Wednesday, November 2, 2011

Kathina Benefits (Part 4) - ကထိန်အာနိသင်များ (အပိုင်း ၄)

                                                             
                                                                    

ကထိန်အာနိသင် (နှီးနွှယ်)
ကထိန်အာနိသင် ရတယ်ဆိုရင် ပရမ္ပရဘောဇနသိက္ခာပုဒ်ကိုလည်း ကျင့်သုံးစရာမလိုဘူးလို့ ယူဆကြပါသေးတယ်။

ပရမ္ပရဘောဇနသိက္ခာပုဒ် -
အချိန်အခါကို ကြဉ်၍ ပရမ္ပရဘောဇဉ်ကို စားခြင်းကြောင့် ပါစိတ်အာပတ်သင့်၏။ ထိုပရမ္ပရဘောဇဉ်ကိ စားရာ၌ ဤဆိုလတ္တံ့သည်ကား အချိန်အခါတည်း။ နာဖျားသောအခါ၊ သင်္ကန်းလှူသောအခါ၊ သင်္ကန်းချုပ်သောအခါ၊ ဤကား ထိုပရမ္ပရဘောဇဉ်ကို သုံးဆောင်ရာ၌ အချိန်အခါတည်း။” (ပါစိတ်ပါဠိတော်မြန်မာပြန်)

ရဟန်းတစ်ပါးဟာ ဒကာတစ်ယောက်ယောက်က ဆွမ်းလှူမယ်၊ ဆွမ်းကပ်မယ် ဆိုတာကို လက်ခံထားပြီးပြီဆိုရင် နောက်ထပ် ဆွမ်းဒကာ ပေါ်လာလည်း လက်မခံရတော့ပါဘူး။ နောက်မှပေါ်လာတဲ့ ဒကာရဲ့ဆွမ်းကို ပရမ္ပရဘောဇဉ်လို့ ခေါ်ပါတယ်။ ရဟန်းတော်တွေ ပရမ္ပရဘောဇဉ်ကို မဘုဉ်းပေးရဘူးလို့ ဒီသိက္ခာပုဒ်က တားမြစ်ပါတယ်။

ခြွင်းချက် အနေနဲ့ ဒီသိက္ခာပုဒ်ကို ကျင့်သုံးစရာမလိုတဲ့ အချိန်အခါသုံးမျိုးမှာ “သင်္ကန်းလှူသောအခါ”လို့ ပါပါတယ်။ သင်္ကန်းလှူတဲ့အခါဆိုတာ ကထိန်သင်္ကန်းလှူတဲ့အခါ၊ ကထိန်ရာသီ၊ ရဟန်းတော်များ ကထိန်အာနိသင်တွေ ခံစားခွင့်ရှိတဲ့ ငါးလ (သီတင်းကျွတ်လပြည့်ကျော် တစ်ရက်နေ့ကနေ တပေါင်းလပြည့်အထိ) ဖြစ်တဲ့အတွက်ကြောင့် ကထိန်အာနိသင် ရတယ်ဆိုရင် ဒီသိက္ခာပုဒ်ကိုလည်း ကျင့်သုံးစရာ မလိုဘူးလို့ ယူဆကြပါတယ်။ ဘုရားရှင် တိုက်ရိုက်ဟောထားတာ မဟုတ်ပေမယ့် ဖြစ်နိုင်လို့ ထည့်ယူထားတာ ဖြစ်ပါတယ်။ နှီးနွှယ်ကထိန်အာနိသင်ပေါ့။

ဒီအာနိသင်ကို ဓမ္မကထိကဆရာတော် တော်တော်များများ အလေးပေး ဟောကြားလေ့ ရှိပါတယ်။ ရယ်စရာပုံပြင်လေးနဲ့ ဟောကြတာပါ။ “တစ်ခါတုန်းက ဆရာတော်တစ်ပါးကို ဆွမ်းကပ်ဖို့ ဒကာနှစ်ဦးပေါ်လာတယ်။ အရင်ဦးတဲ့ ဆွမ်းဒကာက ချဉ်ပေါင်ဟင်း ကပ်လိမ့်မယ်၊ ဒုတိယ ဒကာက ၀က်သားဟင်း ကပ်လိမ့်မယ်လို့ ဆရာတော်က သိတယ်။ ဒီတော့ ၀က်သားဟင်းဘုဉ်းပေးလို့ရအောင် ဥာဏ်ဆင်တယ်။ ဆရာတော်က ဒကာနှစ်ယောက်ရဲ့ အလယ်မှာ ရပ်နေရင်း လက်နှစ်ဘက်ကို ကားမြှောက်ဆန့်တန်း ပေးလိုက်ပြီး 'ကဲ ဒကာတို့ မင်းတို့နှစ်ယောက် ငါ့ကို လက်ကနေ အပြိုင်ဆွဲကြ။ နိုင်အောင်ဆွဲနိုင်တဲ့ ဒကာရဲ့အိမ်မှာ ငါ ဆွမ်းဘုဉ်ပေးမယ်'လို့ အမိန့်ရှိတယ်။ ဒကာနှစ်ယောက် အပြိုင်ဆွဲနေတုန်း ဆရာတော်က ၀က်သားဒကာဘက်ပါအောင် ရုန်းရင်း ချဉ်ပေါင်ဒကာကို ခြေတောက်နဲ့ ဆောင့်ကန်သတဲ့။ ချဉ်ပေါင်ဒကာကလည်း အခြေအနေကို သဘောက်ပေါက်တာနဲ့ 'ချဉ်ပေါင်ကို ခြေကန်၊ ၀က်သားနောက် စုံကန်ရုန်း၊ သွားတော့ကတုံး'ဆိုပြီး ဆွဲထားတဲ့လက်ကို ရုတ်တရက် လွှတ်ပေးလိုက်တာ အလဲလဲ အကွဲကွဲ ဖြစ်ကုန်သတဲ့။” ဒီလိုမျိုး နောက်မှပေါ်လာတဲ့ ဒကာရဲ့ဆွမ်းကို ဘုဉ်းပေးပေမယ့် ကထိန်အာနိသင် ရထားတယ်ဆိုရင် အပြစ်မရှိတဲ့အကြောင်း ဟောကြားလေ့ ရှိပါတယ်။ ဓမ္မကထိကဆရာတော် အပြောကောင်းရင် ကောင်းသလို ရယ်ရတဲ့ ပုံပြင်လေး ဖြစ်ပါတယ်။ တိုက်ရိုက်ဘုရားရှင် ဟောခဲ့တာ မဟုတ်တဲ့ အာနိသင်ကို လူဒကာတွေ လွယ်လွယ်နဲ့ နားလည်နိုင်လို့ အလေးပေးဟောကြားကြတာ ဖြစ်နိုင်ပါတယ်။

ဒီအာနိသင်ဟာ ဆွမ်းစားကွမ်းစားနဲ့ ဆက်စပ်နေပါတယ်။ ကထိန်အာသင် (၁) နဲ့ ကထိန်နိသင် (၃)မှာ ဆွေးနွေးခဲ့တဲ့အတိုင်း သာမာန်ရဟန်းတော်တွေဟာ ဆွမ်းစားကွမ်းစား ကိစ္စနဲ့ ကြုံရခဲပါတယ်။ ဆွမ်းဒကာနှစ်ယောက် တပြိုင်တည်းပေါ်ဖို့ဆိုတာ ပိုပြီးတော့တောင် ကြုံကြိုက်ဖို့ ခက်ခဲပါတယ်။ ကြုံတောင့်ကြုံခဲ ဆွမ်းဒကာနှစ်ယောက် တပြိုင်တည်း ပေါ်လာတယ် ဆိုရင်လည်း ပထမဒကာကို ဦးစားပေးလိုက်ကြတာပါပဲ။ ဒီလို ပထမဒကာကို ဦးစားပေးလိုက်တာဟာ ဒီ ပရမ္ပရဘောဇနသိက္ခာပုဒ်ကို လိုက်နာကျင့်သုံးတာလား၊ လောကထုံးစံ လူမှုရေးထုံးစံလားဆိုတာ စဉ်းစားစရာ ဖြစ်ပါတယ်။

ဒီတော့ ဒီသိက္ခာပုဒ်ကို ကျင့်သုံးစရာမလိုဘူးဆိုတဲ့ ကထိန်အကျိုး ကထိန်အာနိသင် (နှီးနွှယ်)ကရော ရဟန်းတော်တွေအတွက် ထူးထူးခြားခြား အသုံးဝင်ပါသလား ဆိုတာလည်း စဉ်းစားစရာ ဖြစ်ပါတယ်။

ထားပါတော့။ အသုံးဝင်ဝင် မ၀င်ဝင်၊ အရေးပါပါ မပါပါ အခွင့်အရေးဟာ အခွင့်အရေးပဲ ဆိုပါစို့။ ရဟန်းတော်တွေရတဲ့ ကထိန်အကျိုး ကထိန်အာနိသင် (နှီးနွှယ်)ကိုလည်း “စိတ်လိုလက်ရ အပြစ်ကင်းကင်း ဆွမ်းဘုဉ်းပေးနိုင်ခြင်း”လို့ပဲ ကျဉ်းကျဉ်းရှင်းရှင်း မှတ်လိုက်ကြပါစို့။

ကထိန်အာနိသင် (၄)
စတုတ္တအကျိုးအာနိသင်က ပထမကထိနသိက္ခာပုဒ်ကို လိုက်နာကျင့်သုံးစရာ မလိုတာ ဖြစ်ပါတယ်။

ပထမကထိနသိက္ခာပုဒ် -
ရဟန်းသည် သင်္ကန်း(ကိစ္စ)ပြီးဆုံးလတ်သော် ကထိန်ကို နှုတ်ပြီးလတ်သော် ဆယ်ရက်အပိုင်းအခြားရှိသော ကာလပတ်လုံး အပိုသင်္ကန်းကို ဆောင်နိုင်သည်။ ထို (ဆယ်ရက်အပိုင်းအခြားကာလ)ကို လွန်စေသော ရဟန်းအား စွန့်ခြင်း(၀ိနည်းကံ)ရှိသော ပါစိတ်အာပတ်သင့်၏။” (ပါရာဇိကပါဠိတော်မြန်မာပြန်)

ဒီသိက္ခာပုဒ်ကို မလိုက်နာ မကျင့်သုံးဘဲ နေနိုင်တဲ့ ခြွင်းချက်အခြေအနေနှစ်မျိုးဖြစ်တဲ့ “သင်္ကန်း(ကိစ္စ)ပြီးဆုံး”တယ် ဆိုတာနဲ့ “ကထိန်နှုတ်ပြီး”တယ် ဆိုတာကို ကထိန်အာနိသင် (၂)မှာ ဆွေးနွေးခဲ့ပြီးသား ဖြစ်ပါတယ်။ ဒီသိက္ခာပုဒ်အရ (ခြွင်းချက်မဟုတ်တဲ့) သာမန်အခြေအနေ သာမန်အချိန်အခါမှာ ဆိုရင်တော့ ရဟန်းတော်တွေဟာ ဆယ်ရက်ထက်ကျော်ပြီး အပိုသင်္ကန်း ကိုင်ဆောင်သုံးစွဲခွင့် မရှိပါဘူး။ သုံးစွဲရင် အပြစ်ရှိပါတယ်။ သုံးစွဲမိတဲ့ အပိုသင်္ကန်းကိုလည်း စွန့်လွှတ်လိုက်ရပါတယ်။

ဒီသိက္ခာပုဒ်အရ ရဟန်းတော်တွေဟာ သင်းပိုင်း၊ ဧကသီ နဲ့ ဒုကုဋ် (နှစ်ထပ်သင်္ကန်း)ဆိုတဲ့ သင်္ကန်းသုံးထည်ပဲ ကိုင်ဆောင်သုံးစွဲခွင့် ရှိပါတယ်။ တိစီဝရိက်ဆိုတဲ့ ဒီသင်္ကန်းသုံးကလွဲလို့ ဆယ်ရက်ထက်ကျော်ပြီး အပိုသင်္ကန်း ကိုင်ဆောင်သုံးစွဲခွင့် မရှိပါဘူး။ ကထိန်အာနိသင်ရတယ်ဆိုရင်တော့ ဒီသိက္ခာပုဒ်ကို ကျင့်သုံးစရာမလို တဲ့အတွက် ဆယ်ရက်ကျော်ပြီးတော့လည်း အပိုသင်္ကန်း ကိုင်ဆောင်သုံးစွဲခွင့် ရှိပါတယ်။ ဒါပေမယ့် ကထိန်အာနိသင် ရတယ်ဆိုတာ သီတင်းကျွတ်လပြည့်ကျော် တစ်ရက်နေ့ကနေ တပေါင်းလပြည့်အထိ ငါးလသာ ရတာဖြစ်ပါတယ်။ ဒီနေ့ခေတ် ရဟန်းတော်တွေကတော့ တစ်နှစ်ပတ်လုံး သင်္ကန်းအပိုတွေ ကိုင်ဆောင်သုံးစွဲနေကြတာ မဟုတ်လား။ ဘာကြောင့်လဲ။ အဖြေကတော့ “တိစီဝရိက်”ဆိုတဲ့ စကားနဲ့ ဆက်စပ်နေပါတယ်။

ဝိနည်းတိစီဝရိက် နှင့် ဓုတင်တိစီဝရိက်
“အပိုသင်္ကန်း”ဆိုတဲ့ စကားဟာ ကထိန်အာနိသင် (၂)မှာ ဆွေးနွေးခဲ့တဲ့ သင်္ကန်းအဓိဋ္ဌာန်တင်ခြင်းနဲ့ ဆက်စပ်နေပါတယ်။ အဲဒီမှာ ဆွေးနွေးခဲ့တဲ့ တိစီဝရိက်အဓိဋ္ဌာန်ကို ၀ိနည်းတိစီဝရိတ်လို့ ခေါ်ပါတယ်။ နောက်တစ်မျိုးကတော့ ဓုတင်တိစီဝရိက် ဖြစ်ပါတယ်။ ဓုတင်တိစီဝရိက်ကို ကျင့်သုံးတဲ့ ရဟန်းတော်တွေဟာ သင်္ကန်းသုံးထည်ပဲ ကိုင်ဆောင်သုံးစွဲပါတယ်။ ဘယ်လို အပိုသင်္ကန်းမျိုးကိုမှ မကိုင်ဆောင် မသုံးစွဲကြပါဘူး။ ၀ိနည်းတိစီဝရိက် ကျင့်သုံးတဲ့ ရဟန်းတော်တွေကတော့ သင်္ကန်းသုံးထည်အပြင် အပိုသင်္ကန်းတွေလည်း ကိုင်ဆောင်သုံးစွဲကြပါတယ်။ ကထိန်အာနိသင် (၂)မှာ ဆွေးနွေးခဲ့တဲ့အတိုင်း ဒီနေ့ခေတ် ရဟန်းတော်တွေဟာ သင်္ကန်းကြီး သုံးထည်ကို ပရိက္ခာရစောဠအဓိဋ္ဌာန်တင်ကြပါတယ်။ ပစ္စုဒ္ဓိုရ်ပြုကြပါတယ်။ ၀ိကပ္ပနာပြုကြပါတယ်။ ဒါကြောင့် ဒီပထမကထိနသိက္ခာပုဒ်ကို ရှောင်လွှဲနိုင်ပြီး ကထိန်အာနိသင် ကုန်ဆုံးချိန်မှာလည်း အပိုသင်္ကန်း ကိုင်ဆောင်သုံးစွဲနေကြတာ ဖြစ်ပါတယ်။

ဒီတော့ ဒီသိက္ခာပုဒ်ကို ကျင့်သုံးစရာမလိုဘူးဆိုတဲ့ ကထိန်အကျိုး ကထိန်အာနိသင် ကရော ရဟန်းတော်တွေအတွက် ထူးထူးခြားခြား အသုံးဝင်ပါသလားဆိုတာ စဉ်းစားစရာ ဖြစ်ပါတယ်။

ထားပါတော့။ အသုံးဝင်ဝင် မ၀င်ဝင်၊ အရေးပါပါ မပါပါ အခွင့်အရေးဟာ အခွင့်အရေးပဲ ဆိုပါစို့။ ရဟန်းတော်တွေရတဲ့ စတုတ္တ ကထိန်အကျိုး ကထိန်အာနိသင်ကို “သင်္ကန်းများစွာ ပိုင်ဆိုင်နိုင်ခြင်း”လို့ပဲ ကျဉ်းကျဉ်းရှင်းရှင်း မှတ်လိုက်ကြပါစို့။
(ဆက်ပါအုံးမယ်။)
ရောက်လာသူအပေါင်းရွှင်လန်းချမ်းမြေ့ကြပါစေ..ရွှေဝန်းရတနာ(၂.၁၁.၁၁)ဗုဒ္ဓဟူးနေ့

No comments:

Post a Comment