Photobucket

Sunday, October 30, 2011

Kathina Benefits (Part 2) - ကထိန်အာနိသင်များ (အပိုင်း ၂)

                                                       
                                                       

ကထိန်အာနိသင် (၂)

ဒုတိယအကျိုးအာနိသင်က ဥဒေါသိတသိက္ခာပုဒ်ကို လိုက်နာကျင့်သုံးစရာ မလိုတာ ဖြစ်ပါတယ်။

ဥဒေါသိတသိက္ခာပုဒ် -
ရဟန်း၏ သင်္ကန်း ပြီးဆုံးလတ်သော် ကထိန်ကို နုတ်ပြီးလတ်သော် ရဟန်းသည် ရဟန်းတို့၏ သမ္မုတိ မရဘဲ တစ်ညဥ့်မျှလည်း တိစီဝရိက်နှင့် ကင်း၍ နေငြားအံ့ (ထိုရဟန်းအား) စွန့်ခြင်းဝိနည်းကံရှိသော ပါစိတ်အာပတ်သင့်၏။” (ပါရာဇိကပါဠိတော်မြန်မာပြန်)

ဒီသိက္ခာပုဒ်အရ ရဟန်းတစ်ပါးဟာ တိစီဝရိက်ဆိုတဲ့ သင်္ကန်းသုံးထည်နဲ့ တစ်ညတောင်မှ ကင်းကွာပြီး မနေရပါဘူး။ သင်္ကန်းသုံးထည်ကို အမြဲကိုင်ဆောင် အသုံးပြုနေရပါတယ်။ အောက်ကခါးဝတ်သင်္ကန်း (သင်းပိုင်)နဲ့ အပေါ်က ကိုယ်ရုံသင်္ကန်း (ဧကသီ)အတွက် သိပ်ဂရုစိုက်စရာ မလိုပါဘူး။ ဒီသင်္ကန်းနှစ်ထည်ကို သွားရင်းလာရင်း အမြဲဝတ်နေကြတာမို့ ဒီသင်္ကန်း နှစ်ထည်နဲ့ ကင်းကွာစရာအကြောင်း မရှိသလောက်ပါပဲ။ နှစ်ထပ်သင်္ကန်းကြီး (ဒုကုဋ်)ကိုတော့ လေးတယ် ရှုပ်တယ်ဆိုပြီး ပစ်ထားခဲ့တတ်လို့ ကိုယ်နဲ့ ကင်းကွာတတ်ပါတယ်။ အဲလို မကင်းကွာရပါဘူး။ ကင်းကွာမိရင် အပြစ်ရှိပါတယ်။ အာပတ်သင့်ပါတယ်။ ဒါ့ပြင် ကင်းကွာထားလိုက်မိတဲ့ သင်္ကန်းကိုလည်း စွန့်လွှတ်လိုက်ရပါတယ်။

ဒီသိက္ခာပုဒ်မှာ “သင်္ကန်းပြီးဆုံးလတ်သော်”လို့ ဆိုပါတယ်။ “သင်္ကန်းကိစ္စ ပြီးပြီဆိုရင်”လို့ အဓိပ္ပာယ်ရပါတယ်။ သင်္ကန်းကိစ္စ မပြီးဆုံးသေးရင် ခြွင်းချက်အနေနဲ့ သင်္ကန်းနဲ့ ကင်းကွာနိုင်တယ်ဆိုတဲ့ အဓိပ္ပာယ်ပါ။ ဒီခြွင်းချက်ဟာ ခုခေတ်ရဟန်းတော်တွေနဲ့ မဆိုင်လှပါဘူး။ ခုခေတ်ရဟန်းတော်တွေ အားလုံးမဟုတ်တောင် အားလုံးနီးပါးဟာ ကိုယ်တိုင်သင်္ကန်းမချုပ်ကြတော့လို့ ဖြစ်ပါတယ်။ ချုပ်ခြင်း ဆိုးခြင်းစတဲ့ သင်္ကန်းကိစ္စကို သင်္ကန်းကုန်သည်တွေ ဆောင်ရွက်ထားပြီးသား ဖြစ်ပါတယ်။

နောက်တစ်ခုက “ကထိန်နုတ်ပြီးသော်”တဲ့။ “ကထိန်အကျိုး ကထိန်အာနိသင် မရှိတော့ဘူးဆိုရင်”လို့ အဓိပ္ပာယ်ရပါတယ်။ [ကထိန်နုတ်/နှုတ်ခြင်းအကြောင်း အဆင်သင့်ရင် နောက်မှ ပြောပါအုံးမယ်။] ကထိန်အာနိသင် ရှိနေတယ်ဆိုရင် သင်္ကန်းသုံးထည်နဲ့ ကင်းကွာနေနိုင်တယ်ဆိုတဲ့ အဓိပ္ပာယ် ဖြစ်ပါတယ်။ ဒါလည်း ခြွင်းချက်အနေနဲ့ သင်္ကန်းနဲ့ ကင်းကွာခွင့် ဖြစ်ပါတယ်။

နောက်တစ်ခုက “ရဟန်းတို့၏ သမ္မုတိ မရဘဲ”တဲ့။ တစ်ခြား ရဟန်းတော်တွေက သဘောတူ ခွင့်ပြုတယ်ဆိုရင် သင်္ကန်းနဲ့ ကင်းကွာပြီး နေနိုင်တယ်ဆိုတဲ့ အဓိပ္ပာယ်ပါ။ ရဟန်းတစ်ပါးဟာ ကျန်းမာရေး မကောင်းလို့ သင်္ကန်းကို သွားလေရာ သယ်မသွားနိုင်ဘူးဆိုရင် တစ်ခြားရဟန်းတွေကို အသိပေး၊ တစ်ခြားရဟန်းတွေရဲ့ သဘောတူခွင့်ပြုချက်(သမ္မုတိ)ကို ရယူပြီး သင်္ကန်းနဲ့ ကင်းကွာခွင့် ရှိပါတယ်။

ဒါက ဥဒေါသိတသိက္ခာပုဒ်ရဲ့ ဆိုလိုရင်း ဖြစ်ပါတယ်။ ကထိန်အကျိုး ကထိန်အာနိသင် ရထားတယ် ဆိုရင်တော့ ဒီသိက္ခာပုဒ်ကို ကျင့်သုံးစရာ မလိုတဲ့အတွက် တိစီဝရိတ်နဲ့ ကင်းကွာပြီး နေကောင်းပါတယ်။ အထူးသဖြင့် နှစ်ထပ်သင်္ကန်းကြီးနဲ့ ကင်းကွာမိရင်တောင်မှ အပြစ်လည်းမရှိ၊ သင်္ကန်းကိုလည်း စွန့်လွှတ်စရာ မလိုပါဘူး။

အရေးကြီးတဲ့ အချက်တစ်ခု ကျန်ပါသေးတယ်။ ဒီသိက္ခာပုဒ်မှာပါတဲ့ “တိစီဝရိက်”ဆိုတဲ့ စကားနဲ့ ဆက်စပ်နေတဲ့ အချက် ဖြစ်ပါတယ်။ “တိစီဝရိက်”ဆိုတာ လွယ်လွယ်ပြောရရင် “သင်းပိုင်”၊ “ဧကသီ” နဲ့ “နှစ်ထပ်သင်္ကန်း”ဆိုတဲ့ သင်္ကန်းသုံးထည် ဖြစ်ပါတယ်။ ကထိန်အာနိသင်ရလို့ ဒီသိက္ခာပုဒ်ကို ကျင့်သုံးစရာမလိုဘူး၊ နှစ်ထပ်သင်္ကန်းကြီးကို ပစ်ထားခဲ့ပြီး ပေါ့ပေါ့ပါးပါး သွားလာနိုင်တယ်ဆိုတာ သီတင်းကျွတ်လပြည့်ကျော် တစ်ရက်နေ့ကနေ တပေါင်းလပြည့်အထိ ငါးလအတွင်းမှာသာ ဖြစ်ပါတယ်။ ဒီနေ့ခေတ် ရဟန်းတော်တွေကတော့ တစ်နှစ်ပတ်လုံး နှစ်ထပ်သင်္ကန်းကြီးကို ပစ်ထားခဲ့ပြီး ပေါ့ပေါ့ပါးပါး သွားလာနေကြတာ မဟုတ်လား။ ဘာကြောင့်လဲ။ အဖြေကတော့ “တိစီဝရိက်”ဆိုတဲ့ စကားနဲ့ ဆက်စပ်နေပါတယ်။

သင်္ကန်းအဓိဋ္ဌာန်နှစ်မျိုး

တိစီဝရိက်အဓိဋ္ဌာန်။ ။ “တိစီဝရိက်”ဆိုတာကို ပြည့်ပြည့်စုံစုံ နားလည်အောင် သင်္ကန်းအဓိဋ္ဌာန်ခြင်းအကြောင်း သိထားသင့်ပါတယ်။ သင်္ကန်းအဓိဋ္ဌာန်ဆိုတာ အ၀တ်စကို သင်္ကန်းလို့ အဓိဋ္ဌာန်ပြုလိုက်တာ၊ သင်္ကန်းလို့ သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။ “သင်းပိုင်”၊ ဧကသီ” နဲ့ “နှစ်ထပ်သင်္ကန်း”ဆိုတဲ့ သီးခြားနာမည်သုံးမျိုးနဲ့ အဓိဋ္ဌာန်လိုက်တာ၊ သတ်မှတ်လိုက်တာကို “တိစီဝရိက်အဓိဋ္ဌာန်”ပြုတယ်လို့ ခေါ်ပါတယ်။ ချုပ်ထားတဲ့ အ၀တ်စကို “သင်းပိုင်”လို့ သတ်မှတ်လိုက်တာ၊ “ဧကသီ”လို့ သတ်မှတ်လိုက်တာ၊ “နှစ်ထပ်သင်္ကန်း”လို့ သတ်မှတ်လိုက်တာ ဖြစ်ပါတယ်။

ပရိက္ခာရစောဠအဓိဋ္ဌာန်။ ။ မျက်နှာသုတ်ပုဝါ၊ စောင် အစရှိတဲ့ အ၀တ်စတွေကို “ပရိက္ခာရစောဠ (သုံးဆောင်စရာအ၀တ်စ)”အဖြစ်နဲ့ အဓိဋ္ဌာန်ပြုရပါတယ်။

ဒီ (ဥဒေါသိတ) သိက္ခာပုဒ်အရ ရဟန်းတော်တွေဟာ တိစီဝရိက်အဓိဋ္ဌာန်တင်ထားတဲ့ သင်္ကန်းသုံးထည်နဲ့ ညကျော်ပြီး (တစ်ည၊ တစ်ညထက်ပိုပြီး) ကင်းကွာခွင့် မရှိပါဘူး။ ဒါပေမယ့် ဒီနေ့ခေတ်မှာတော့ “သင်းပိုင်”၊ ဧကသီ” နဲ့ “နှစ်ထပ်သင်္ကန်း”တို့ကိုလည်း “ပရိက္ခာရစောဠ (သုံးဆောင်စရာအ၀တ်စ)”အဖြစ်နဲ့ အဓိဋ္ဌာန်ပြုနိုင်တယ်လို့ ယူဆကြပါတယ်။ “သင်းပိုင်”၊ “ဧကသီ” နဲ့ “နှစ်ထပ်သင်္ကန်း”တို့ကို “ပရိက္ခာရစောဠ (သုံးဆောင်စရာအ၀တ်စ)”အဖြစ်နဲ့ အဓိဋ္ဌာန်ပြုကြတဲ့ အတွက်ကြောင့် “တိစီဝရိက်”လို့ ဆိုထားတဲ့ ဒီသိက္ခာပုဒ်ကို လိုက်နာစရာ မလိုတော့ဘဲ နှစ်ထပ်သင်္ကန်းကြီးနဲ့ ကင်းကွာခွင့် ရကြပါတယ်။ [“သင်းပိုင်”၊ ဧကသီ” နဲ့ “နှစ်ထပ်သင်္ကန်း”တို့ကို “ပရိက္ခာရစောဠ (သုံးဆောင်စရာအ၀တ်စ)”အဖြစ်နဲ့ အဓိဋ္ဌာန်ပြုကောင်းတယ်၊ မပြုကောင်းဘူးဆိုတဲ့ ၀ိဝါဒကွဲပြားချက်ကို အဆင်သင့်ရင် နောက်မှ ပြောပါအုံးမယ်။]

ဝိကပ္ပနာ နှင့် ပစ္စုဒ္ဓိုရ်

နောက်ပြီးတော့ သင်္ကန်းကို ၀ိကပ္ပနာပြုလိုက်တယ် ဆိုရင်လည်း သင်္ကန်းနဲ့ ကင်းကွာခွင့် ရှိပါတယ်။ ၀ိကပ္ပနာပြုတယ် ဆိုတာဟာ သူတစ်ပါးကို ပေးစွန့်လိုက်တာ ဖြစ်ပါတယ်။ ပေးတယ်ဆိုပေမယ့် ယာယီပေးတာသာ ဖြစ်ပါတယ်။ ၀ိကပ္ပနာပြုလိုက်တဲ့ သင်္ကန်း၊ ပေးစွန့်လိုက်တဲ့သင်္ကန်းကို လက်ခံထားတဲ့ ရဟန်းတော်ဟာ အဲဒီသင်္ကန်းကို အပိုင်ယူခွင့် မရှိပါဘူး။ မူလပိုင်ရှင်ကို ပြန်ပေးရပါတယ်။ အဲဒီလို ပြန်ပေးတာကို ပစ္စုဒ္ဓိုရ်ပြုတယ်လို့ ခေါ်ပါတယ်။

အနီး၊ အဝေး၊ မျက်မှောက်၊ မျက်ကွယ်မှာရှိတဲ့ သင်္ကန်းကို ၀ိကပ္ပနာပြုနိုင်ပါတယ်။ နောက်ပြီး အနီး၊ အဝေး၊ မျက်မှောက်၊ မျက်ကွယ်မှာရှိတဲ့ ရဟန်းတစ်ပါးပါးကို သင်္ကန်းလက်ခံသူအဖြစ် ရည်ရွယ်နိုင်ပါတယ်။ လက်ခံသူက မသိလည်း ရည်ရွယ်ပြီး စွန့်နိုင်ပါတယ်။ ၀ိကပ္ပနာပြုရတာ လွယ်ကူတယ်လို့ ဆိုလိုတာပါ။ ဆိုပါစို့ ညကျော်ညခြားပြီး သင်္ကန်းနဲ့ ကင်းကွာမနေရဘူးဆိုတဲ့ နေရာမှာ တစ်ညလုံး သင်္ကန်းနဲ့ ကင်းကွာပြီး နေခဲ့ရင်တောင်မှ မနက်မိုးစင်စင် မလင်းခင်၊ အရုဏ်မတက်ခင် အခိုက်အတန့်လေးမှာ သင်္ကန်းနဲ့အတူ ရှိနေတယ်ဆိုရင် အပြစ်မရှိပါဘူး။ တစ်ညလုံး သင်္ကန်းနဲ့ ကင်းကွာပြီး နေလာခဲ့မယ်၊ အရုဏ်မတက်ခင် အချိန်လေးရောက်မှ အဝေးမှာ ရှိနေတဲ့ မျက်ကွယ်မှာ ရှိနေတဲ့ သင်္ကန်းကို အဝေးမှာ ရှိနေတဲ့ မျက်ကွယ်မှာ ရှိနေတဲ့ ရဟန်းတစ်ပါးပါးဆီ ပေးစွန့်လိုက်တယ်ဆိုရင်လည်း အပြစ်မရှိပါဘူး။ သူတစ်ပါးသင်္ကန်းလို့ ယူဆလိုက်တာပေါ့။ နောက် အဆင်သင့်မှ ကိုယ့်သင်္ကန်းအဖြစ် ပြန်လည် လက်ခံနိုင်ပါတယ်။

ဒီတော့ ခရီးသွားခါနီးမှာ နှစ်ထပ်သင်္ကန်းကြီးကို ၀ိကပ္ပနာပြုပြီး ရဟန်းတစ်ပါးပါးကို ပေထားခဲ့မယ်၊ ဒါမှမဟုတ် ခရီးသွားရင်း အဝေးတစ်နေရာကနေ လှမ်းပြီး ၀ိကပ္ပနာ ပြုလိုက်မယ်၊ ခရီးကပြန်လာမှ သင်္ကန်းလက်ခံတဲ့ ရဟန်းကို ပစ္စုဒ္ဓိရ်ပြုခိုင်းပြီး ပြန်ယူမယ်ဆိုရင်လည်း ဒီသိက္ခာပုဒ်ကို ရှောင်လွှဲပြီးသားဖြစ်သွားပါတယ်။

ဒါကြောင့် ဒီနေ့ခေတ်ရဟန်တော်တွေ တစ်နှစ်ပတ်လုံး နှစ်ထပ်သင်္ကန်းကြီးကို ပစ်ထားခဲ့ပြီး ပေါ့ပေါ့ပါးပါး သွားလာနေကြတာ ဖြစ်ပါတယ်။ ကထိန်အာနိသင် မရှိတော့တဲ့ အချိန်မှာလည်း ပေါ့ပေါ့ပါးပါး သွားလာနေကြတာ ဖြစ်ပါတယ်။ ဒီတော့ ဒီသိက္ခာပုဒ်ကို ကျင့်သုံးစရာမလိုဘူးဆိုတဲ့ ကထိန်အကျိုး ကထိန်အာနိသင်ကရော ရဟန်းတော်တွေ အတွက် ထူးထူးခြားခြား အသုံးဝင်ပါသလားဆိုတာ စဉ်းစားစရာ ဖြစ်ပါတယ်။

ထားပါတော့။ အသုံးဝင်ဝင် မ၀င်ဝင်၊ အရေးပါပါ မပါပါ အခွင့်အရေးဟာ အခွင့်အရေးပဲ ဆိုပါစို့။ ရဟန်းတော်တွေရတဲ့ နံပါတ်နှစ် ကထိန်အကျိုး ကထိန်အာနိသင်ကို “လေးလံတဲ့ နှစ်ထပ်သင်္ကန်းကြီးကို မသယ်ယူဘဲ (ပေါ့ပေါ့ပါးပါး) သွားလာနိုင်ခြင်း”လို့ပဲ ကျဉ်းကျဉ်းရှင်းရှင်း မှတ်လိုက်ကြပါစို့။
                                                                                                                                                         (ဆက်ပါအုံးမယ်။)
ရောက်လာသူအပေါင်းရွှင်လန်းချမ်းမြေ့ကြပါစေ..ရွှေဝန်းရတနာ..(၃၁.၁၀.၁၁)တနင်္လာနေ့

No comments:

Post a Comment