကို ကိုယ်ကျန်းမာ စိတ်ချမ်းသာအောင် ပြောင်းရပါမယ်။

အကောင်းနဲ့အဆိုး အကြောင်းနဲ့အကျိုးကို မှန်ကန်စွာ မသိ နားမလည်ခြင်းဆိုတဲ့ ဉာဏ်ပညာနည်းခြင်းကို ဘာဝနာပွားပြီး ဉာဏ်ပညာအားကြီးအောင် ပြောင်းယူရပါမယ်။

အကျဉ်းချုပ်ရရင် မကောင်းတာကို ကောင်းတာနဲ့ ပြောင်း၊ ညစ်တာကို သစ်တာနဲ့ ပြောင်း၊ ဒုစရိုက်ကို သုစရိုက်နဲ့ ပြောင်း၊ အကုသိုလ်ကို ကုသိုလ်နဲ့ ပြောင်းရင် လူတိုင်း ကံကောင်းလာမယ်လို့ တွေးမိပါတယ်။ ပြောင်းရွှေ့ခြင်းဆိုတဲ့ သင်္ကြန်ရဲ့ အဓိပ္ပာယ်ဟာလည်း လူတိုင်းမှာ အနှစ်သာရရှိရှိ ပြည့်ဝသွားမယ်လို့ ယုံကြည်မိပါတယ်။

‘ဒင်းကျန်’ မဖြစ်စေချင်

ကျေးလက်တောရွာတွေမှာ ကြက်တွေ ဘဲတွေဟာ သဘာဝအားဖြင့် ဥအုပြီး သားပေါက်လေ့ ရှိပါတယ်။
ကြက်မ ဘဲမကြီးတွေဟာ ကျေနပ်လောက်အောင် အုပြီးတဲ့အခါ ဥကလေးတွေက အကောင်ပေါက်လာအောင် ဝပ်ကျင်းမှာ ဝပ်ပြီး ကိုယ်ငွေ့ပေးလေ့ ရှိပါတယ်။
အချိန်တန်တဲ့အခါ ဥလေးတွေကနေ သားပေါက်လာပြီး ကြက်ပေါက်စ ဘဲပေါက်စလေးတွေ ဖြစ်လာတာပေါ့။

ဒါပေမယ့် အကောင်မပေါက်ဘဲ ကျန်နေတဲ့ ဥတွေလည်း ရှိတတ်ပါသေးတယ်။
အဲဒီလို ကျန်နေတဲ့ ဥတွေကို ‘ဒင်းကျန်ဥ’တွေလို့ ခေါ်ဆိုတာ မှတ်သားဖူးတယ်။
သားမပေါက်တဲ့ အဲဒီလို ဥတွေဟာ ကြာလာတာနဲ့အမျှ အမှိုက်ပုံလွှင့်ပစ်ခံရပြီး ခွေးစားခံ ဖြစ်သွားကြတာပေါ့။

ဒီလိုပါပဲ။ လူတိုင်းရဲ့ ဘဝမှာ အကျိုးပေးဖို့ အခွင့်ရေးပေးဖို့ စောင့်နေတဲ့ အတိတ်က ပြုဖူးတဲ့ ကုသိုလ်ကံထူးတွေ ရှိနေတတ်ကြပါတယ်။
ဒီကံတွေဟာ ကံပိုင်ရှင်ရဲ့ ကုသိုလ်ပြုခြင်းဆိုတဲ့ အပူပေးမှုကို မျှော်လင့်နေကြတာပေါ့။

ကြောင်းကျိုးမြင်သိပြီး မိဘဆရာသမားတို့ရဲ့ စကားကို လိုက်နာပွားသူတွေကတော့ လိုအပ်သလို ဒါန သီလ ဘာဝနာစတဲ့ ကုသိုလ်ထူးတွေ ဆည်းပူးကြပြီး အပူပေးလိုက်တော့ ဟော ... ချမ်းသာခြင်း, ကျန်းမာခြင်း, အသိပညာနဲ့ ပြည့်စုံခြင်း စတဲ့ ကောင်းကျိုးတွေ ပေါက်ဖွားလာတာပေါ့။
ဒါကြောင့် ကောင်းကျိုးလိုလားပြီး ကံကောင်းလိုသူတိုင်းဟာ လက်ရှိဘဝကို ကုသိုလ်ပြုလုပ်ခြင်းဖြင့် အပူပေးသင့်ပါတယ်။

သို့သော်လည်း ကုသိုလ်ကံ အပူပေးရမယ့်အစား တချို့သော ကာယကံရှင်တွေဟာ မေ့မေ့လျော့လျော့ ပေါ့ပေါ့ဆဆ နေလိုက်ကြတယ်။ ဒါ့အပြင် ငါးပါးအာရုံ ကာမဂုဏ်လိုက်စားကာ မိုက်မှားနေကြလေသေးတော့ ပြုခဲ့ဖူးသမျှ ကုသိုလ်ကံတွေဟာ အကျိုးပေးချင်ပါလျက်နဲ့ အကျိုးပေးခွင့်မသာ ဖြစ်နေရှာတော့တယ်။

ဘာမှ ပေါက်ဖွား တောက်ကြွား မလာနိုင်တော့ဘဲ ‘ဒင်းကျန်ဥ’သဖွယ် အဟောသိကံ ဖြစ်သွားရတော့တာပေါ့။

နောက်ဆုံးတော့ မရှိတော့ မလှူ၊ မလှူလို့ မရှိနဲ့ ဒါနလည်း မပြုနိုင်၊ သီလလည်း မစောင့်နိုင်၊ ဘာဝနာလည်း မပွားနိုင်တော့ ဆင်းရဲတဲ့ ဒုက္ခကနေ သုခဆီ မပြောင်းလဲနိုင် ဖြစ်နေရပါတော့တယ်။

သူများတွေ ကြိုးစားသလောက် အရာရောက်လို့ ထွန်းပေါက်အောင်မြင်ပြီး ချမ်းသာနေချိန်မှာ မိမိကတော့ သမုဒ္ဒရာ ဝမ်းတစ်ထွာအတွက် ဆင်းဆင်းရဲရဲ ကြိုးစားနေရတတ်ပါတယ်။

ဒါကြောင့် သင်္ကြန်ကနေ ဒင်းကျန် ဖြစ်မသွားအောင်လည်း ဂရုစိုက်သင့်ပါတယ်။
သင်္ကြန်မှာ ဒင်း ... ကျန်မနေခဲ့ပါစေနဲ့လို့ပဲ ဆိုပါရစေ။

သင်္ကြန်ကနေ သင်းကျန်နေစေဖို့

အဆင်းလည်း လှ၊ ရနံ့လည်း သင်းမြတဲ့ ပန်းပေါင်းစုံတို့ဟာ ရှုဖွယ်မဆုံးတဲ့ ဥယျာဉ်တစ်ခုလုံးမှာ ပွင့်လန်းဝေဆာ ဖူးပွင့်နေမယ်ဆိုရင် အဲဒီဥယျာဉ်ကြီးဟာ သာယာ လှပနေမှာပါပဲ။
ဥယျာဉ်ကြီးက သာယာလှပတာနဲ့အမျှ ကောင်းသတင်းတွေကလည်း ဝန်းကျင်တစ်ခုလုံး ပျံ့လွင့်ဖုံးနေမယ်လို့ ထင်ပါတယ်။
ဒီဂုဏ်သတင်းတွေနဲ့ သင်းပျံ့မွှေးကြိုင် ရနံ့လှိုင်နေတဲ့ ဒီဥယျာဉ်ကြီးမှာ ဖြူပြာနီဝါ ရောင်စုံဖြာတဲ့ ငှက်ကျေးသာရကာအပေါင်းတို့နဲ့အတူ ဝတ်ရည်စားသုံး ပျား, လိပ်ပြာ, ပိတုန်းတို့ကလည်း ဝတ်ရည်ကို စားသုံးရင်း ပျော်မဆုံး ဖြစ်နေကြမှာပေါ့။

ဒီလိုပါပဲ။ ဘဝဆိုတာ ဥယျာဉ်ကြီး တစ်ခုပမာလို တင်စားဆိုရရင် ဒီဥယျာဉ်ကြီးဟာ ကောင်းမြတ်တဲ့ ဂုဏ်သတင်းတွေနဲ့ လောကကြီးအတွင်းမှာ ပျံ့သင်းနေသင့်တယ် မဟုတ်လား။
မိမိရဲ့ ဘဝဥယျာဉ်တွင်းမှာ ဒါနပန်း၊ သီလပန်း၊ ဘာဝနာပန်းတွေ တနည်းအားဖြင့် အမည်ပေါင်းစုံနဲ့ ကုသိုလ်ပန်းတွေသာ ပွင့်လန်းနေမယ်ဆိုရင် ဒီကုသိုလ်တွေရဲ့ ဂုဏ်သတင်းရနံ့ သင်းပျံ့ကျော်ဇောမှုတွေကလည်း လောကထဲ လွှမ်းထုံနေမှာ အမှန်ပဲ။

ဒီအကျိုးကြောင့် ရာထူးဂုဏ်ရှိန်နဲ့ ဥစ္စာစည်းစိမ် ကြွယ်ဝပြီး ဂုဏ်ကျက်သရေ အဖြာဖြာနဲ့ ပိုပြီး ပြည့်စုံလာနိုင်ပါတယ်။
ပန်းရှိတော့ ပန်းချစ်တတ်သူ လာသလို ဂုဏ်ရှိတော့လည်း ဂုဏ်ကို တန်ဖိုးထားသူတွေ လာကြလို့ ဟော ... ဘဝဥယျာဉ်ကြီးဟာ ဂုဏ်သိက္ခာ ကျက်သရေ မင်္ဂလာရှိသူတွေနဲ့ ပြည့်စုံနေတော့မှာပေါ့။

ဒီလိုဆိုရင် ရက်မြတ်မဟာ နှစ်သစ်ကူး အတာသင်္ကြန်အခါရက်များဟာ မိမိအတွက် ကုသိုလ်ကံ အဆင်းရနံ့တွေ သင်းပျံ့ကျန်နေအောင် ကြိုးစားပြီး နေသင့်တဲ့ ကာလလို့ အောက်မေ့မိတယ်။

ဒီရက်တွေအတွင်းမှာ စိတ်ကောင်းနှလုံးကောင်း ထားပြီး မကောင်းတာတွေကို မကြံစည် မပြောဆို မပြုလုပ်သင့်ဘူး။ ကောင်းတာတွေကိုသာ ရွေးချယ် ကြံစည် ပြောဆို ပြုလုပ်ခြင်းဖြင့် ဒါနစတဲ့ ကုသိုလ်ကံပန်းတွေ မိမိဘဝဥယျာဉ်မှာ ပွင့်လာ တည်လာ မှီလာအောင် ကြိုးစားသင့်တယ်လို့ ခံယူမိတယ်။

အဲဒီလိုသာ ဘဝဥယျာဉ်ကြီးမှာ ဒါန အစရှိတဲ့ လူတို့ရဲ့ ကုသိုလ်ကံ ပန်းပွင့်တွေနဲ့ ကြွားကြွားဝင့်ဝင့် ငွားငွားစွင့်စွင့် ဖူးပွင့်ဝေဆာနေမယ်ဆိုရင် သင့်ရဲ့ ဒီဘဝဥယျာဉ်ကြီးဟာ ဂုဏ်ကျက်သရေ မင်္ဂလာအပေါင်းနဲ့ ခညောင်းပြည့်စုံမယ်၊ မိမိသူတပါး နှစ်ဦးသားအတွက် အကျိုးများမယ်၊ အဖိုးမဖြတ်နိုင်တဲ့ ဂုဏ်ရနံ့သတင်းတွေနဲ့ လောကအတွင်း ထာဝစဉ် ပျံ့သင်းနေတော့မယ်။
ဝတ်ရည်စားသုံး ပျားပိတုန်းနဲ့တူတဲ့ အထက်တန်းလွှာ သူဌေးသူကြွယ်တွေနဲ့ ပေါင်းသင်းမိလို့ စီးပွားဖြစ်မယ်။ သူတော်ကောင်းတွေက ချီးမြှောက်ကြလို့ ကောင်းစားမယ်။ စိတ်နှလုံး အေးမြမယ်။

ဒါဆိုရင် ဒီသင်္ကြန်ဟာ သင့်အတွက်တော့ ‘သင်း’ကျန်ဖြစ်သွားတော့မယ် ထင်ပါတယ်။

ဒီတော့ နှစ်သစ်ကူးစ သင်္ကြန်ကာလအတွင်းမှာ စိတ်ကောင်းနှလုံးကောင်းနဲ့ ယှဉ်ပြီး ပြုလုပ်အားထုတ်ကြတဲ့ ဒါန, သီလ, ဘာဝနာ စသော ကောင်းမှုကုသိုလ်ကံတွေဟာ သင့်ကို လောကကြီးရဲ့ ဆင်းရဲတွင်းမှာ ကျန်မနေအောင် ဆွဲတင်ဆွဲထုတ်မှာပါ။
ရောဂါထူပြော ဒုက္ခတောမျာ သင်ကျန်မနေအောင်၊ ဘေးရန်ထူပြောတဲ့ လူမှုအရှုပ်တောမှာ သင်ကျန်မနေအောင် ဆွဲတင်မှာပါ။

အဲဒီလို ကောင်းမှုကံတွေက မြင့်ထက်မြင့်ရာကို ဆွဲတင်တဲ့အခါ သင်ကျန်မနေအောင်ဆိုရင် သင်္ကြန်မှာ “မကောင်းမှု ရှောင်၊ ကောင်းမှု ဆောင်”လို့ “ဖြူအောင် စိတ်ကို ထားကြပါစို့”လို့ တိုက်တွန်း နှိုးဆော်ရင်း လူတိုင်းအတွက် ကောင်းမြတ်တဲ့ ဂုဏ်သတင်း ရနံ့နဲ့ ‘သင်း’ကျန်နေမယ့် သင်္ကြန်ပွဲတော်ဖြစ်ပါစေလို့ ဆုတောင်းလျက် စာရေးသူရဲ့ ရင်တွင်းက အတွေးတစ်စကို ရပ်နားလိုက်ပါရစေ။

မေတ္တာသီသေန စိတ္တေန

အရှင်နန္ဒဝံသ
လောကချမ်းသာဘုရားကျောင်း၊နယူးယောက်မြို့

ရောက်လာသူအပေါင်းရွှင်လန်းချမ်းမြေ့ကြပါစေ..ရွှေဝန်းရတနာ..(၁၀.၄.၁၂)အင်္ဂါနေ့
Email..ashinvimala2009@gmail.com

3 comments:

  1. အရှင်ဘုရားပြောသလို တပည့်တော်လည်း ဘဝဥယျာဉ်အတွင်းမှာ ဒါနပန်း၊ သီလပန်း၊ ဘာဝနာပန်းတွေနဲ့ လောကအလယ်မှာ လွှမ်းထုံနေခွင့်ရရှိဘို့ရာ ကျင့်ကြံပွားများအားထုတ်လျှက်ပါ ဘုရား။
    စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေသား။

    မေတ္တာဖြင့်
    အန်တီတင့်

    ReplyDelete
  2. ဘုန်းဘုန်းဘုရား နှစ်သစ်မှာရွှင်လန်းချမ်းမြေ့ပါစေ

    ရိုသေလေးစားလျှက်

    မဒိုးကန်

    ReplyDelete
  3. Hi!Great and interesting blog you have:) Come and visit my site too. http://ads.com.mm/?cid=4fd60e65e4b0fa6db841e338&utm_campaign=ads_mm_lb_blog_martaste&utm_source=ads_lb_blog&utm_medium=lb_blog

    ReplyDelete