Tuesday, June 19, 2012

“ဝှေ့ယမ်းပြတဲ့ လက်များရဲ့စကား”

                                                            
                                                                      

“ဝှေ့ယမ်းပြတဲ့ လက်များရဲ့ စကား
ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)

             ဝှေ့ယမ်းပြနေတဲ့ ပြည်သူတို့ရဲ့ လက်များက “ဖိနှိပ်ပြီး ဒုက္ခပေးမယ့် သူတွေဆိုရင်တော့ ခါထုတ်ပြီး ဖယ်ရှားပစ်မယ်၊
ဖေးမကူညီမယ့် သူများကိုတော့ လက်ကမ်းကြိုဆိုပါတယ်” လို့ ပြောနေတာပါ။ အဲဒီအသံကို ကြားတတ် ၊ နားလည်တတ်ဖို့ အရေးကြီးတယ်။
ပြီးခဲ့တဲ့ ဆယ်တန်းစာမေးပွဲတွေ ဖြေပြီးခါစက လူငယ်တစ်စု ကျောင်းကို ရောက်လာပါတယ်။ ဘွဲ့ရပြီး ဘာဆက်လုပ်ရမှန်း မသိဖြစ်နေ တဲ့ ယောကျာ်းလေး မိန်းကလေး (၈)ယောက်လောက်ရယ်၊ “အပန်းမပြေ” စခန်းက အနားယူခွင့်ရလာကြတဲ့ယောကျာ်းလေး သုံးလေးယောက်နဲ့ မိန်းကလေး တစ်ယောက်လည်းပါတယ်။


    လာကြတဲ့ ရည်ရွယ်ချက်ကတော့ နွေရာသီ ကျောင်းပိတ်ရက်များမှာ ယဉ်ကျေးလိမ္မာသင်တန်းများ အပါအဝင် ကျေးလက်ဒေသရဲ့ လိုအပ်ချက် ကလေးများကို စွမ်းနိုင်ရာက ဝိုင်းဝန်းကူညီကြဖို့ ခရီးထွက်ခါနီးမှာ ဩဝါဒနဲ့ အကြံဉာဏ်ကလေးများရယူလိုလို့ပါတဲ့။
သူတို့ကို ပြောခဲ့ဖြစ်တဲ့ အကြောင်းအရာအတိုချုပ်ကတော့ -

     လောကရဲ့ ယဉ်ကျေးလိမ္မာမှုများနဲ့ ကြီးပွားတိုးတက်ရာ တိုးတက်ကြောင်းများကို စွမ်းနိုင်ရာက ဝိုင်းဝန်းကူညီကြမယ့်သူများဟာ ပထမဆုံး အရေးကြီးတာက ကိုယ့်ကိုယ်ကိုယ် ယဉ်ကျေးလိမ္မာနေအောင် ဆုံးမထားဖို့ပဲ။ မြတ်စွာဘုရားက ဓမ္မပဒပါဠိတော် (၁၅၉) မှာ “သူတစ်ပါးကို ယဉ်ကျေးအောင် ဆုံးမလိုသူများဟာ ပထမဦးဆုံးအနေနဲ့ ကိုယ့်ကိုယ်ကိုယ် ယဉ်ကျေးအောင်ဆုံးမထားဖို့ အရေးကြီးတယ်။ ကိုယ်တိုင်က ယဉ်ကျေးပြီးမှသာ သူတစ်ပါးကို ယဉ်ကျေးအောင် လုပ်ပေးနိုင်တယ်။ ယဉ်ကျေးအောင်ဆုံးမဖို့ အခက်ဆုံးက ကိုယ့်ကိုယ်ကိုယ်ပဲ” လို့ ဟောထား တယ်။

    ဘယ်လို နယ်စိမ်းပယ်စိမ်းကိုပဲ သွားသွား၊ ဘယ်လို သူစိမ်းပြင်ပြင်များနဲ့ပဲ တွေ့ရတွေ့ရ၊ ကိုယ်တိုင်က ယဉ်ကျေးသိမ်မွေ့ပြီးသူအတွက် တစ်ဖက်သားကို ယဉ်ကျေးသိမ်မွေ့လာအောင် စည်းရုံးဖို့ ဘာမှ အခက်အခဲမရှိနိုင်ဘူးလို့ ဆိုလိုတာပဲ။ အဲဒီတော့လူငယ်များအနေနဲ့ နယ်ပယ်စိမ်းကို သွားရမှာ၊ သူစိမ်းပြင်ပြင်များနဲ့ တွေ့ဆုံရမှာက ဘာမှ ကြောက်စရာ မဟုတ်ဘူး။ ကိုယ်တိုင်မယဉ်ကျေးသူတွေ ဖြစ်မှာကသာ ကြောက်စရာ အကောင်းဆုံးပဲ။ အဲဒါကို သဘောပေါက်ကြဖို့ သိပ်အရေးကြီးပါတယ်။

    အခု သီရိလင်္ကာနိုင်ငံ၊ မြန်မာနိုင်ငံ အပါအဝင် ထေရဝါဒနိုင်ငံတွေမှာ ဗုဒ္ဓသာသနာတော် ထွန်းကား ဖြစ်ပေါ်လာရခြင်းရဲ့သမိုင်းကြောင်းကို လူငယ်များအနေနဲ့ နည်းနည်းလောက် သိထားရင် အတုယူ အားကျပြီး လိုက်နာစရာတွေ အများကြီး ရနိုင်လောက်တယ်။

     ဒီလို ထေရဝါဒနိုင်ငံတွေ ပြန့်ပွားတိုးတက်လာအောင် အဓိကအားထုတ်ခဲ့တာက “သီရိဓမ္မာသောက မင်းကြီး”လို့လူသိများတဲ့ မဇ္ဈိမဒေသက “အသောက မင်းကြီး” ပဲ။ ဒီမင်းကြီးကို သာသနာတော်ဘက် စိတ်ပါလာအောင် ဆွဲဆောင် စည်းရုံးပေးတဲ့ပုဂ္ဂိုလ်ကတော့ သူ့ရဲ့ တူအရင်းဖြစ်တဲ့ “နိဂြောဓ”ဆိုတဲ့ သာမဏေငယ်တစ်ပါးပဲ။

    အသောကမင်းကြီးက ဖခမည်းတော်ရဲ့ အစဉ်အလာအရ “ပရိဗိုဇ်”ဆိုတဲ့ ဘာသာရေး ဂိုဏ်းဝင်တွေကို နေ့စဉ် စားစရာဝတ်စရာတွေနဲ့ ပူဇော်ကိုးကွယ်နေရတာ စရိတ်တွေ သိန်းနဲ့ချီပြီး ကုန်ကျနေတယ်။ ဒီပရိဗိုဇ်တွေဟာ သွားတာ၊ လာတာ၊ စားသောက်တာ၊ ပြောဆိုတာကအစ ဣနြေ္ဒလည်း မဲ့ကြတယ်။ မင်းနဲ့ ပြည်သူအတွက် ဘာကောင်းကျိုးမှလည်း လုပ်ဆောင် မပြနိုင်ကြဘူးဆိုတော့ ဘုရင်ကြီးက သူတို့အပေါ် စိတ်ကုန်နေတာပေါ့။

   တစ်နေ့တော့ ဒီအကြောင်းတွေကို စဉ်းစားရင်း နန်းတော်အထက် ရင်ပြင်မှာ တွေးတော ငေးမောနေတုန်း အဲဒီ  “နိဂြောဓ”သာမဏေလေး ကို တွေ့လိုက်ရတာ။ သာမဏေလေးက ဘုရားရှင်ရဲ့ အဆုံးအမနဲ့အညီ ကျင့်သုံးပြီးလို့ ကိလေသာဆိုတဲ့ စိတ်ရဲ့အညစ်အကြေးတွေ ကင်းစင်ပြီးတဲ့ ရဟန္တာလေး ဖြစ်နေပြီဆိုတော့ ဝတ်ရုံတာ၊ သွားလာတာ၊ ကြည့်ရှုတာကအစ အလွန်ကိုငြိမ်သက် တည်ကြည်ပြီး စိတ်အေးချမ်း စရာ ကောင်းလှတဲ့ အတွက် အသောကမင်းကြီးက မြင်မြင်ချင်း လေးစားကြည်ညိုစိတ်တွေဖြစ်ပြီး စိတ်ထဲမှာလည်း အလွန် အေးချမ်းသွားခဲ့တယ်။

   ဒါနဲ့ပဲ နောက်ဆုံးတော့ သာမဏေကို နန်းတော်ပေါ်မှာ ပင့်ပြီး ကျင့်သုံးတဲ့ တရားနဲ့ ဆရာသမားစဉ်ဆက်ကို မေးလျှောက်တဲ့အခါ ဗုဒ္ဓဘာသာအကြောင်းကို ခြေခြေမြစ်မြစ် သိခွင့်ရသွားရာက သာသနာပြု မင်းကြီး ဖြစ်သွားတာ။ သူကိုယ်တိုင် စိတ်အေးချမ်းသာခြင်းကို လက်ငင်းလက်တွေ့ ရရှိခံစားရတဲ့အတွက် ဗုဒ္ဓသာသနာတော်ကို အရပ်ဒေသတိုင်း ပျံ့နှံ့အောင် ကိုးတိုင်းကိုးဌာနသာသနာပြု လုပ်ငန်းစေလွှတ် ရာက တို့မြန်မာနိုင်ငံကိုလည်း ဗုဒ္ဓသာသနာ ရောက်ရှိခဲ့တာပါ။

    ဒီမှာ ပြောလိုတာကတော့ သွားတာ၊ လာတာ၊ ပြောတာ၊ ဆိုတာ၊ ကြည့်ရှုတာစတဲ့ ဣနြေ္ဒများဟာ မြင်ရ ကြားရသူတိုင်းကိုယဉ်ကျေးမှုတွေ ကူးစက် ပျံ့နှံ့သွားစေလောက်အောင် ကိုယ်တိုင်ယဉ်ကျေးပြီးသား ပုဂ္ဂိုလ်တွေမှာ အသွင်အပြင် ပုံသဏ္ဌာန်ကိုကစည်းရုံးရေး အင်အား အပြည့်ပါနေတဲ့အတွက် ကမ္ဘာကြီး ကိုတောင် ပြောင်းလဲပစ်နိုင်တဲ့ စွမ်းအားအပြည့် ရှိတယ်။ ခုနပြောခဲ့တဲ့“နိဂြောဓ”ဆိုတဲ့ သာမဏေ လေးဟာ သီရိလင်္ကာနိုင်ငံ၊ မြန်မာနိုင်ငံ အပါအဝင် အခုဆို ဗုဒ္ဓသာသနာတော်ဟာ ကမ္ဘာတစ်ဝက်လောက်အထိကို ပျံ့နှံ့သွားပြီ ဖြစ်လို့ “ကမ္ဘာ တစ်ဝက်ကို ပြောင်းလဲစေတဲ့ သာမဏေ”လို့တောင် ဆိုလို့ရတယ်။ အဲဒါကို ဒီနေ့ ပြည်သူကို အလုပ်အကြွေးပြုကြမယ့် လူငယ်တွေ အားကျ အတုယူကြရလိမ့်မယ်။

   ကျေးလက်ဒေသတွေ၊ အဲ .. ကျေးလက်သာမကပါဘူး မြို့ပြတွေမှာလည်း အတူတူပါပဲ၊ ပြည်သူတွေဆိုတာကတော့ ကိုယ့်ရဲ့ဆင်းရဲဒုက္ခတွေ ကို လျော့ပါးအောင် ပြုလုပ်ပေးမယ်၊ ကိုယ့်အရပ် ကိုယ့်ဒေသရဲ့ ကောင်းရာ ကောင်းကြောင်း တိုးတက်ရာ တိုးတက်ကြောင်းတွေကို သယ်ပိုးဆောင်ရွက် ပေးမယ်ဆိုရင် လာသမျှလူတွေကို ဝမ်းပန်းတသာ လက်ကလေးတွေ ဝှေ့ယမ်းပြီးကြိုဆိုကြမှာ မလွဲပါဘူး။

   အကြိုဆိုခံရသူတွေအနေနဲ့ ဝှေ့ယမ်းပြနေတဲ့ ပြည်သူတို့ရဲ့ လက်များက ပြောနေတဲ့ စကားကို ကြားအောင် နားထောင်တတ်ဖို့တော့ အရေးကြီး ပါတယ်။ ဝှေ့ယမ်းပြနေတဲ့ ပြည်သူတို့ရဲ့ လက်များက “ဖိနှိပ်ပြီး ဒုက္ခပေးမယ့် သူတွေဆိုရင်တော့ခါထုတ် ဖယ်ရှားပစ်မယ်၊ ဖေးမကူညီမယ့် သူများကိုတော့ လက်ကမ်းကြိုဆိုပါတယ်” လို့ ပြောနေတာပါ။ အဲဒီအသံကို ကြားတတ်နားလည်တတ်ဖို့ အရေးကြီးတယ်။

   ဒီအသံကို ကြားတတ်çနားလည်တတ်ဖို့ဆိုတာကလည်း ကိုယ်တိုင်က တစ်နည်းမဟုတ် တစ်နည်းနဲ့ ဖိနှိပ်တဲ့ဒဏ်ကိုခံရဖူးမှ စာနာနားလည်နိုင် တာမျိုး၊ သူများက “ပြည်သူ့အရေး” ဆိုလို့ ဘသားယိမ်းလိုက် ရောယိမ်းလိုက် လုပ်နေသူတွေဆိုရင်နားလည်ဖို့ အလွန်ခဲယဉ်း တယ်။ တွေ့ဖူးမလားတော့ မပြောတတ်ဘူး၊ တချို့အရပ်တွေမှာ ပြည်သူ့အကျိုးအတွက်ဆိုပြီး လူတွေကိုမလာမနေရ အလာခိုင်းတာတို့၊ သူတို့ကို အသိပညာပေးတယ်ဆိုပြီး ဟိန်းဟောက် အမိန့်ပေးတာတို့ ဆိုတာလေ။
       အဲဒီလိုနေရာမျိုးမှာ  “ဝှေ့ယမ်းကြိုဆိုရမယ်” ဆိုလို့ ဝှေ့ယမ်းပြနေရတဲ့ လက်တွေက ဘာစကား ပြောနေမယ်ထင်သလဲ။
အေး အခု သွားကြမယ့် လူငယ်များအနေနဲ့  “ ဒီလိုမျိုးထဲမှာ တို့တော့ မပါခဲ့ဖူးပါဘူး” လို့ မထင်လိုက်နဲ့။ ကိုယ်တိုင်သတိထားမိမလားတော့ မပြောတတ်ဘူး၊ တချို့အရပ်တွေမှာဆိုရင်  “ပြည်သူရဲ့ ဒုက္ခတွေ ကင်းဝေးလွတ်မြောက်ရေး” ဆိုပြီး လမ်းတွေပေါ်မှာ အုပ်စုနဲ့ စီတန်းကြွေးကြော်ကြ တာတွေလေ။ လမ်းပေါ်မှာ သူတို့ စီတန်းဟစ်အော်နေပြီဆိုရင် ခရီးသွားကြတဲ့ ကားတွေ၊လှည်းတွေ၊ အထမ်းအရွက်နဲ့ ခရီးသွား ခရီးပြန်၊ ဈေးသွား ဈေးပြန်တွေက ဒီအတိုင်း ရပ်စောင့်နေရတာ။

    တချို့က မနေသာအောင် အရေးကြီးလို့ သူတို့ အတန်းကို ဖြတ်ပြီး ကူးဖို့ ကြိုးစားမိရင် ရန်လိုတဲ့ အပြုအမူတွေနဲ့ အင်အားသုံးပြီး ဟန့်တားတာတို့၊ ပြည်သူတွေ ကြားတောင် မကြားဖူးဘူးတဲ့ အပြစ်တွေနဲ့ စွပ်စွဲအော်ဟစ်ပြီး ရန်ပြုတာတို့ ”ဆိုတာမျိုးတွေ လုပ်တတ်ကြတယ်။
ကိုယ်တိုင်လည်း ကြုံခဲ့ရလို့ တစ်နာရီနီးပါး ဒုက္ခခံပြီး ဒီအတိုင်းပဲ ရပ်စောင့်နေခဲ့ရဖူးတယ်။

    သူတို့ ကြွးကြော်စီတန်းလာနေတာကို နဘေးမှာရှိသူတွေက လက်ပြနှုတ်ဆက်တာလောက်မှ မလုပ်ပြန်ရင်လည်း အဲဒီလိုနေရာမှာ အကြာကြီးရပ်နေကြပြီး ပြည်သူတွေ ဘာမှ နားမလည်တဲ့(ပြောသူတွေ ကိုယ်တိုင်လည်း ကိုယ့်စကားကို နားလည်ပုံမရတဲ့) စကားတွေနဲ့ အဲ .. တရုတ်ပြည်က နိုင်ငံရေးခေါင်း ဆောင်ကြီးတစ်ဦး ပြောတဲ့စကားလုံးနဲ့ ပြောရမယ်ဆိုရင် “ ခြေသေးမရဲ့ခြေစည်း” လို ရှည်လည်းရှည်၊ နံလည်း နံတဲ့ စကားတွေနဲ့ အကြောရှည်နေကြပြန်တာဆိုတော့ ရပ်ကြည့်နေကြသူတွေက လက်တွေ ဝှေ့ယမ်းပြကြရတာပေါ့။ အဲဒီလိုအခါမှာ ဝှေ့ယမ်းပြရတဲ့ လက်တွေကကော ဘယ်လိုစကားတွေ ပြောနေမယ် ထင်သလဲ။

    အခုသွားမယ့် လူငယ်တွေထဲမှာ အဲဒီလို ဝှေ့ယမ်းပြတာကို မြင်ဖူးçကြုံဖူးသူတွေတောင် ပါမယ်ထင်ပါတယ်။ အဲဒီ လက်တွေက ဘာများ ပြောနေတယ် ထင်ခဲ့သလဲ။ စဉ်းစားစရာတွေ ပြောတာပါ။

  ဝှေ့ယမ်းပြနေတဲ့ လက်တွေကို ခပ်ပေါ့ပေါ့တော့ မတွက်မိကြနဲ့၊ ဒီလက်တွေက ဖေးမကူညီမည့်သူကို လက်ကမ်းကြိုဆိုရာမှာ လက်ဖဝါးပီပီ နူးညံ့သိမ်မွေ့သလောက် ဒုက္ခပေးမယ့်သူကို ခါထုတ်ဖယ်ရှားရာမှာတော့  “ ခြေဖမိုးလို လက်တွေ” လို့ ဆိုရမယ်ထင် တယ်။ မှောက်ချည် လှည်ချည် မရှိဘူး။ ခြေဖမိုးဆိုတာ  “ကန်ချင် ကန်မယ်၊ လှန်တယ်ဆိုတာ မရှိဘူး” ဆိုတာ ကြားဖူးမှာပါ၊
ခုလည်း အဲဒီလိုပါပဲ။ အားလုံး ကြားဖူးကြမလားပဲ၊ မြတ်စွာဘုရားရှင် လက်ထက်တော်က “ကောသမ္ဗီ အရေးအခင်းကြီး” လို့ ပြောစမှတ်တွင်တဲ့ဖြစ် ရပ်တစ်ခု ပေါ်ပေါက်ခဲ့ဖူးတယ်။

   ဖြစ်ရပ် အကျဉ်းချုပ်ကတော့ -
ကောသမ္ဗီပြည်သားတွေဟာ အလွန်သဒ္ဓါတရား ကောင်းကြသူတွေ များတယ်။ ဗုဒ္ဓဘာသာ ဝင်တွေ ကြားဖူးနားဝများတဲ့ ရှင်မခုဇ္ဇုတ္တရာတို့၊ သာမာဝတီမိဖုရား၊ မာဂဏ္ဍီမိဖုရားတို့၊ ဥဒေနမင်းတို့၊  “ ဃောသိတာရုံ”ကျောင်းဒကာ ဃောသကသူဌေးကြီးတို့ဆိုတာ ကောသမ္ဗီပြည်ကပဲပေါ့။ ဒီပြင်လည်း  “ကုက္ကုဋာရုံ” ကျောင်းဒကား ကုက္ကုဋသူဌေးကြီးတို့၊  “ပါဝါရိကမ္ဗဝန”ကျောင်းတိုက်ကြီးဒကာ ပါဝါရိက သူဌေးကြီးတို့ဆိုတာလည်း ရှိသေးတယ်။ သာမန် သူကြွယ်၊ ကုန်သည်တို့ ပြည်သူ ပြည်သားတို့ကလည်း သဒ္ဓါတရား ကောင်းကြပုံ ရပါတယ်။ ဟိမဝန္တာတို့çသင်္ကဿနဂို တို့လို တောတောင်ထူထပ်တဲ့ ဒေသကို သွားတဲ့လမ်းကြောင်းပေါ်မှာ တည်ရှိတာဖြစ်လို့ တောရဆောက်တည်ကြတဲ့ ရသေ့၊ ပရိဗိုဇ်များ အပါအဝင် သူတော်ကောင်း တို့ရဲ့ ခရီးတစ်ထောက် နားနေရာ စခန်းထောက်မြို့ကြီးသဖွယ်လည်း ဖြစ်နေပုံရပါတယ်။ သူတော်ကောင်းတို့အတွက် ဆွမ်းခဲဖွယ် ရဖို့ မခဲရင်းတဲ့ ပြည်ကြီး(မြို့ကြီးပါပဲ)ဖြစ်နေတာကိုး။

  
မြတ်စွာဘုရား မပွင့်ပေါ်မီကတော့ ရသေ့çပရိဗိုဇ် သူတော်ကောင်းတွေကို လုပ်ကြွေးပူဇော်ကြတာ။ မြတ်စွာဘုရားပွင့်ပေါ်လာတဲ့ အခါမှာတော့ သူတို့ကိုးကွယ်တဲ့ ရသေ့ငါးရာလောက်က တစ်ပြိုင်နက် သာသနာတော်မှာ ရဟန်းပြုသွားကြတော့သဒ္ဓါတရားထက်လောက်အောင် ပါရမီဓာတ်ခံကောင်းကြတဲ့ ကောသမ္ဗီသူဌေးကြီးတွေလည်း ဘုရားရှင်ရှိရာ သွားရောက် တရားနာကြပြီး သောတာပန် အရိယာတွေ ဖြစ်ကုန်ကြလို့ ကိုယ့်အရပ်ဒေသ ပြန်ရောက်တဲ့အခါ ကျောင်းတိုက်ကြီးတွေ အသီးသီး ဆောက်လုပ်လှူဒါန်းကြတာ။

     ကောသမ္ဗီပြည်မှာ ဘုရားရှင်နဲ့ နောက်ပါသံဃာတွေအတွက် ကျောင်းတိုက်ကြီး သုံးတိုက်ကလည်း ရှိနေ၊ သူဌေးသူကြွယ်တွေ အပါ  အဝင် ပြည်သူပြည်သားတွေကလည်း သဒ္ဓါတရား ကောင်းကြလို့ လမ်းအလိုက် ရပ်ကွက်အလိုက် ဆွမ်းလောင်းလှူတဲ့ အသင်းအဖွဲ့တွေတောင် ရှိကြတယ်ဆိုတော့ ဘုရားရှင်ရဲ့ တပည့်သားရဟန်း တော်တော်များများဟာလည်း ကောသမ္ဗီပြည်ကိုကြွလာကြပါတယ်။  ကြွရောက်လာသမျှ ရဟန်းတော်များကို မြို့သူ မြို့သားများကလည်း တခဲနက် ကြိုဆိုကြတာပါပဲ။

    ဒီခေတ်လိုလက်ကိုဝှေ့ယမ်းပြီး ကြိုကြတာတော့ မဟုတ်ပါဘူး။ ဒေသယဉ်ကျေးမှုအရ လက်အုပ်ချီပြီး ကြိုဆိုကြတာပါ။ အဓိပ္ပာယ် ကတော့အတူတူပါပဲ။ လက်အုပ်ချီတဲ့ လက်များကလည်း စကားနှစ်ခွန်းကို ပြောဆိုနေတာပဲ ဆိုတာ နောက်ကြုံမယ့် ဖြစ်ရပ်များ ကထင်ရှားအောင် ပြပါလိမ့်မယ်။

   မြတ်စွာဘုရားရှင် ကောသမ္ဗီပြည် ဃောသိတာရုံကျောင်းမှာ သီတင်းသုံးနေတဲ့ အချိန်မှာပဲ ဝိနည်းဆောင် ရဟန်းနဲ့သုတ္တန်ဆောင် ရဟန်းတို့ တခြားကျောင်းတိုက် တစ်ခုမှာ အတူတူနေကြတယ်။

     ဖြစ်ချင်တော့ တစ်နေ့မှာ သုတ္တန်ဆောင်ရဟန်းက ဝစ္စကုဋီ(သန့်စင်ခန်း)သွားပြီးတဲ့အခါ သန့်စင်ရေသုံးတဲ့ ရေခွက်ကိုရေလက်ကျန်နဲ့ ဒီအတိုင်းထားခဲ့မိသတဲ့။ အမှန်ကတော့ ဒီလိုထားခဲ့ရင် ရေညှိပိုးလောင်းကောင်များ ဖြစ်စေနိုင်တဲ့အတွက်  “သုံးပြီးသန့်စင်ရေခွက်ကို မှောက်ပြီး ထားခဲ့ရမယ်၊ ဒီအတိုင်း ပက်လက်ထားခဲ့ရင် ဒုက္ကဋ်အာပတ် သင့်စေ”လို့ ဘုရားရှင်က ပညတ်ထားပြီးသား။ ဒါကို မသိလို့ သုတ္တန်ဆောင်ရဟန်းက ဒီအတိုင်းထားခဲ့တာ။

    အဲဒါကို ဝိနည်းဆောင်ရဟန်း ကုဋီအိမ်တက်တဲ့အခါမှာ တွေ့တော့ ထွက်လာတဲ့အခါမှာ သုတ္တန်ဆောင်ရဟန်းကိုမေးတယ်။ သုတ္တန်ဆောင်ရဟန်းကလည်း အမှန်အတိုင်းပဲ ဝန်ခံပါတယ်။  “အာပတ်သင့်မှန်း မသိလို့ ထားခဲ့တာပါ၊ အာပတ်သင့်ရင် ဒေသနာကြားပါမယ် ”လို့လည်း ရိုးရိုးသားသားပဲ လျှောက်ထားပါတယ်။ အဲဒီကျတော့ ဝိနည်းဆောင်ရဟန်းက  “စေတနာမရှိဘဲမေ့လျော့ပြီး ထားခဲ့မိတာဆိုရင် အာပတ်မသင့်ပါဘူး” လို့ ပြောပြန်ရောတဲ့။

      ဒါလည်း အမှတ်တမဲ့ မှားသွားတာပါ။ အမှန်ကတော့ခုလို ထားခဲ့တာဟာ စေတနာရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဒုက္ကဋ်အာပတ် သင့်တာပါပဲ။
ဒါကို ဝိနည်းဆောင်ရဟန်းက ကာယကံရှင်ကို ပြန်မပြောဘူး၊ သူ့တပည့်တွေကိုကျတော့  “ သုတ္တန်ဆောင်ရဟန်းဟာအာပတ်သင့်တာကိုတောင် ဘာမှမသိဘူး” ဆိုပြီး ရှုတ်ချစကားပြောပြန်ရော။
    ဒါနဲ့ပဲ ဝိနည်းဆောင် ရဟန်းအုပ်စုက သုတ္တန်ဆောင်ရဟန်းရဲ့ တပည့်တွေနဲ့ တွေ့တဲ့အခါ “ သင်တို့ရဲ့ ဥပဇ္ဈာယ်ဆရာဟာ အာပတ်သင့်တာတောင် သင့်မှန်း မသိတဲ့ဆရာပဲ”ဆိုပြီး ကဲ့ရဲ့စကား ပြောကြပြန်ရော။ သုတ္တန်ဆောင်ရဟန်းများကလည်း “ ဝိနည်းဆောင် ဆရာဟာ ခုတစ်မျိုး နောက်တစ်မျိုးနဲ့ မုသားစကားပြောသူ” ဆိုပြီး ပြန်လည် ချေပကြတာပေါ့။

    ဒါနဲ့ပဲ အမှန်ကတော့ ဒေသနာကြားလိုက်ရင် ပြီးးသွာားမဲ့ “အမှိုက်လောက်ကိစ္စလေးကနေ အတင်းးအဖျင်းး“လေ”တွေဝှေ့ပစ်လိုက်ကြလို့ အချင်းးချင်းး“ပြဿဒ်မ်မီးးလောင်”ဆိုတဲ့အဆင့်ရောက်ေ အာင် ပဋိပက္ခ္ခေတွေ ဖြစ်ကုန်ကြတော့ တာ။ နောက်ဆုံး တော့တစ်ဦးနဲ့တစ်ဦး အသင်းအပင်းတွေစုကြပြီး ငြင်းကြ၊ ခုံကြနဲ့ တစ်သိမ်တည်းမှာ ကံကြီးကံငယ်တွေ အတူမပြုနိုင်၊ အတူတကွ ပေါင်းသင်း ဆက်ဆံခြင်း လည်း မပြုနိုင်လောက်အောင်အထိ ပဋိပက္ခတွေ ကြီးထွားလာကြတယ်။

     အဲဒီလို အခြေအနေမျိုးဖြစ်နေတာကို ရဟန်းတစ်ပါးက မနေသာတော့ပဲ မြတ်စွာဘုရားရှင်ကို သတင်းပေးလျှောက်ထားတဲ့အခါ ဘုရားရှင်က “ဒါဟာ ရဟန်းသံဃာကွဲပြားဖို့ ဖန်လာတဲ့ ကိစ္စကြီး”ဆိုတာ သိတော်မူလို့ နှစ်ဘက်ရဟန်းများရှိရာကို ကိုယ်တိုင်ကြွပြီး ညီညွတ်သင့်မြတ်အောင် သာဓကဝတ္ထုများနဲ့ပါ အကျယ်တဝင့် အေးအေးဆေးဆေး ပြောဆိုဆုံးမတော်မူပါတယ်။

    ပုထုဇဉ်တွေချည်း ဖြစ်ကြတဲ့ ဒီပဋိပက္ခက လောကကျိုး သာသနာကျိုးကို ကြည့်တာမဟုတ်ဘဲ အတ္တမာန်တွေ ကိုယ်စီနဲ့အပြိုင် အဆိုင် ဖြစ်ကြတာဆိုတော့ အမှားအမှန် ကွဲပြားရေးက အဓိကမဟုတ်တော့ဘဲ အရှုံးအနိုင် ကွဲပြားရေးကိုသာ အဓိကအားသန်နေကြတာဖြစ်လို့ ဘယ်လိုမှ ပြေငြိမ်းအောင် ဟောပြောဆုံးမလို့ မရဘဲ တင်းမြဲတင်းခံနေကြတယ်။

     ဒါနဲ့ ဘုရားရှင်ကလည်း “ဒီရဟန်းတွေဟာ ခုလို ကွဲပြားခြင်းရဲ့ ဆိုးကျိုးကို ကိုယ်တွေ့ ကိုယ်ကြုံခံစားလာရတော့မှ သံဝေဂရပြီး ငြိမ်းသွားကြမှာ” ဆိုတာသိမြင်တော်မူတဲ့အတွက် ကောသမ္ဗီမြို့ကနေ ထွက်ခွါပြီး ဥပါလိသူကြွယ်ရဲ့ အခွန်စားကျေးရွာဖြစ်တဲ့ “ဗာလကလောဏက” ရွာကိုပထမဆုံး ကြွတော်မူတယ်။ အဲဒီ အရပ်မှာ တစ်ပါးတည်း ဧကစာဆောက်တည်နေတဲ့ အရှင်ဘဂု မထေရ်ကို ရွှင်လန်းဝမ်းမြောက်ဖွယ်ရာ အားပေးစကားများနဲ့ ပြောကြားချီးမြှောက်ပြီးတော့မှ ပါလိလေယျက (ပလလဲ)ဆိုတဲ့ ဆင်မင်းကြီးရှိရာ အရပ်ဆီကို ဝါဆိုဝါကပ်ဖို့ ခရီးဆက်ကြွတော် မူပါတော့တယ်။

  ညီညွတ်ရာမှာသာ မွေ့လျော်၊ ပျော်ပိုက် နှစ်သက်တော်မူတဲ့ ဘုရားရှင်ဟာ မညီညွတ်တဲ့ နေရာမှာ နေရတာထက်တစ်ပါးတည်း ဧကစာသီတင်းသုံး ဝါကပ်နေရတာက ပိုကောင်းတယ်လို့ ဆုံးဖြတ်ပြီး ကြွတော်မူခဲ့တာပါ။

---------___---------

မြတ်စွာဘုရားရှင် စွန့်ခွါကြွသွားတော်မူပြီးတဲ့ နောက်မှာ ကောသမ္ဗီရဟန်းတို့ ဖြစ်ပျက်နေပုံကတော့ -မြတ်စွာဘုရားရှင်ပလလဲတောမှာ ဝါကပ်သီတင်းသုံးနေတဲ့ ဝါတွင်းမှာပဲ ကောသမ္ဗီမှာရှိကြတဲ့ ကျောင်းဒကာ ဃောသကသူဌေးကြီးအပါအဝင် ဒကာ ဒကာမတွေက ဃောသိတာ ရုံကျောင်းတိုက်ကို သွားကြတဲ့အခါ ဘုရားရှင်ကို မဖူးတွေ့ကြရတော့ဘူး။  “မြတ်စွာဘုရားရှင်အခုဘယ်မှာ သီတင်းသုံးနေပါသလဲ” လို့ လျှောက်ထားတဲ့အခါမှာတော့ ရဟန်းတော်တို့က ဖြစ်ကြောင်းကုန်စင်ကို ပြောပြပြီး

      “အခု ပလလဲတောမှာ တစ်ပါးတည်း ဝါကပ်တော်မူနေရတယ်” ဆိုတဲ့အကြောင်း ဝမ်းနည်းစရာစကားနဲ့ ဖြေကြားကြတယ်။
အကြောင်းစုံကို သိလိုက်ရတဲ့ ကောသမ္ဗီပြည်သားတွေက အားလုံးတညီတညွတ်တည်း စည်းဝေးတိုင်ပင်ကြပြီး  “ ဒီရဟန်းတွေဟာ ဘုရားရှင်ရဲ့ သာသနာတော်မှာ ရဟန်းပြုကြပါလျက်နဲ့ ဘုရားရှင်က ညီညွတ်အောင် ဟောပြဆုံးမတာကို လက်မခံကြဘူး။

      ဒီရဟန်းတွေရဲ့ မာန်မာနတွေကြောင့်ပဲ တို့တတွေ မြတ်စွာဘုရားရှင်ကို အချိန်ကြာကြာ ဖူးမြော်ခွင့် ဆုံးရှုံးရတယ်။ ဒီရဟန်းတွေကိုရှိခိုးရိုသေ၊ ဖူးမြော်လှူဒါန်း ဘာမှ မလုပ်ကြစတမ်း” ဆိုပြီး ကတိကဝတ် ထားလိုက်ကြတယ်။ ပစ္စည်းလေးပါးလည်း မလှူဒါန်း၊အရိုအသေလည်း မပေးကြတော့ဘူး။ ကြွလာစဉ်က ချီခဲ့တဲ့ လက်အုပ်တွေက ခါထုတ်တဲ့ စကားကို ပြတ်ပြတ်သားသား ပြောလိုက်ပြီ။

     အစာအာဟာရ ခေါင်းပါးပြတ်လပ်တဲ့ ဒဏ်ကို ဘယ်ကြာကြာ ခံနိုင်မလဲ နှစ်ရက် သုံးရက်အတွင်းမှာပဲ နောင်တတွေရကြပြီး စိတ်ကောင်း စိတ်ဖြောင့်တွေ ပြန်ဝင်ကြလို့ အချင်းချင်းလည်း တောင်းပန်ဝန်ချ ကန်တော့ကြပြီး ညီညွတ်သွားကြပါတယ်။

   ဒါပေမဲ့ ဒကာ ဒကာမတွေက ဒီလောက်နဲ့ မကျေနပ်ကြသေးပါဘူး၊ “မြတ်စွာဘုရားရှင်ကို ကျေနပ်အောင် ကန်တော့ပြီးမှသာ တပည့်တော်တို့ကလည်း အရှင်ဘုရားတို့အပေါ်မှာ ရှေးကလို ပူဇော်ကန်တော့ လှူဒါန်းတာတွေ လုပ်ကြပါမယ်” ဆိုပြီး တင်းထားကြတယ်။ ဝါတွင်း ကာလဖြစ်လို့ မြတ်စွာဘုရားရှိရာကို သွားရောက် မကန်တော့နိုင်ကြတဲ့အတွက် အဲဒီရဟန်းတော်တွေဝါတွင်းသုံးလလုံး ဆင်းရဲငြိုငြင်စွာနဲ့ပဲ ကုန်လွန်စေ ကြရတယ်။

    ဝါကျွတ်ပြီးချိန်မှာ ဘုရားရှင်ကလည်း သာဝတ္ထိပြည် ဇေတဝန်ကျောင်းတိုက်ကို ပြန်ြွကလာပြီဖြစ်လို့ ရဟန်းတော်များ လည်းဇေတဝန်ကျောင်းတိုက်ကို အားလုံး တစ်စည်းတစ်ရုံးတည်း သွားရောက်ကန်တော့ ကြပါတယ်။ မြတ်စွာဘုရားရှင်က ဓမ္မ အဓမ္မနဲ့ပတ်သက်ပြီး အပြည့်အစုံ ဟောညွှန် ဆုံးမတော်မူပြီး နောက်ဘိတ်ဆုံး “လောကထဲမှာ .. ငါတို့ဟာ သေမင်းထံပါးကို အချိန်တိုင်းသွားနေကြသူတွေပါလား”လို့ မသိကြတဲ့ ရဟန်းများက ခိုက်ရန်အတင်း ငြင်းခုံခြင်းကို ပြုနေကြတယ်။

    သိကြတဲ့ ရဟန်းများ ကတော့ ခိုက်ရန်အတင်း ငြင်းခုံခြင်းကို သမ္မာပဋိပတ်အကျင့်မြတ်နဲ့ ကင်းပြတ်ချုပ်ငြိမ်းကြရတယ် ” ဆိုတဲ့ ဩဝါဒရဲ့အဆုံးမှာလာရောက် ကန်တော့ကြတဲ့ ရဟန်းအားလုံး သောတာပန်စတဲ့ အရိယာတွေ ဖြစ်ကုန်ကြတယ်။ ကောသမ္ဗီပြန်ရောက်တဲ့အခါ ဒကာ ဒကာမတွေကလည်း ကျေနပ်ဝမ်းသာတဲ့ လက်အုပ်များနဲ့ ကြိုဆိုကြပြီး အစဉ်အလာမပျက် ကြည်ညိုပူဇော်ကြပါတယ်။

    ဒီဖြစ်ရပ်ကို အကြောင်းပြုပြီး တချို့ပုဂ္ဂိုလ်များက  “သံဃာအား ဘုရားမခံနိုင်”လို့ ပြောလေ့ရှိကြတယ်။ သူတို့ကကောသမ္ဗီက သံဃာတွေရဲ့ အားကို မခံနိုင်လို့ ဘုရားရှင် ကောသမ္ဗီကို စွန့်ခွါသွားရတဲ့ အဖြစ်ကို ကြည့်ပြီး ပြောကြတာပါ။

   အမှန်ကတော့ ဘုရားရှင်မှာ ဘယ်လို ပုဂ္ဂိုလ် ဘယ်လိုသံဃာရဲ့ စွမ်းအားကိုမှ မခံနိုင်ဘူးဆိုတာ မရှိပါဘူး။ တကယ့်အဓိပ္ပာယ် စစ်စစ်က ကောသမ္ဗီပြည်သူတွေက  “ဘုရားရှင်ကို ကျေနပ်အောင် မပြုနိုင်ကြရင် ဒီလို သံဃာကို မကိုးကွယ်တော့ဘူး” လို့ ဆုံးဖြတ်ခါထုတ် လိုက်တာဖြစ်လို့ ဆိုခြင်းဆိုရင်  “ ဘုရားအား သံဃာမခံသာ” လို့သာ ဆိုရမယ်ထင်ပါတယ်။

   ငယ်ငယ်က ဖတ်ခဲ့ရဖူးတဲ့ တော်လှန်ရေး အောင်ပွဲဂုဏ်ပြုကဗျာထဲက စကားပိုဒ်အတိုင်း ယူပြီးပြောရမယ်ဆိုရင်တော့  “ မြင့်မြတ်စစ်ခင်း၊ ပြည်သူတင်းသော်၊ ဘယ်မင်း ဘယ်စိုး၊ ဘယ်လူမျိုးမှ၊ မဆိုးမသွမ်းနိုင်တကား” ဆိုတဲ့ သဘောမျိုး ဖြစ်သွားရတာပါပဲ။

   ကဲ .. အခု ပြည်သူကို စွမ်းနိုင်ရာက အလုပ်အကြွေးပြုဖို့ သွားကြမယ်ဆိုတဲ့ လူငယ်များအနေနဲ့ကော ပြည်သူတွေဝှေ့ယမ်းပြတဲ့ (အသက်ဂုဏ်ဝါ ကြီးသူများကိုဆိုရင်တော့ လက်အုပ်ချီပြတဲ့ပေါ့လေ)လက်များရဲ့ စကားကို ကြားတတ် နားလည်တတ် ကြပြီးလား။ ဒီအတွက် အသင့်ဖြစ်ပြီ ဆိုရင်တော့ ဘာမှ စိုးရိမ်ဝန်လေး မနေကြနဲ့ သွားတာသွားကြပါ။ မြတ်စွာဘုရားရှင် မိန့်ကြားသလိုပဲ ကိုယ့်ဘက်က ယဉ်ကျေးပြီးနေ ရင် ရောက်လေရာရာမှာ ယဉ်ကျေးတဲ့ တုံ့ပြန်မှုများနဲ့သာ တွေ့ကြုံရမှာပါ။
      အားလုံး သိထားကြတဲ့အတိုင်းပဲ မြန်မာနိုင်ငံသူ နိုင်ငံသားတွေဆိုတာ ပင်ကိုယ်အားဖြင့် အလွန်ချစ်ခင် တတ်ကြသူတွေပါ။
ဒီလို ပြည်သူတွေမှာ အမုန်းဓာတ်တွေ ပေါ်လာနေတယ်ဆိုရင်တောင် ဒါဟာ ပင်ကိုယ်စိတ်ဓာတ် မဟုတ်ပါဘူး။ ချစ်စရာတွေပျောက်ဆုံးနေလို့သာ ယာယီသဘောမျိုး ဖြစ်လာရတဲ့ စိတ်ဓာတ် ဖြစ်တာ သေချာပါတယ်။ ချစ်စေလိုသူတွေက ချစ်စရာကိုပီပီပြင်ပြင် ပြနိုင်လို့ကတော့ ပင်ကိုယ်ကမှ ချစ်တတ်ကြတဲ့ ပြည်သူတွေဟာ ချစ်လိုက်ကြမယ့်ဖြစ်ခြင်း၊ ထမင်းမေ့ ဟင်းမေ့တောင်ဖြစ်သွားလောက်တယ်။

 ဘယ်အရာမဆို၊ ချစ်စေလို
ချစ်စရာကို ပြပေးပါ။
ချစ်စရာမြင်၊ ချစ်တတ်တာ
တို့ ပြည်သူရဲ့ ဗီဇပါ။

ကဲ .. ဩဝါဒနဲ့ အကြံဉာဏ်ပေးပါဆိုလို့ ပေးလိုက်ရတာပဲ။  “ကြိုက်သော်ယူလေ၊ မကြိုက်ပေမူ၊ ရှာဖွေပါဦး၊ ဤခေတ်ထူး၌၊ ဆည်းပူးနိုင်မှ၊ တန်ကာကျလိမ့်” ဆိုတဲ့ ရှေးလူကြီးသူမတို့ရဲ့ စကားနဲ့ပဲ နိဂုံးချုပ်လိုက် ပါတော့မယ်။

ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)
ရောက်လာသူအပေါင်းရွှင်လန်းချမ်းမြေ့ကြပါစေ..ရွှေဝန်းရတနာ..(၂၀.၆.၁၂) ဗုဒ္ဒ္ဒ္ဒဟူးနေ့
 
up
 
Back

1 comment:

  1. စာကြွေးတွေရှင်းရင်းရောက်လာပါတယ်ဘုရား ကိုယ်စိတ်နှစ်ပါးရွှင်လန်းချမ်းမြေ့ပါစေ

    ရိုသေလေးစားစွာဖြင့်

    မဒိုးကန်

    ReplyDelete