Photobucket

Tuesday, November 1, 2011

ကထိန်အာနိသင်များ (အပိုင်း ၃)

                                                                  

တတိယအကျိုးအာနိသင်က ဂဏဘောဇနသိက္ခာပုဒ်ကို လိုက်နာကျင့်သုံးစရာ မလိုတာ ဖြစ်ပါတယ်။

ဂဏဘောဇနသိက္ခာပုဒ် -
အချိန်အခါကို ကြဉ်၍ ဂဏဘောဇဉ်ကို သုံးဆောင်ခြင်းကြောင့် ပါစိတ်အာပတ်သင့်၏။ ထိုဂဏဘောဇဉ်ကို သုံးဆောင်ရာ၌ ဤဆိုလတ္တံ့သည်ကား အချိန်အခါတည်း။ နာဖျားသောအခါ၊ သင်္ကန်းလှူသောအခါ၊ သင်္ကန်းချုပ်သောအခါ၊ အဓွန့်ရှည်သော ခရီးသို့ သွားသောအခါ၊ လှေစီးသောအခါ၊ အခါကြီး၊ ရဟန်းက ဆွမ်းလှူသောအခါ။ ဤကား ထိုဂဏဘောဇဉ်ကို သုံးဆောင်ရာ၌ အချိန်အခါတည်း။” (ပါစိတ်ပါဠိတော်မြန်မာပြန်)

ရှင်ဒေ၀ဒတ်နဲ့ နောက်လိုက်နောက်ပါ ရဟန်းတစ်စု ဆွမ်းရှာမှီးပုံ အချိုးမပြေတာကို အကြောင်းပြုပြီး ဒီသိက္ခာပုဒ်ကို ပြဋ္ဌာန်းခဲ့ပါတယ်။ ရဟန်းဆိုတာ “ဘိက္ခု(တောင်းစားသူ)” ဆိုပေမယ့် ရဟန်းတွေရဲ့ တောင်းနည်းဟာ သိမ်မွေ့ရပါတယ်။ ယဉ်ယဉ်ကျေးကျေး ပြောရရင် အလှူခံတာပါ။ ဒါကို “အရိယပရိယေသန (အရိယာတို့ရဲ့ ရှာမှီးခြင်း)”လို့ခေါ်ပါတယ်။ ဆွမ်းလာပို့တဲ့သူ၊ ဆွမ်းပင့်ကပ်တဲ့သူ၊ ဆွမ်းချက်ကပ်တဲ့သူ မရှိဘူးဆိုရင် ဆွမ်းရဖို့အတွက် တစ်အိမ်ဆင်း တစ်အိမ်တက် အိမ်ရှေ့မှာ သပိတ်ပိုက်ပြီး တိတ်တိတ်လေး ရပ်နေရပါတယ်။ ဆွမ်းလာလောင်းရင် လက်ခံ။ မလောင်းရင် အသာတကြည် ပြန်ကြွရုံပါပဲ။ အတွန့်တက်တာ၊ အရိပ်ပြတာ၊ ဇွတ်တောင်းတာတွေ မလုပ်ရပါဘူး။ ရှင်ဒေ၀ဒတ်တို့ အုပ်စုက ဒီလိုမဟုတ်ဘဲ ၀မ်းရေးအတွက် ဣနြေ္ဒမဲ့အောင် တောင်းရမ်းကြလို့ ဒီသိက္ခာပုဒ် ဖြစ်ပေါ်လာတာပါ။

ဒီသိက္ခာပုဒ်အရ ရဟန်းတော်တွေဟာ ဂဏဘောဇဉ်ကို မဘုဉ်းပေးကောင်းပါဘူး။ ဂဏဘောဇဉ်ဆိုတာကို ပါစိတ်ပါဠိတော်(စာ-၁၀၁)မှာ ဒီလို ဖွင့်ဆိုပြပါတယ်။ “ဂဏဘောဇဉ်မည်သည် အကြင်အရပ်၌ ရဟန်းလေးပါးတို့ကို ဘောဇဉ်ငါးပါး တို့တွင် တစ်ပါးပါးသော ဘောဇဉ်ဖြင့် ပင့်ဖိတ်သောကြောင့် သုံးဆောင်ကုန်၏။ ဤသည်လျှင် ဂဏဘောဇဉ်မည်၏။” တဲ့။

ပါစိတ်အဋ္ဌကထာ (စာ-၇၉)မှာ ဒီလို ဖွင့်ဆိုပါတယ်။ လေးပါး လေးပါးထက်များတဲ့ ရဟန်းတစ်စု အုပ်စုဖွဲ့ပြီး မအပ်စပ်တဲ့နည်းနဲ့ တောင်းလို့ရတဲ့ဆွမ်း (“ထမင်း၊ မုယောမုန့်၊ မုန့်လုံး၊ ငါး၊ စမဲဟင်းလျာ”ဆိုတဲ့ ဒီသိက္ခာပုဒ်မှာပါတဲ့ ဘောဇဉ်ငါးမျိုးထဲက တစ်မျိုးမျိုး)ကို ဂဏဘောဇဉ်လို့ ခေါ်ပါတယ်။ ရဟန်းတော်တွေဘက်က တောင်းတာမဟုတ်ဘဲ လူဒကာဒကာမတွေက ရဟန်းတစ်စုကို မအပ်စပ်တဲ့ အခေါ်အဝေါ်နဲ့ ပေးလှူတဲ့ဆွမ်းကိုလည်း ဂဏဘောဇဉ်လို့ ခေါ်တာပါပဲ။ ဒီနေရာမှာ “ဆွမ်း”လို့ ခေါ်ဝေါ်သုံးစွဲရင် အပ်စပ်တဲ့ အခေါ်အဝေါ်၊ “ထမင်း”စတဲ့ လူတွေခေါ်နေကျ နာမည်ကို ခေါ်ဝေါ်သုံးစွဲရင် မအပ်စပ်တဲ့ အခေါ်အဝေါ် ဖြစ်ပါတယ်။

ဒီသိက္ခာပုဒ်ကို မကျင့်သုံးဘဲ နေနိုင်တဲ့ အချိန်အခါ ခုနစ်မျိုး ရှိပါတယ်။ “နာဖျားသောအခါ၊ သင်္ကန်းလှူသောအခါ၊ သင်္ကန်းချုပ်သောအခါ၊ အဓွန့်ရှည်သော ခရီးသို့ သွားသောအခါ၊ လှေစီးသောအခါ၊ အခါကြီး၊ ရဟန်းက ဆွမ်းလှူသောအခါ။”တဲ့။ ဒီခုနစ်မျိုးထဲမှာ “သင်္ကန်းလှူသောအခါ”ဆိုတာ ကထိန်သင်္ကန်းလှူတဲ့အခါ၊ ကထိန်ရာသီ၊ ရဟန်းတော်များ ကထိန်အာနိသင်တွေ ခံစားခွင့်ရှိတဲ့ ငါးလ (သီတင်းကျွတ်လပြည့်ကျော် တစ်ရက်နေ့ကနေ တပေါင်းလပြည့်အထိ) ဖြစ်ပါတယ်။ “အခါကြီး”ဆိုတာ နေရာဒေသ တစ်ခုခုမှာ ရဟန်းနှစ်ပါး သုံးပါးဆွမ်းခံရင် ပြည့်ပြည့်စုံစုံ ရနိုင်တယ်၊ ဒီထက် ပိုလာလို့ ရဟန်းလေးပါး ဖြစ်လာမယ်ဆိုရင်ကို ဆွမ်းမလုံလောက်တော့ဘူး။ အဲလိုအခါမျိုး ကြပ်တည်းနေတဲ့ အခါမျိုး ဖြစ်ပါတယ်။ ကျန်တဲ့ အချိန်အခါ ငါးမျိုးကတော့ ထင်ရှားပါတယ်။ အထူး ရှင်းပြစရာ မလိုပါဘူး။

ဒီနေ့ခေတ် ရဟန်းတော်တွေ မအပ်စပ်တဲ့ ဂဏဘောဇဉ်ကို ခံယူမိ၊ ဘုဉ်းပေးမိမယ့် အခြေအနေ ဘယ်လိုလဲ ကြည့်ရအောင်။ အနည်းဆုံး ရဟန်းလေးပါး တစ်ပေါင်းတည်း ခံယူမှ ဂဏဘောဇဉ် ဖြစ်တယ်လို့ ဆိုပါတယ် (ဂဏ = ဂိုဏ်းဏဂ၊ အုပ်စု)။ ဒီနေ့ခေတ်မှာ ရဟန်းတော်တွေ တစ်ပါးတည်း ဆွမ်းခံကြွတာ များပါတယ်။ ဒီတော့ ရဟန်းလေးပါး တစ်ပေါင်းတည်း ဆွမ်းခံမိယူဖို့ တော်တော်ခက်ပါတယ်။ တစ်ချို့ကျောင်းတိုက်ကြီးတွေမှာ တန်းဆွမ်းကြွတဲ့ဓလေ့ ရှိပါတယ်။ အဲဒီလို ကြွတဲ့နေရာမှာလည်း ဆွမ်းခံကြွကြတဲ့ ကိုယ်တော်တွေက ဣနြေ္ဒရရ တိတ်တိတ်ဆိတ်ဆိတ် ကြွကြတာ၊ ဆွမ်းလောင်းတဲ့ သူတွေကလည်း ကြည်ညိုသဒ္ဓါပွားပြီး တိတ်တိတ်လေး လောင်းလိုက်ကြတာ ဖြစ်တဲ့အတွက် မအပ်စပ်တဲ့ အခေါ်အဝေါ်တွေ ပါလာဖို့ မဖြစ်နိုင်သလောက်ပါပဲ။ အိမ်မှာ ဆွမ်းပင့်ကပ်တယ်ဆိုရင်တော့ လေးပါး လေးပါးထက်ထက်ပိုများတဲ့ ရဟန်းတော်တွေ စုမိနိုင်ပါတယ်။ မအပ်စပ်တဲ့ အခေါ်အဝေါ်တွေ ပါလာနိုင်ပါတယ်။ ဒါပေမယ့် ဒီလိုဆွမ်းကပ်ပြီ ဆိုကတည်းက ယဉ်ယဉ်ကျေးကျေး ပြောတတ်ဆိုတတ်ကြတာသာ များပါတယ်။ ဆွမ်းကပ်တဲ့ အလှူရှင်က နုံနုံအအ ဖြစ်နေရင်တောင်မှ နားလည်တဲ့ တစ်ယောက်ယောက်က ကြားဝင်ပြီး အကျိုးဆောင်ပေးတတ်ကြပါတယ်။ ဒါ့ပြင် ကထိန်အာနိသင် (၁)မှာတုန်းက ပြောခဲ့သလိုပေါ့။ အများစုဖြစ်တဲ့ သာမန်ရဟန်းတော်တွေအတွက် ဆွမ်းစားကွမ်းစာဆိုတာ ကြုံတောင့်ကြုံခဲ ကိစ္စပါ။ တစ်ပါး နှစ်ပါး သုံးပါး ပင့်တဲ့ ဆွမ်းစားမျိုး ရံဖန်ရံခါ ကြုံရတတ်ပေမယ့် လေးပါး ငါးပါး သံဃာများများပင့်တဲ့ ဆွမ်းစားဆိုတာ တော်တော်ရှားပါတယ်။ ဒီနေ့ခေတ် ရဟန်းတော်တွေ ဂဏဘောဇဉ်ကို ဘုဉ်းပေးမိဖို့၊ ဒီသိက္ခာပုဒ်ကို အထူးတလည် စောင့်ထိန်းဖို့ အခြေနေ အခွင့်အလမ်း တော်တော်နည်းပါတယ်။

ဒီတော့ ဒီသိက္ခာပုဒ်တွေကို ကျင့်သုံးစရာမလိုဘူးဆိုတဲ့ ကထိန်အကျိုး ကထိန်အာနိသင်ကရော ရဟန်းတော်တွေအတွက် ထူးထူးခြားခြား အသုံးဝင်ပါသလားဆိုတာ စဉ်းစားစရာ ဖြစ်ပါတယ်။

ထားပါတော့။ အသုံးဝင်ဝင် မ၀င်ဝင်၊ အရေးပါပါ မပါပါ အခွင့်အရေးဟာ အခွင့်အရေးပဲ ဆိုပါစို့။ ရဟန်းတော်တွေရတဲ့ နံပါတ်သုံး ကထိန်အကျိုး ကထိန်အာနိသင်ကို “စိတ်လိုလက်ရ အပြစ်ကင်းကင်း ဆွမ်းဘုဉ်းပေးနိုင်ခြင်း”လို့ပဲ ကျဉ်းကျဉ်းရှင်းရှင်း မှတ်လိုက်ကြပါစို့။
(ဆက်ပါအုံးမယ်။)

1 comment:

  1. ဘုန်းဘုန်း.ဘုရာ့..စာတွေဖတ်သွားပါတယ်ဘုန်းဘုန်း
    ဓာတ်ပုံလေးမြင်ပြီး..ကြည်နူးပီတိဖြစ်သွားပါတယ်
    တပည့်တော်ကော..
    ဓာတ်ပုံထဲက.ကလေးလေးလောက်.လိမ္မာရဲ့လားဘုရာ့း)
    ရိုသေလေးစားလျှက်

    ReplyDelete