Tuesday, June 7, 2011

စင်္ကာပူနိုင်ငံဓာတ်တော်တိုက်ကျောင်း၌ကျင်းပသောရွှေပေါက်ပင်ဆရာတော်၏ကျွတ်ပွဲလွတ်ပွဲ

                       ကျွတ်ပွဲလွတ်ပွဲ၌ရွှေပေါက်ပင်ဆရာတော်နှင့်တကွဒါယကာ၊ဒါယိကာမတို့က
                           ဆွမ်း၊ပန်း၊ဆီမီး၊ရေချမ်း၊သစ်သီးဆွမ်း၊တို့ကို ဘုရားရှင်အားဆက်ကပ်
                                                              လှူဒါန်းကြစဉ် 

                                                   ရွှေပေါက်ပင်ဆရာတော်၏နဝင်းကျင့်စဉ်
အရဟံအစ  ဘဂဝါအဆုံး ဂုဏ်တော်ကိုးပါးလုံးနှင့် ပြည်စုံတော်မူသော
မြတ်စွာဘုရား။ တပည့်တော်(...........)နေ့သား/သမီးသည်(.............)
ခုနှစ်၊(.........)၊လ၊(.......)ရက်နေ့မှစ၍(၉) ရက်တိုင်တိုင် တစ်နေ့(၉)
ပတ်တိတိဖြင့် ည/နံနက်(၉) နာရီတိတိအချိန်တွင် နဝင်းအကျင့်မြတ်
ကို ပွါးများအားထုပ်ပါမည်ဟု၊သစ္စာ အဓိဋ္ဌာန်ပြုအပ်ပါသည်အရှင်မြတ်
ဘုရား။
            ဤသစ္စာစကားသည် မှန်ကန်ပါ၏ ထိုသစ္စာအရာ၌၊နဝင်း
ဘိုးတော်ကြီးတိုသည်၎င်း၊မြို့စောင့်၊နယ်စောင့်၊သာသနာစောင့်၊နတ်
မင်းကြီးတို့သည်၎င်း၊ဘုမ္မဇိုဝ်း၊ရုက္ခဇိုဝ်း၊အာကာသဇိုဝ်း၊တို့သည်၎င်း၊
တောစောင့်၊တောင်စောင့်တို့သည်၎င်း၊အတွင်း(၃၇)မင်း၊အပြင်(၃၇)မင်း
တို့သည်၎င်း၊အိမ်စောင့်မြေစောင့်တို့သည်၎င်း။သက်သေအရာတည်ပါစေ
သား  အရှင်မြတ်ဘုရား။
       ဤသစ္စာမကျိုးမပေါက်ခဲ့သော် တပည့်တော်အား(လိုသောဆု) 
                ပြည့်စုံပါစေသတည်။

                     ပွါးနည်း.......
၁။အရဟံ
၂။သမ္မာသမ္ဗုဒ္ဓေါ
၃။ဝဇ္ဇာစရဏသမ္ပန္နော
၎။သုဂတော
၅။လောကဝိဒူ
၆။အနုတ္တရောပုရိသဒမ္မသာရထိ
၇။သတ္ထာဒေဝမနုဿာနံ
၈။ဗုဒ္ဓေါ
၉။ဘဂဝါ
ပုတီစိပ်ပုံမှာ အရဟံတစ်လုံးချ၊သမ္မာသမ္ဗုဒ္ဓေါတစ်လုံးချအစရှိသဖြင့်
စိပ်ရပါမည်။   


                                                            

သိဒ္ဓိပြီးတဲ့ စိတ်ပုတီး



 “ကံစမ်း မန်းတက်၊ ဉာဏ်စမ်း ဆန်းကျက်” ဆိုတဲ့ စကားပုံ ဟိုယခင်က မန္တလေး စာသင်သား လောကမှာ တွင်ကျယ် ခဲ့ပါတယ်။ စာရေးသူလည်း မန္တလေးမြို့မှာ ထိုစဉ်က စာသင်သား ကိုရင်ငယ်ဘဝနဲ့ပါ။ မိမိရဲ့ ရှေးဘုန်း ရှေးကံ အဘယ်မျှ ရှိတယ် ၊ မရှိဘူး ဆိုတာကို စမ်းချင်ရင် မန္တလေးမြို့တော်တက်ပြီး စာသင်သား အဖြစ်နဲ့ ဆွမ်းခံကြည့်က သိနိုင်တာကို ပြောလိုရင်း ဖြစ်ပါတယ်။ ဆွမ်းခံထွက်လို့ ဆွမ်း၊ ဆွမ်းဟင်း ပြည့်ပြည့် စုံစုံ ရတယ်ဆိုရင် ရှေးဘုန်း ရှေးကံ ရှိတယ်။ အကယ်၍ မရဘူး ဆိုရင်တော့ မိမိမှာ ရှေးဘုန်းရှေးကံ မရှိဘူးပေါ့။

မန္တလေးဆိုတာ စာသင်သားက အလွန်များတော့ စာသင်သား အများစုမှာ ဆွမ်းခက်ခဲ လှပါတယ်။ စာသင်သား တိုင်း ဘုံလောင်းကိုဘဲ အားကိုးပြီး ဘုံလောင်းတိုး စားကြရတယ်။ သဒ္ဓါပေါက်သူက မိမိအိမ်ရှေ့၊ သို့မဟုတ် ဘုရားကြီး အရှေ့မုခ်တို့လို ဆွမ်းခံသံဃာများစွာ ဖြတ်သွားဖြတ်လာများတဲ့ နေရာတွေမှာဆွမ်း၊ ဆွမ်းဟင်းအိုးတွေကို စားပွဲပေါ်မှာ တင်ပြီး လာသမျှ ဆွမ်းခံ သံဃာတွေကို လောင်းလှူတာကို ဘုံလောင်းလို့ ခေါ်ဆိုပါတယ်။

ဘုံလောင်း ဘယ်နေရာမှာ လောင်းနေတယ်ဆိုတာကို ဆွမ်းခံသံဃာ အချင်းချင်း သတင်းပေး သွားကြတော့ ဆွမ်း၊ ဆွမ်း ဟင်းသာ ပြတ်သွားတယ်၊ သံဃာပြတ်သွားတယ်ဆိုတာ မရှိဘူး။ ဘုံလောင်း တိုးနိုင်ပါမှ မျိုးမျိုး မြက်မြက် ဆွမ်းဟင်း ဘုဉ်းပေး ကြရတော့ သူရောကိုယ်ပါ ဘုံလောင်း လောင်းတဲ့ နေရာသို့ ချီတက်ကြရတယ်။

ရွှေမန်သူ ၊ရွှေမန်းသား ကုသိုလ်ရှင်များကလည်း အဲလို ဆွမ်း၊ ဆွမ်းဟင်းကို တိုးပြီး အလှူခံ ကြတာကိုဘဲ ကြည့်ပြီး ကြည့်နူး ဝမ်းသာကြတယ်။ ဘုံလောင်း လှူနေရတာကို ပျော်ကြတယ်။ အချို့သံဃာက နှစ်ခေါက် သုံခေါက် ကြော့ပြီး အလှူခံနေရင်လည်း  ကိုယ်တော် နှစ်ခါ သုံးခါရှိပြီးနော်လို့”  နောက်ကြတယ်။ နောက်မှလာတဲ့ သံဃာက ကျော်ပြီး ရှေးကနေ ဖြတ်တက် အလှူခံ ရင်လည်း “ ကိုယ်တော် နောက်ကနေ တန်းပါလို့” လျှောက်ကြတယ်။

ဆွမ်းခံသံဃာ အတန်းကြီးက ရှည်တော့ ကိုယ့်အလှည့် ရောက်ပါမှ ဆွမ်း၊ ဆွမ်းဟင်း ကုန်တာနဲ့ ကြုံလို့ ကြေကွဲခဲ့ရတဲ့ ဖြစ်အင်တွေ ကလည်း ဆွမ်းခံ သံဃာတိုင်း ခံစားဘူးကြတော့ စာနာစိတ်နဲ့ ရှေးကနေ ဖြတ်ကျော်တက်ပြီး ခံယူတဲ့ သံဃာက ရှားလှပါတယ်။ စာချဆရာတော်ကြီးတွေလည်း ဘုံလောင်း တိုးကြရတာမို့ မိမိစာဝါ လိုက်နေတဲ့ စာချဘုန်းကြီးနဲ့ တိုးလို့ နောက်ဆုတ်ပေး ပေးပေမဲ့ စာချဘုန်းကြီးတွေက အခွင့်အရေး မယူရှာကြဘူး နောက်ကနေဘဲ ဝင်တန်းကြတယ်။

သို့ပေမဲ့ စိန်ပြေနပြေ လောင်းလို့ကတော့ မရဘူး၊ စာဝါအမှီ ကျောင်းပြန် ရောက်ကြရမှာမို့ အလုအယက် ဝုခွက်ကို ထိုးပေး နေကြ တာဆိုတော့ တိုးတိုး ဝှေ့ဝှေ့ သွက်သွက် လက်လက် လောင်းကြရတာပေါ့။(ဆွမ်းဟင်းထည့်တဲ့ခွက်ကို ဝုခွက်လို့ ခေါ်တယ်။) အဘယ်မျှ ဘုံလောင်း တိုးကြသလဲဆိုရင် မင်းတုန်းမင်းကြီး လက်ထက်တော်က ဆွမ်းခံသံဃာတွေ စီတန်းပြီး မခံယူဘဲ တိုးကြ လွန်းလို့ ဘေးမှနေ ဆင်တွေနဲ့ ကာရံပြီး လောင်းကြရသတဲ့။ ဒါတောင် တချို့သံဃာက ဆင်ကို သပိတ်ဖုံးနဲ့ ပိတ်ခုတ် လိုက်ရင် ဆင်က နောက်ဆုတ် ပေးရှာတယ်လို့ စာချဆရာတော်က စာချရင်း ပြောပြတယ်။

ကြာနီကန်ဆရာတော် ဟောသလို စာသင်သားတိုင်း  “စ-ဒ-ဘ-ဝ”  တွေချည်မို့ ဘုန်းကံနဲပေမဲ့ ရွှေမန်းမှာ စာသင်သားတွေ ပျော် ကြတယ်။ ကိုယ်ဒေသ ကိုယ်ပြန်ရင်လည်း မန်းပြန်ဆိုတဲ့ ဂုဏ်က မသေးလှဘူး။

စ-ဒ-ဗ-ဝ-ဆိုတာ စောစောထ၊ ဒုန်းပြေး၊ ဘုံလောင်းတိုး၊ ဝအောင်စား-ဆိုတာကို အတိုကောက် ပြောတာ၊ စောစောထကြ ရတယ်၊ စောစောမထနိုင်ရင် ဘုံလောင်းနဲ့ မကြုံနိုင်ဘူး၊ ဘုံလောင်းက မိုးလင်းတာနဲ့ ကုန်တာများတယ်။

ဘုန်းကံနည်းသူများ ဘုံလောင်းတိုးပြီး ဆွမ်းခံကြရတာမို့ ဝီရိယရှိကြရတယ်၊ ဘုံလောင်းကလည်း နေစဉ်ရှိတတ်တာ မဟုတ်၊ ရှိဦးတော့ ကြုံဦးမှ ဆိုတော့ မန္တလေး  လေးပြင်လေးရပ် စာသင်သား အများစုမှာ ဆွမ်းက ခက်ခဲလှပါတယ်။ ဆွမ်းခံပြန်လာရင် ဘုရားကြီးဝန်းကျင်ရှိ စာသင်တိုက် သံဃာတိုင်းက ဘုရားကြီးထဲဝင်ပြီး မဟာမြတ်မုနိ ရုပ်ပွားတော်ကြီး ကို မိမိတို့ ပင်ပင်ပန်းပန်း ခံလာတဲ့ဆွမ်း၊ ဆွမ်းဟင်းကို သပိတ်လိုက် ဆွမ်း ဝင်ကပ်ကြတယ်။ ပြီးမှ ကျောင်းပြန်၊ အစာပြေစား၊ ပြီးတော့မှ စာဝါပြေး ကြရတယ်။ နေ့လည် (၁၁)နာရီခွဲ လောက်မှာ မနက်က အကျန်လေးကို စုပေါင်း ဝိုင်းဖွဲ့ပြီး ရေနွေးနဲ့ မျှောကြ ရတယ်။ ထိုစဉ်က မန္တလေးမှာ ရေက ရှားလှလို့ ဆွမ်းခံပြန်တော့ ရေမချိုးကြရဘူး။

မန္တလေးမှာ စာသင်ဖူးတဲ့ စာသင်းသားတိုင်း၊ ယနေ့ ကျော်ကြားနေတဲ့ ဆရာတော်ကြီးများ အပါအဝင် ဘုံလောင်းတိုးပြီး စားခဲ့ရသူက များလှပါတယ်။ လွမ်းမိပါသေးတော့တယ်။ စာရေးရင်းတောင် မျက်ရည်စို့ဝဲပြီးလာတယ်။ ဘုံလောင်းတိုး ဆွမ်းခံစားရတဲ့ သံဃာအပြင် မန္တလေးမှာ ဆွမ်းခံသံဃာက ရပ်ကိုယ်တော်၊ ထိုင်ကိုယ်တော်၊ တို့ကိုယ်တော် ဆိုပြီး ရှိပြန်တယ်။

ရပ်ကိုယ်တော်ဆိုတာ အိပ်ရှေ့မှာ ဆွမ်းခံ လာရပ်လို့ ဆွမ်းတစ်ဇွန်းလောက် လောင်းပေးရတဲ့ သံဃာကို ဆိုတာ။ ထိုင်ကိုယ်တော်ဆိုတာ အိမ်ရှေ့မှာ ထိုင်ခုံလေးရယ်၊ စားပွဲရယ်၊ ဆွမ်း၊ ဆွမ်းဟင်း ထည့်ထားတဲ့ အုပ်ရယ် ထားပြီး မိမိတို့ကို ဆွမ်းခံဖိတ်စဉ်က လိုက်ခံထားလို့ လာထိုင်တဲ့ ကိုယ်တော်ဖြစ်တယ်။ ဆွမ်းနဲ့ ဆွမ်းဟင်း လောင်းကြတယ်။ မန္တလေးမြို့သူ၊ မြို့ သားများက “ တို့အိမ်မှာ ထိုင်ကိုယ်တော် ဘယ်နှစ်ပါး၊ ရပ်ကိုယ်တော် ဘယ်နှစ်ပါးဆိုပြီး”  ဂုဏ်ယူတတ် ကြတယ်။

တချို့အိမ်ဆို အပါးလေးငါးဆယ်ရှိတယ်၊ ဆွမ်းခံမှီအောင် ကြောင့်ကြစိုက်ပြီး ဝယ်ခြမ်း ချက်ပြုတ်ရတယ်၊ နေ့စဉ်ကိစ္စ ဖြစ်တယ်။ ဘုန်းကြီး ငါးပါးလောက် တစ်ခါတလေ ဆွမ်းကပ်တာကို အဟုတ်ကြီး ထင်နေတဲ့ အခြားမြို့ရွာတွေ ဘယ်လိုမှ လိုက်မမှီနိုင်တဲ့  မန္တလာသူ၊ မန္တလာသားတို့ရဲ့ သဒ္ဓါစေတနာပါ။ အများစာဆိုတော့ အသီးအရွက် ရောနှောထားတဲ့ ဆွမ်းဟင်း ဘဲ နေ့စဉ် လောင်းနိုင်ကြပါတယ် ။ ဒါကြောင့် ထိုင်ကိုယ်တော်၊ ရပ်ကိုယ်တော်တွေလည်း ဘုံလောင်းနဲ့ မကင်းနိုင်ကြဘူး၊ ဘုံလောင်းကမှ ဝက်သား အိုးကြီးချက်၊ သရက်သီးသနတ်၊ ငါးပိကျော် ရတတ်တာကို။

တို့ ကိုယ်တော် ဆိုတာကတော့ ဧည့်ခန်းမှာ ထိုင်ကြရတယ်၊ ရှယ်ဘုန်းဘုန်းပေါ့။ ကော်ဖီကပ်တယ်၊ တစ်ခါတလေ မန္တလေးရဲ့  နာမည်ကြီး မုန့်တီကပ်တယ်၊ မိသားစုစားမဲ့ ဆွမ်း၊ ဆွမ်းဟင်းကို လုံလုံ လောက်လောက် လောင်းလှူတယ်။ သူကတော့ ဘုံလောင်း တိုးစရာမလိုလို့ မိုးလင်းမှ ကြွတော်မူတယ်။ စ-ဒ-ဘ-ဝ-မဟုတ်ဘူး။ ရှေးဘုန်းရှေးကံရှိသူလို့ ဆိုတယ်။ ဒါကြောင့် ကိုယ့်ဘုန်းကံကို ဘယ်လောက်ရှိတာကို စမ်းကြည့်ချင်ရင် မန်းတက်ပြီး ဆွမ်းခံကြည်လို့ ပြောကြတာပါ။


“ဉာဏ်စမ်း ဆန်းကျက်” ဆိုတာကတော့ ဆန်းကျမ်းက ကျက်ရတာခက်လို့ မိမိဉာဏ်ဘယ်မျှကောင်းတယ်၊ မကောင်း ဘူးဆိုတာ သိချင်ရင် ဆန်းကျမ်းကို ကျက်ကြည့်ပါ ဆိုတာကို ပြောခြင်းဖြစ်တယ်။ စာရေးသူသည် ရွှေတောင်မြို့နယ်၊ ညောင်စာရေးရွာမှာ မွေးပြီး(၉)နှစ်သား၊ ရွှေမဉ္ဇူကျောင်းမှာ သင်္ကန်းဝတ်တယ်၊ အဲဒီတုန်းက ဆရာတော်ကြီးက “ ကိုရင်တွေကို မင်းတို့ မန္တလေးရောက်လို့ ဆွမ်း၊ ဆွမ်းဟင်း ကောင်းကောင်း ရချင်၊ စားချင်ရင် ပုတီးစိပ်ကြရမယ်” ဆိုကာ ညစဉ် (၇)နာရီးခွဲလောက် ဘုရားရှိခိုး ပြီးရင် စုပေါင်းတန်းထိုင်ကာ ပုတီး ကိုးပတ် ရအောင် စိပ်ကြရတယ်။

ထိုစဉ်က ရွာဆရာတော်ကြီးရဲ့ စကားကို အမှတ်ရပြီး ဆွမ်းခက်ခဲ့တဲ့ မန္တလေးမှာ ကလေးပီပီ ငတ်တော့လည်း ပုတီးကို အားထည့်ပြီး စိပ်ဖြစ်ခဲ့တယ်။ မဆိုးဘူး ဆွမ်းခံထွက်ရင် ဘုံလောင်းနဲ့တိုးတတ်တာများတယ်။ နောက်တော့ မန္တလေးမှာ ရဟန်း ဒကာမရပြီး တို့ဘုန်းဘုန်း ဖြစ်ခဲ့ရလို့ ဆွမ်းမခက်ခဲတော့ဘူး။ စာရေးသူတို့ ကိုရင်ဝတ်စဉ်က ပရိက္ခရာဝယ်ရင် သပိတ်ထဲမှာ ပုတီးပါတယ်။ယခုခေတ်လို (၁၀၈)လုံးပုတီး၊ (၂၇)လုံးပုတီး၊ (၉)လုံး ပုတီးတွေတော့ မဟုတ်ဘူး၊(၃၂)လုံး ပုတီများဖြစ်ကြတယ်။ “ ကေသာ၊ လောမာ၊  နခါ၊ ဒန္တာ၊ တစော၊ စတဲ့ သုံးဆဲ့ နှစ်ကောဋ္ဌာသကို စိပ်ဖို့ ဖြစ်ဟန်တူတယ်။

သို့ပေမယ့် ဆရာတော်ကြီးက ဂုဏ်တော်ကိုးပါးကို အနုလုံ ပဋိလုံစိပ်ရန် သင်ပေးထားလို့ (၁၀၈) လုံးပုတီးဖြစ်မှ စိပ်လို့ ရတာမို့ အဘက အိမ်ခြံဝင်းမှာ အလေ့ကျပေါက်တဲ့ ကြိမ်ပင်က ကြိမ်စေ့လေးများကို (၁၀၈)လုံး ပုတီးကုံးလေး လုပ်ပေးတယ်။ ကြိမ်စေ့က ချွန်ချွန် လုံးလုံး မာမာပြောင်ပြောင်လေးမို့ စိပ်လို့ကောင်းပါတယ်။

ဂုဏ်တော်ကိုးပါး အနုလုံပဋိလုံဆိုတာ “ အရဟံ သမ္မာသမ္ဗုဒ္ဓေါ-သမ္မာသမ္ဗုဒ္ဓေါ အရဟံ။ အရဟံ သမ္မာသမ္ဗုဒ္ဓေါ ဝိဇ္ဇာ စရသမ္ပန္နော-ဝိဇ္ဇာစရဏသမ္ပန္နော သမ္မာသမ္ဗုဒ္ဓေါ အရဟံ။ အရဟံ သမ္မာသမ္ဗုဒ္ဓေါ ဝိဇ္ဇာစရသမ္ပန္နော သုဂတော-သုဂတော ဝိဇ္ဇာစရဏသမ္ပန္နော သမ္မာသမ္ဗုဒ္ဓေါ အရဟံ”  စတဲ့ တစ်ဂုဏ်တော်ချင်းစီ တိုးတိုးပြီး အပြန်အလှန် ဘဂဝါ တိုင်အောင် စိပ်ရတာ  ဖြစ်တယ်။ သတ္ထာဒေဝမနုဿာနံ ရောက်ရင် ၅၄-လုံး တစ်ဝက်ပြည့်တယ်။ ဘဂဝါ ဗုဒ္ဓေါ သတ္ထာဒေဝမနုဿာနံ အနုတ္တရောပုရိ သဒမ္မသာရထိ လောကဝိဒူ သုဂတော ဝိဇ္ဇာစရဏသမ္ပန္နော သမ္မာသမ္ဗုဒ္ဓေါ အရဟံ-ပြန်ရောက်ရင်ရင် (၁၀၈)လုံး ကွက်တိ ဖြစ်တယ်။ အရဟံစပြီး အရဟံမှာ ဆုံးတယ်။ စိတ်မစိုက်လို့ကတော့ ပုတီးစေ့ကျန်လိုက် ပိုလိုက်ဖြစ်နေတော့တာ။

ဆရာတော်ကြီး ကပါ လိုက်စိပ်နေတာမို့ မှားတာကို သိတယ်။ ဒါကြောင့် ပြန်စိပ်ရပြန်တယ်၊ ကွက်တိကိုးပတ်ပြည့်အောင် အတော်ဂရုစိုက်ပြီး စိပ်ကြရတယ်။ ကိုးပတ်ပြည့်မှ နားကြရတယ်။ ကိုရင်ပေါက်စတွေကို သမာဓိထူထောင်ပေးဟန်တူရဲ့လို့ ကြီးမှစဉ်းစားမိတယ်။ အဲဒီအလေ့ အကျင့်ကြောင့် စာသင်သားဘဝ တစ်လျှောက်လုံး ပုတီး စိပ်ဖြစ်တယ်။

ဗုဒ္ဓသာသနာဝင် သံဃာတော်များလောကသို့ ပုတီးဘယ်ပုံဘယ်နည်း ရောက်လာတယ်ဆိုတာ သုတေသနပြုဖို့ ကောင်းတယ်။ ဘုရားရှင် လက်ထက်ကတော့ ပုတီးမစိပ်ကြဘူး။ ဝိပဿနာ တရားကိုဘဲ ဘုရားရှင်ထံက နာယူပြီး အားထုတ်ကြတယ်။ ရှေးဆရာတော်ကြီးများရဲ့  ဓာတ်ပုံများကို ကြည့်ရတဲ့အခါ ပုတီးကိုင်ထားတဲ့ ပုံတော်များကို သတိထားမိတယ်။ တရုပ်ဘုန်းကြီး ကိုရီးယား ဘုန်းကြီးတွေလည်း ပုတီးကိုင်ကြတယ်။ သူတို့ပုတီးက အလုံးပိုကြီးတာဘဲထူးတယ်။ ဗုဒ္ဓဘာသာ လူတော်တော် များများလည်း ပုတီးစိပ်လေ့ရှိကြတယ်။

စာမေးပွဲဖြေဆိုပြီးရင် အလုပ်ကလဲအား၊ စာမေးပွဲလဲ အောင်ချင်လို့ တစ်နေကုန် ပုတီးစိပ်ဖြစ်တယ်။ စာမေးပွဲတွေလည်း အောင်ခဲ့ ပါတယ်။ ဖြေနိုင်လို့လည်း ဖြစ်မှာပါ။ စိတ်ကူးမိတာလေးတွေလည်း ဖြစ်ပေါ်လာတတ်တယ်။

ထိုစဉ်က စိပ်ဖြစ်ခဲ့တဲ့ ပုတီးစိပ်နည်းမှာ ဧပြီလနဲ့ မေလထုတ် သူရဇ္ဇမဂ္ဂဇင်းမှာ ဆရာကြီး(ဦး)ဆန်းထွန်း (မန်းတက္ကသိုလ်) ရဲ့  “ ယုံစေ ချင်ပါသည်” ဆောင်းပါးနဲ့ ယင်းဆောင်းပါးကို ပြန်ညွှန်းထားတဲ့ ဆရာကိုဩ(ရန်ကုန်တက္ကသိုလ်)ရဲ့  “ ပဲခူးမြို့တော်ရှင် ဘိုးဘိုး”  မဟိဒ္ဓိမဂ္ဂဇင်းပါ ဆောင်ပါးတွေမှာ ဖေါ်ပြထားတဲ့ ပုတီးစိပ်နည်း ဖြစ်ပါတယ်။  ဆရာကြီးမင်းသိင်္ခရဲ့ မနောမယလက်ဆောင်ဆိုပြီး ပုတီးလုံး အရွယ်အစား မတူညီတဲ့ (၂၇)လုံးပုတီးနဲ့ စိပ်နည်းသည်လည်း ဆရာကြီး(ဦး)ဆန်းထွန်းဆောင်ပါးပါ နည်းဖြစ်တာကို ဖတ်ဖူးပါတယ်။
ဗုဒ္ဓဂုဏော အနန္တော ဆို၍ အနန္တောအနန္တ(၅)ပတ်၊
အရဟံ(၁၉)ပတ်၊
ကျန်းမာချမ်းသာကြပါစေ မေတ္တာပို့(၃)ပတ် ပေါင်း (၂၇)ပတ် ဖြစ်ပါတယ်။

ဤပုတီးစိပ်နည်းနဲ့ ဆရာကြီး(ဦး) ဆန်းထွန်းရဲ့ ဘဝနေထိုင်မှု တိုးတက်ပြောင်းလဲလာပုံကို ရေးသား ထားခြင်းဖြစ် ပါတယ်။ ဆရာကြီးဆောင်းပါးမှာ နွားထိုးကြီးမြို့က ပျံလွန်တော်မူသွားတဲ့ ဆရာတော်ကြီးက သူ့ အန္တိမဈာပနမှာ ဆရာကြီး ဂါထာလာဖတ် လိမ့်မယ်၊ အဲဒီကျရင် ဆရာကြီးကို ပေးလိုက်ပါ၊ စားသောက်နေထိုင်ရေး ဒုက္ခမရောက်စေဖို့ ယုံကြည်စွာစိပ်ပါလို့  မှာခဲ့ပြီး ဆရာကြီး အတွက် ရေးထားပေးခဲ့တာလို့ ဆိုရပါတယ်။ ဆရာကြီးရဲ့ ဆောင်ပါးမှာ ဆရာတော် အမည်နဲ့ ကျောင်းအမည်ကို ရေးမထား ပါဘူး။

စာရေးသူ သာမဏေကျော်စာမေးပွဲ တတိယဆင့် ဖြေဆိုရမဲ့ ၁၃၄၀-ပြည့်နှစ်က ဖြစ်ပါတယ်။ စာမေးပွဲက ပြာသိုလ် လဆန်း(၂) ရက်နေ့ စဖြေရမှာမို့ ဝါကျွတ်မှာ သူငယ်ချင်းသုံးပါးနဲ့အတူ နွားထိုးကြီးမြို့၊ ကားဂိတ်မှနေ ဝက်လူးရွာဖက်အထွက် မြို့အစပ်မှာရှိ တဲ့ ကျောင်း သစ်ကျောင်း ကို စာသွားကျက်ကြပါတယ်။ ဦးဣန္ဒသာရရဲ့ ရဟန်းဒကာများ နွားထိုးကြီးမြို့မှာရှိလို့ ဆွမ်းခံမထွက်ကြဘဲ စာကို အချိန်များများ ကျက်နိုင်တဲ့အတွက် သွားကြခြင်းဖြစ်ပါတယ်။

ကျောင်းသစ်ကျောင်း ဆရာတော်ကြီး ပျံလွန်တော်မူပြီးတာ သိပ်ကြာသေးဟန် မတူပါ၊ စာရေးသူတို့နေတဲ့ ဇရပ်ရဲ့ခြေ ရင်းရှိ အဆောက်အဦထဲမှာ လိုက်(အလောင်း)ဆင်ခဲ့စဉ်က အသုံးပြုတဲ့ မြပုခက်၊ ကရဝိတ်စတဲ့ ကနုတ်ပန်းလှီးထားတဲ့ ပစ္စည်း တွေကို အကောင်းပကတိ သိမ်းထားတာတွေ့ရလို့ပါ။ အဲဒီပျံလွန်တော်မူသွားတဲ့ ဆရာတော်ကြီး ရုပ်ကလာပ်ကို ရွှေစစ်ချပြီး ကျောင်းတိုက်ရဲ့ အရှေ့တောင်ဖက်ခြံစည်းရိုး နားကပ် လျှက် နေရာမှာ တသီးတသန့် အဆောက်အဦးဆောက်ပြီး ထားပါတယ်။ မိုးကုတ်မြို့သူ၊ မြို့သားများ အထူးကြည်ညို ကိုးကွယ်ကြ ပါတယ်။

တန်ဆောင်မုန်းလပြည့်နေ့ မရောက်ခင် နှစ်ရက်သုံးရက် အလိုတွင် မိုးကုတ်မြို့မှ ဒကာဒကာမတွေ အများအပြားလာ ရောက်ကြပြီး ဆရာတော်ကြီးရဲ့ ရုပ်အလောင်းကို ပူဇော်ကြပါတယ်။ လပြည့်နေ့မှာတော့ ပွဲပေါင်း(၁၀၈)ပွဲထိုးကြပါတယ်။ တန်ဆောင်မုန်းလပြည့်ကျော်မှာတော့ အုန်းသီးတွေ အလှံအပယ်မို့ စားလိုက်ကြတာ စာရေးသူမှာ မျက်စိတွေနီရဲပြီး ရောင်ကိုင်း အပူကန် ခဲ့ရတာကို မှတ်မိနေပါတယ်။

ဆရာတော်ကြီးက ရာသက်ပန် သတ်သတ်လွတ် ဘုဉ်းပေးတော်မူပါတယ်။ သူသီတင်းသုံးတဲ့ ကျောင်းဆောင်ပေါ် သားငါး ဆွမ်းဟင်း မတင်ရဘူး။ ဘုရားခန်းရှေ့မှာ စဥ့်အိုးကြီးထားပြီးးပရိတ်ကြီး(၁၁)သုတ်ကို နေ့စဉ် တစ်နေ့ သုံးကြိမ် အမြဲရွတ်ပါတယ်။    ရောဂါဝေဒနာ ရှိသူများကို ထိုရေမန်းပေးပါတယ်။ ဆရာတော်ကြီးရဲ့ ဘွဲ့အမည်က “ဦးကောသလ္လ”တဲ့။ ဆရာတော်ကြီးစိပ်တဲ့ ပုတီးစိပ်နည်းက ဆရာကြီးဆောင်ပါးမှာ ရေးပြ တဲ့(၂၇)ပတ် ပုတီးစိပ်နည်း ဖြစ်ပါတယ်။ ဒါကြောင့် ဆရာကြီးကို ပုတီးစိပ်နည်းပေးခဲ့တာ ထိုကျောင်းသစ်ကျောင်း ဆရာတော်ကြီး ဖြစ်မယ် ထင်ပါတယ် ။ ထိုပုတီးစိပ်နည်းကို ဒကာ၊ ဒကာမအချို့ နေလည်ပိုင်းတွင် လာရောက်စိပ်ကြတာကို တွေ့ရပါတယ်။

“ ဂိုဏ်း(ကိုင်း)အဖျားခြောက်သည်၊ ဦးကောဂိုဏ်းဟု အပြောမခံနိုင်၊ ပင်စီပင်မ ဖြစ်သည်” ဟူ၍ ဆရာတော်ကြီး ကျောင်း ဆောင် နံရံတွင် ရေးထားတဲ့စာများအနက် ယင်းစာကြောင်းကို နှစ်သုံးဆယ်ကြာ ယခုတိုင် သတိရနေပါသေးတယ်။ အခြားသူငယ်ချင်း သုံးပါးက ပုတီးစိပ်တာ အထုံမရှိ၍ ဖြစ်ဟန်တူပါတယ်၊ အဲဒီပုတီးစိပ်နည်းကို အလေးမမူမိကြဘူး၊ စာရေးသူကတော့ အဲဒီမှာထဲက စိပ်နေကျ ဂုဏ်တော်ကိုးပါး အနုလုံပဋိလုံအပြင် ထိုပုတီးစိပ်နည်းကိုပါ စိပ်ဖြစ်ခဲ့တယ်။

အဲဒီ၁၃၄၀-ပြည့် မန္တလေးမြို့၊ သကျသီဟ သာမဏေကျော် စာမေးပွဲမှာ သာမဏေကျော် တစ်ပါးတည်းသာ အောင်ခဲ့ပါ တယ်။“ ရှင်ပညာသီဟာလင်္ကကာရ”  ဖြစ်ခဲ့ရပါတယ်။ ထူးထူး ဆန်းဆန်း တစ်ပါးတည်း အောင်ခဲ့တာ သုံးကြိမ်ကြုံခဲ့ဖူးတယ်။ ၁၃၄၀-ခုနှစ်က မန္တလေးမြို့၊ အဲဒီသကျသီဟ သာမဏေကျော် စာမေးပွဲ တတိယဆင့်မှာ တစ်ပါးတည်းအောင်းပြီး “သာမဏေကျော် သာသနာလင်္ကာရဘွဲ့” ရခဲ့တယ်။
 ၁၃၄၆-ခုမှာ ရဟန်းသကျသီဟ စာမေးပွဲ စာသင်တန်းနဲ့ မဟာဝိသုဒ္ဓါရုံတိုက်သစ် ဝံသပါလဓမ္မစရိယတန်းမှာ တစ်ပါး တည်း အောင်ခဲ့ဘူးတယ်။ မဖြေနိုင်အောင် မေးတဲ့ မေးခွန်းတွေဖြစ်ခဲ့လို့ မည်သူမှ မဖြေဆို နိုင်ခဲ့ကြပါဘူး။ ထိုစာမေးပွဲများ၌ မည်သို့ ပုစ္ဆာကို ခက်အောင်    မေးတတ်တယ်ဆိုတာ ပရိယတ်လိုက်စားတဲ့ သံဃာတိုင်း သိကြပါတယ်။
အခြားသူတွေထက် စာရေးသူလည်း ထူးပြီးမတော်လှပါ၊ သူလို ကိုယ်လို့ပါဘဲ။ ဒါပေမယ့် စာရေးသူက မဖြေနိုင်ပေမယ့်   စာမေးပွဲပြီး ဂေဇက် မထွက်မချင်း တနေကုန်ပုတီး စိပ်နေတတ်တယ်။ တိုက်ဆိုင်မှုလေးတွေရှိခဲ့တယ်။ ဂေဇက်ထွက်မဲ့နေ့မှာ တစ်နေရာက ရွှေမန်းတင်မောင်ရဲ့ “ အောင်ပါစေ”  သီချင်းသံကြားလို့ကတော့ အောင်ပြီးသားဘဲ။ သူငယ်ချင်းတွေတောင် အံ့ဩခဲ့ကြရတဲ့ ဖြစ်ထွေတွေရှိခဲ့ပါတယ်။

စာမေးပွဲဖြေဆိုထားသူများ၊ အင်တာဗျူးခံရမယ့်သူများ ယုံမယ်ဆိုရင် အဲဒီ ( ၂၇ ) ပါတ် ပုတီးစိပ်နည်းကို စိပ်ကြည့်စေချင်ပါတယ်။ လွန်ခဲ့တဲ့ လေးငါးနှစ်လောက်က အမှတ်(၁) စစ်မှု့ထမ်းဟောင်းစံပြရွာ၊ (လေးဒေါင့်ကန်) သီရိဂုဏ်ဝေ ဓမ္မဗိမာန်ကျောင်း ဝင်းနဲ့ကပ်ရက် မြေကွက်မှာ စေတီတော် တည်ပေးချင်တာ၊ ရွာကလည်း စစ်မှု့ထမ်းဟောင်း အငြိမ်းစားများ နေကြတဲ့ရွာ၊စေတီတော် ကလည်း မရှိဘူး၊ ကိုယ်ကလည်း စာချဘုန်းကြီးဆိုတော့ အသိုင်းအဝိုင်း ဒကာဒကာမ တောင့်တောင့် တင်းတင်းပြည့်ပြည့် စုံစုံရှိတာ မဟုတ်တော့ စိတ်သာရှိပြီး လက်တွေ့ အကောင်အထည် ဖေါ်ဖို့ဆိုတာ အခြေအနေအရ မဖြစ်နိုင်ဘူး။ ဒါကြောင့် ရန်ကင်း၊ မိုးကောင်း ဘုရားဝင်းထဲက ရင်းနှီးတဲ့ဗေဒင်ဆရာ ဦးကံရွှေကို မေးကြည့်တယ်၊ “ ဘုရား တည်ချင်တယ်၊ ဘာလုပ်ရမလဲ” ဆိုတော့ “ ပွဲထိုးပြီး ပုတီးစိပ်ရမယ်လို့” ပြောတယ်။

“ ကောင်းပြီး၊ ပုတီးစိပ်မယ်၊ ပွဲလဲထိုးမယ်၊ဘယ်လို ပုတီးစိပ်ရမှာလဲလို့ မေးတော့”
“ ဧဝံ အစိန္တိယာ ဗုဒ္ဓါ၊ ဗုဒ္ဓဂုဏာ အစိန္တိယာ၊ အစိန္တိယျေ ပသန္နာနံ၊ ဝိပါကော ဟောတိ အစိန္တိယျော” ဂါထာ။
“ ဧဝံ အစိန္တိယာ ဓမ္မာ၊ ဓမ္မဂုဏာ အစိန္တိယာ၊ အစိန္တိယျေ ပသန္နာနံ၊ ဝိပါကော ဟောတိ အစိန္တိယျော”  ဂါထာ။
“ဧဝံ အစိန္တိယာ သံဃာ၊ သံဃဂုဏာ အစိန္တိယာ၊ အစိန္တိယျေ ပသန္နာနံဝိပါကော ဟောတိ အစိန္တိယျော” ဂါထာ(၃)ပုဒ်နဲ့
“ နမော တေ ဗုဒ္ဓဝီရတ္ထု၊ ဝိပ္ပမုတ္တောသိ သဗ္ဗဓိ၊ သမ္ဗောဓပ္ပဋိပန္နောသ္မိ၊ တဿ မေ သရဏံ ဘဝ” ဂါထာကို စိပ်ရမယ်လို့ ပြောတယ်။

ပွဲထိုးဖို့ကလည်း  မခက်ခဲလှဘူး၊ ထိုစဉ်က သီရိမင်္ဂလာဈေးမှာ အုန်းငှက်ပျော တိုက်တဲ့ကားလည်း ကျောင်းရှေ့မှာထိုးတာ မို့ ကားဆရာကို မှာလိုက်ရင် အလကားပွဲထိုးပေးတယ်၊ သူမိန်းမက ဓာတ်တွေနတ်တွေနဲ့ ပူးတာခွတာ အစွဲရှိတော့ ကျကျနန စနစ်တကျ ထိုးပေးကြ တယ်။ အမွေးတိုင် အပြင်သွေးပြီး သားနံ့သာ အထုတ်ကလေးများနဲ့လည်း ပက်ပေးဖျန်းပေး၍ အချိုးကျ အဆင်ပြေလှတယ်။

စာရေးသူကလည်း  ရွာဒကာ၊ ဒကာမတွေအတွက် ဘုရားတည် ပေးချင်တဲ့ စိတ်ကပြင်းထန်နေလို့ ညဘုရားဝတ်တက်၊ ပဋ္ဌာန်းပရိတ်ရွတ်ပြီးတာနဲ့ ဗေဒင်ဆရာပြောတဲ့ ဂါထာတွေနဲ့ ပုတီးစိပ်ဖြစ်နေ ပါတော့တယ်။ တစ်လသာသာ အကြာမှာတော့ ရွာကစစ်မှု ထမ်းဟောင်းရွာဖြစ်လို့ စစ်မှုထမ်းဟောင်း ဆိုင်ရာ အကြီးအကဲတစ်ဦး ရွာကို နောက်လိုက် နောက်ပါများစွာနဲ့ ရောက်လာတယ်။ ကျောင်းတော်ကိုလည်း ရောက်လာကြပြီး “ ဆရာတော်ဘာများ လိုပါသလဲဘုရား” လို့ မေးလျှောက်တယ်။

“ဘုန်းကြီးအတွက်တော့ ဘာမှမလိုအပ်ပါ၊ အိမ်ခြေငါးရာကျော်ရှိတဲ့ရွာကြီးမှာ စေတီတော် တစ်ဆူတော့ရှိသင့်ပါတယ်။ ဘုန်းကြီးတို့ တိုင်းပြည်က ဗုဒ္ဓဘာသာတိုင်းပြည်မို့ ရွာတိုင်းမှာ စေတီတော်ကလေးများရှိကြတယ်၊ အောက်ထစ်ဆုံး ကိုးတောင် ပြည့် စေတီလေးတွေေ တာင် ရွာအတွက် အင်မတန် ကျက်သရေရှိပါတယ်၊ ဒီစစ်မှု့ထမ်းဟောင်းရွာကြီးမှာ စေတီတော် မရှိဘူး ဖြစ်နေတယ်၊ တည်ပေးရင်တော့ အလွန်ကောင်းပါတယ် ဒကာကြီးလို့” ပြောလိုက်မိတယ်။

နောက်တစ်ပါတ် ဆယ်ရက်အကြာမှာတော့ ဆရာတော်လိုအပ်တဲ့ စေတီတော်ပုံစံနဲ့ ဘုရားဘွဲ့တော်အမည်ကို တည်ထား ပေးရန် ညွှန်ကြားပါကြောင်းကို ဝန်ထမ်းများရောက်လာကြပြီး လျှောက်ထားကြတယ်။ ရွှေတိဂုံပုံစံတူ ဉာဏ်တော် (၂၁)ပေအမြင့်၊ အရံစေတီ ငယ်များ၊ မုဒ်ဦးတံတိုင်းနဲ့ မီးသွယ်တန်းပြီးသည်အထိ ဆောင်ရွက်ပေးသည်အပြင် ကတ္တရာလမ်းလည်း ခင်းပေး ပါတယ်။ ဗိုလ်ကြီးတစ်ဦး၊ တပ်ကြပ်တစ်ဦး ကြီးကြပ်ပြီး (၁၀)လနဲ့အပြီး တည်ပေးကြတယ်။

ပုတီးမှာ သိဒ္ဓိများ ကိန်းနေမလား ဆိုတာကို တစ်ခါတလေ စဉ်းစားမိတယ်။ အလိုရှိတာကို ပြီးစီးနိုင်စွမ်းရှိတာကို သိဒ္ဓိလို့ ဆိုတယ် မဟုတ်လား။ ထိုစဉ်က စာမေးပွဲ အောင်ချင်တာ၊ ဘုရားတည်ပေးချင်တာဘဲ အလိုရှိတာ၊ တခြားဘာမှ ဆန္ဒမရှိဘူး၊ ငယ်နု ချိန်ဆိုတော့ လိုအပ်တာတွေကလည်း ဟုတ်တိပတ်တိ များများစားစား မရှိလှသေး၊ ယခုတော့ အသက်ရလာပြီ၊ လိုချင်တာတွေ ဖြစ်ချင်တာတွေ ကလည်း များလာပြီမို့ ပုတီးစိပ်ရင်းနဲ့ လောဘကို အရှိန်သတ် ဘရိတ်အုပ်နေရပါတော့တယ်။                                              အရှင်ပညာသီဟာဘိဝံသ(ပဉ္စနိကာယ်)
http://www.ashinsirinda.com/ မေတ္တာဥယျာဉ် မှ ပြန်လည်ဓမ္မဒါန ပြုပါသည်။ 
ဤဆောင်းပါးကိုဒီဆိုက်ကူးယူဖေါပြပါသည်
                   

No comments:

Post a Comment