![]() |
![]() |
![]() |
နိုက်ကလပ်မှ မြတ်ဗုဒ္ဓ (၂)
အရှင်ဧသက
ရန်မျိုးအောင်တစ်ယောက် ဂုဏ်တော်ပေါက်လေမလား၊ လူပေါက်နေသူလို့ ထင်ကြလေမလား မသိ၊တချိန်လုံးဂုဏ်တော်တွေကိုသာရွတ်နေတော့တယ်။ အလုပ်သွားအလုပ်ပြန် ကားမောင်းရင်းလဲ ဂုဏ်တော်ရွတ်၊ ဈေးသွား ဈေးဝယ်ပြန်ရင်လဲ ဂုဏ်တော်ရွတ်၊ ချက်ရင်းပြုတ်ရင်း အိမ်မှာနေရင်းလဲ ဂုဏ်တော်ရွတ၊် တစ်ခါတရံ အာခေါင်တွေခြောက်ပြီး လျှာပင်ပူလာတဲ့အထိဖြစ်ခဲ့ရတယ်။ ဒီအထဲ အလုပ်ကလဲ ပူလာပေပြီ၊ သူ့ဆူရှီဘားတွင် အလုပ်သ္မားသုံးယောက်လုပ်နေရာမှ အခြားနှစ်ယောက် ကို စီးပွားရေးမကောင်းဟုဆိုကာ ရှေ့ဆင့်နောက်ဆင့် ဖြုတ်ပစ်လိုက်ရာ၊ သုံးယောက်တာဝန်ကို တစ်ယောက်တည်း လုပ်နေရတော့တယ်။ မပြီးသေးဘူးလား၊ ကြာလှချည့်လားလို့လဲ မကြာမကြာ အအော်ခံရ၊အဆူခံရပြန်တယ်။ ရန်မျိုး အောင်စိတ်ညစ်လာပြီ၊ အလုပ်က နှစ်ဆလောက်ပိုပင်ပမ်း၊ ဟောက်လိုက် ဆူလိုက်တာကလဲ နေ့စဉ်လိုဖြစ်နေတော့ အလုပ်ထွက်တော့မယ်လို့ စိတ်ကူးမိတယ်၊ မဖြစ်သေးပါ၊ ဘုရားကြီးကိုထားခဲ့လို့ မဖြစ်သေးပါ၊ ဘုရားကြီးကို တစ်ပါ တည်းပင့်နိုင်မှ ငါထွက်တော့မယ်လို့ စိတ်ဒုန်းဒုန်းချကာ ပင်ပမ်းသမျှ၊ ဆူသမျှတွေကို သည်းခံပြီး ဂုဏ်တော်တွေကို သာ အဖန်ဖန်ရွတ်ပွားနေတော့တယ်။ တရွေ့ရွေ့ဖြင့် အောက်တိုဘာလ နောက်ပိုင်းသို ပင်ရောက်ခဲ့ပေပြီ။ ဘုရားကြီးဝန်းကျင်မှာ မြူးတူးပျော်ပါး ကနေကြဆဲ၊ ရန်မျိုးအောင်လည်း ဘာရန်မှ မအောင်နိုင်ရှာဂုဏ်တော်သာ ရွတ်နေဆဲပင်။ တနေ့တွင် သူဋ္ဌေးရဲ့ ဖခင် အဖိုးကြီး ဆိုင်ကိုရောက်လာတယ်၊ ရန်မျိုးအောင် အလုပ်လုပ်နေရာမှထွက်လာပြီး စိုက်စိုက်ပို့နေမိတယ်။ ဂုဏ်တော်အစွမ်း မေတ္တာပန်းတို့က အချည်းအနှီးမဖြစ်ပါပေ။ဗုဒ္ဓဘာသာဝင်တို့ရဲ့ အားအကောင်းဆုံးလက်နက်များပင်မဟုတ်ပါလား။လက်နက်ကောင်း တွေရှိပါလျှက် မသုံးတတ်လျှင် အောင်ပွဲဆင်နိုင်မည် မဟုတ်ပေ။ ရန်မျိုးအောင်ကတော့ သူပိုင်လက်နှက်များဖြင့် ဒလပ်စပ် ပစ်ခတ်နေပေပြီ။ နောက်တစ်ပတ်လောက်မှာရန်မျိုးအောင်ရဲ့မွေးနေ့ရောက်လာတယ်၊ နိုဝင်္ဘာလ ၂ ရက်နေ့ပေါ့၊ ဆိုင်ကိုစောစော လာပြီး ပြုလုပ်နေကြဖြစ်တဲ့ ဘုရားဆင်းတုတော်ကြီးကို သန့်ရှင်းရေးလုပ်တယ်။ပါလာတဲ့ ပန်းစည်းကို မွေးနေ့ကုသိုလ် အဖြစ် ဘုရားရဲ့လက်တော်ထဲကပ်လှူပြီး ၀တ်ပြု ဂုဏ်တော်ပွား ဆုတောင်းပါတယ်၊ ဆုတောင်းရပေမဲ့ အားသိပ်မရှိ လှပါဘူး၊ သူ့ခံစားချက်အတိုင်း ဘုရားကြီးကို သနားစိတ်တွေဖြစ်နေမိတယ်။ ဒါပေမဲ့ ဆင်းတုတော်ကြီးရဲ့ မျက်နှာတော် မှာ ခါတိုင်းနေ့ထက် ကြည်လင်တောက်ပနေတယ်လို့  ရန်မျိုးအောင် ထင်နေမိတယ်.. ။ ဘုရားဝတ်ပြုပြီးအလုပ်လုပ်နေစဉ် သူဋ္ဌေးခေါ်တယ်ဆိုလို့ ရန်မျိုးအောင် လန့်သွားတယ်။ငါ့များအလုပ်ဖြုတ်တော့ မှာလားဆိုတဲ့အတွေးက ပဌမဆုံးဝင်လာခဲ့တယ်၊ ဖြစ်နိုင်တယ်၊ သူတို့ဆိုင်မှာ စီ်းပွားရေးအရ အဓိကထားတဲ့ဘုရားရုပ် ပွားတော်ကြီးကို ရန်မျိုးအောင် ထုတ်ယူဖို့ကြိုးစားခဲ့ပြီ။ ဘာသာရေးပြဿနာများဖြစ်ပေါ်လာအောင် ဖန်တီးသူလို့လဲ ထင်မြင်နိုင်တယ်။ ဓါတ်ပုံရိုက်ခွင့်မရှိတဲ့ နိုက်ကလပ်အချိန်မှာလဲ ရန်မျိုးအောင် ဓါတ်ပုံတွေရိုက်ခဲ့ပြီ။ သူရည်ရွယ်တာ က ဘုရားကြီးကို ငါပင့်လို့မရနိုင်ခဲ့ရင် ဓါတ်ပုံတွေပြပြီး အကူအညီတောင်းမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရိုက်နေတာပါ။ ဒါကို အစောင့်တွေမြင်ပြီး သူဋ္ဌေးအား တိုင်ကောင်းတိုင်ပေလိမ့်မယ်။ သူတို့အမြင်တော့ ရန်မျိုးအောင်ဟာအပြစ်ရှိသူ တယောက်ပါ။ ဒီဆိုင်မှာ မရှိသင့်သူတစ်ယောက်ပါ။ ဒါကို ရန်မျိုးအောင်အသိ၊ သိလို့လည်း မာဖီးယားလိုအင်အားကြီးတဲ့ သူတွေမို့ ငါ့ကိုရန်ပြုလေမလားဆိုပြီး သတိကြီးစွာနဲ့နေခဲ့ရတယ်။ တစ်ချိန်ချိန်မှာ အလုပ်ဖြုတ်ပစ်နိုင်တယ်လို့ မျှော်လင့် ထားပြီးသား.. ။ ဒီမျှော်လင့်ချက်နဲ့ သူဋ္ဌေးရုံးခန်းထဲဝင်ခဲ့ရပြန်တယ်။ ဒါစတုတ္ထအကြိမ်ပါ၊ ဒီတစ်ခါတော့ သူတောင်းဆို ဖို့ ၀င်လာခြင်းမဟုတ်၊ အမိန့်နာခံဖို့ ၀င်လာခြင်းပါ၊ နောက်ဆုံးစီရင်ချက်များဖြစ်လေမလား။ ရင်တထိတ်ထိတ်နဲ့ပေါ့။ သူဋ္ဌေးက ချိုသာသောမျက်နှာနဲ့ “ရန်-လာ၊ ထိုင်” လို့  ကြိုဆိုနှုတ်ဆက်တော့ ရန်မျိုးအောင် အနည်းငယ်စိတ်သက်သာသွားတယ်။ သူဋ္ဌေးက သူ့ကို ပြုံးရွှင်စွာကြည့်ပြီး “ရန်- မင်းလိုချင်တဲ့ ဗုဒ္ဓကြီးကို မင်း ယူလို့ရပြီ။” “ဟာ-တကယ်လား” ရန်မျိုးအောင် အရမ်းဝမ်းသာသွားကာ၊ ထခုန်ချင်လောက်အောင်ပင်ဖြစ်ခဲ့ရတယ်။ သူဋ္ဌေး အား လက်အုပ်ချီကာ “ကျေးဇူးတင်လိုက်တာဗျာ”လို့လှိုက်လှိုက်လှဲလှဲ ဆိုမိတယ်။ သူဋ္ဌေးကဆက်ပြောတယ် “ဒီကောင်လေးဆိုရင်ပေးလိုက်ပါလို့ ငါ့အဖေက ပေးခိုင်းတာကြောင့်ပေးတာပါ။” လို့ သူ့ဖခင်ရဲ့သဘောထားကိုပါရှင်းပြတော့။“အော်- ဟုတ် လား၊ အန်ကယ်ကိုလဲ ကျေးဇူးတင်ကြောင်းပြောပေးပါဗျာ။ အရမ်းကို ကျေးဇူးတင်ပါတယ်။” ရန်မျိုးအောင်သိလိုက်ပါပြီ၊ဂုဏ်တော်များနဲ့ထုံမွှန်းထားတဲ့ မေတ္တာစွမ်းဟာ အဖိုးကြီးရဲ့ နှလုံးသားကိုထိမှန်ခဲ့ပေပြီ။ ဘုရားဂုဏ်တော်တို့ ရဲ့  အစွမ်းအာနိသင်ကိုလဲ လေးလေးနက်နက် ယုံကြည်မဆုံးတော့..။ သဗ္ဗညုတ ဘုရားရှင်သည် သုံးလောကတွင် အအောင်မြင်ဆုံး အမြတ်ဆုံး။ ဗုဒ္ဓ၏ဂုဏ်တော်များ ထုံမွှန်းထားသူမှာလည်း ကိုယ့်ပမာဏအလိုက် အောင်မြင်ရမည်မှာမုချ..။ရန်မျိုးအောင်ဟာ မိမိဘ၀တိုးတက်ရေးအတွက် ထိုအားကိုးရာ လက်နှက်ကောင်းတစ်ခုကို ယုံကြည်ချက် အပြည့်ဖြင့် လက္ခံ ရရှိလိုက်ပေပြီ။ ၀မ်းသာလွန်း၍ သူငယ်ချင်း ကိုမိုးဝင်းကိုလဲ အကြောင်းစုံဖုန်းဆက်ကာ ရည်မှန်းထားသည့်အတိုင်း ကားနှင့် ဆွဲကြိုးကို အတူသွားရောင်းရန် ရက်ချိန်းလိုက်တော့တယ်။ ရန်မျိုးအောင်ဟာ အလုပ်သွားအလုပ်ပြန် ခြေလျှင်သွားရမည့် ဒုက္ခကို သူမမြင်၊ ဘုရားကြီးပင့်နိုင်ရေးကသာ အဓိကမျှော်မှန်းချက်။ ကိုမိုးဝင်းကမူ ရန်မျိုးအောင်ရဲ့ဒုက္ခကိုမြင်ကာ သနားကရုဏာဖြစ်နေတယ်။ ရန်မျိုးအောင်ရဲ့ စေတနာ သဒ္ဓါတွေကိုလည်း လေးစားနေမိတယ်။ ချိန်းတဲ့ရက်မှာ ကိုမိုးဝင်းအိမ်မှာ ဆုံကြတယ်။ ရန်မျိုးအောင်က ဖြစ်ခဲ့တာတွေ၊ ကားရောင်းမဲ့ အစီအစဉ်တွေကို အားရ၀မ်းသာနဲ့ ပြောပြတယ်။ ကိုမိုးဝင်းက မှတ်ချက်ပေးတယ် “ရန်မျိုးအောင်-မင်းမှာလည်း ဘာမှမကျန်တော့ဘူး၊ လူပဲကျန်တော့တာပါလား”။ ရန်မျိုးအောင် အားရပါးရရယ်လိုက် တယ်၊ ဒီစကားကို သိပ်သဘောကျသွားပုံရကာ“ဟုတ်တယ် ကိုမိုးဝင်း၊ လူပဲကျန်တော့တယ်၊ လူလဲ ဘုရားကျွန်ဖြစ်ချင် ဖြစ်ပါစေ၊ ကျွန်တော်တို့က တစ်သံသရာလုံး သားကျွန် မယားကျွန်ဖြစ်ခဲ့ရတာဗျ၊ ဘုရားကျွန်ဖြစ်ခွင့် ရခဲပါတယ်ဗျာ။” အရွယ်နဲ့ မလိုက်တဲ့ ရန်မျိုးအောင်စကားကြောင့်ကိုမိုးဝင်း အံ့သြသွားကာ “ကောင်းပါတယ်ကွာ၊ မင့် စိတ်ဓါတ်ကိုချီးကျူးပါတယ်၊ လေးစားပါတယ်။ မင်းကို သနားလဲသနားမိပါတယ်။ ဒို့လင်မယား မင့်ကို ကူညီဖို့ တိုင်ပင်ထား တယ်။ ကားလဲသွားမရောင်းပါနဲ့၊ မင်းလိုတဲ့ငွေကို ငါတို့ချေးပေးပါ့မယ်။” “ဟာ- တကယ်။ ၀မ်းသာလိုက်တာဗျာ” ဟု ပြောပြောဆိုဆို ကိုမိုးဝင်းကိုဖက်ကာ ဝှေ့ရမ်းလိုက်မိတယ်။ဇနီးဖြစ်သူ မဘေဘီကအသင့်ပြင်ထားတဲ့ ဒေါ်လာ လေး ထောင်ကိုထုတ်ပေးတဲ့အခါမှာတော့ “အဆင်ပြေချင်တော့လဲချောလို့ပါလား”လို့ ရန်မျိုးအောင်ပီတိဖြစ်မဆုံးတော့။ ငွေထုပ်ပိုက်ပြီး သူဋ္ဌေးရုံခမ်းထဲကို ရောက်ခဲ့ပြီ၊ “ငွေခြောက်ထောင်ပေးပါ့မယ်၊ ခြောက်လလည်း အခမဲ့အလုပ်လုပ်ပေးပါမယ်” ဆိုတဲ့ ကတိစကားအရ သူဋ္ဌေးအား ခြောက်ထောင်ပေးချေလိုက်တယ်။ “မင်းမိုလို့ ဒီဗုဒ္ဓကြီးကို ရောင်းပေးတာပါ၊ အရင်ကလဲ ခဏခဏလာဝယ်ကြတယ်၊ ဒို့မရောင်းခဲ့ပါဘူး။ ဒီဗုဒ္ဓကို တရုပ်ပြည်ကမှာယူထားတာ၊ ဒေါ်လာ နှစ်သောင်းခွဲကျတယ်။ မင်းပေး တာက အစွန်းထွက် လောက်ပဲရှိပါတယ်။” “ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ဗျာ၊ အခုလိုရောင်းပေးတဲ့ အတွက် ခင်ဗျားတို့မှာလည်း ကောင်း ကျိုးတွေဖြစ်မှာပါ။ ဖြစ်ပါစေလို့လည်း ကျွန်တော် ဆုတောင်းပါတယ်။” အလုပ်ကိစ္စအတွက် ဆက်လက်ဆွေးနွေးကြတယ်။ ခြောက်လအခမဲ့လုပ်ပေးရန် မလို၊ လုပ်ခ တစ်ဝက်ပေးမည်၊ တနှစ်တိတိလုပ်ပေးရမည်။ တစ်နာရီ ဆယ့်ငါးဒေါ်လာဖြင့်လုပ်နေရာမှ ကိုးဒေါ်လာဖြင့်လုပ်ရန် နှစ်ဦးသဘောတူလိုက် ကြတယ်။ ဘုရားကျွန်ဖြစ်လိုသော ရန်မျိုးအောင်.. ဘယ်လိုအခြေအနေပဲဖြစ်ဖြစ် ဘုရားအတွက်ဆို လုပ်မယ်လို့ဆုံးဖြတ် ပြီးသားဖြစ်လို့ ဘာမျှအခက်အခဲမရှိ။ ရန်မျိုးအောင်က ကတိတစ်ခုတောင်းဆိုလိုက်တယ်။“နောင်ကို ဒီနေရာမှာ ဗုဒ္ဓရုပ်ပုံတော်တွေ ဘယ်တော့မှမထားပါနဲ့ခင်ဗျာ၊ ဒီကတိလေးတစ်ခုတော့ ကျွန်တော့ကိုပေးပါဗျာ။”သူဋ္ဌေးကပြုံးပြုံးကြီး ကြည့်ပြီး ကတိပေးတယ်။ ရန်မျိုးအောင်ရဲ့သဘောထားကို သူဋ္ဌေးသိနေပြီးဖြစ်ပေလိမ့်မယ်..။ ရန်မျိုးအောင်ဟာ ယခု ဘုရားဆင်းတုတော် ကြီးကို နိုက်ကလပ်မှ ပင့်ယူကယ်တင်လိုက်နိုင်သလိုနောက်နောင် ဘုရားဆင်းတုတော်များအတွက်လည်း ကာကွယ် ပူဇော်နိုင်ခဲ့ပြီကော… ။ ဗုဒ္ဓဘာသာဝင်တိုင်းရှိသင့်တဲ့ စိတ်ဓါတ်ပါပေ။ ရန်မျိုးအောင် ဘုရားကြီးအတွက် ပေးဆပ်လိုက်ရတဲ့ တန်ကြေးမှာ နည်းလှသည်မဟုတ်။ ငွေကြေး ပမာဏဘက်ကကြည့်ရင် လက်ငင်းခြောက်ထောင်ပေးဆပ်ရသည့်အပြင် တစ်နှစ်လုံးအတွက် လုပ်အားများ ပေးဆပ်ရသေး.. ။ တစ်နှာရီ $ 15 နှုန်းဖြင့် တနှစ်မှာ $ 28,800 ရရှိရာမှ တစ်နှာရီ $ 9 နှုန်းဖြင့်ဆိုရင် တနှစ်မှာ $17,280 သာရရှိတော့မည်။ တနှစ်လုံးအတွက် ပေးဆပ်ရမည့် ငွေမှာ $ 11,520 ရှိပြီ၊ လက်ငင်းပေးရတဲ့ ငွေပါဆိုရင် $ 17,520 ပင်.. ။ ဒါ့အပြင် ဆူရီ Menu အသစ်ပြောင်းတိုင်းရမည့် $ 3,000 ကိုလည်း ထပ်ဆောင်းရပြန်သေး.. ။ လူမှုရေးဘက်ကကြည့်ရင် တစ်နှစ်လုံး ခြေချုပ်မိရပြီ၊ ဒီထက် ၀င်ငွေကောင်းတဲ့အလုပ်မျိုးပြောင်းရွှေ့ လုပ်ကိုင်ခွင့် မရနိုင်တော့ပေ။ ဒီထက်ဆိုးသည်မှာ မိဘများနှင့်တွေ့ခွင့်မရခြင်းပင်၊ ရန်မျိုးအောင် အမေရိကန်နိုင်ငံ ရောက်နေတာ (၁၅)နှစ်ရှိခဲ့ပြီ၊ ပြန်ခွင့်မရတဲ့အခြေအနေမို့ မိဘများထံမပြန်နိုင်ခဲ့။ အတွယ်အတာလည်း မရှိတော့ မိဘများကိုပိုလွမ်း နေမိတယ်၊ သိပ်တွေ့ချင်နေပြီ။ ပြန်ခွင့်ရရခြင်းပြန်မယ်လို့ မျှော်လင့်ချက်ကြီးလည်း ဘယ်တော့ပြည့်မည် မမှန်းသာခဲ့…။ ကံများကလဲဆန်းပါဘိ၊ ဘုရားကြီးအတွက် သဲသဲမဲမဲ အားခဲကြိုးစားနေတဲ့ အောက်တိုဘာလကမှ ပြန်ခွင့်ရခဲ့တယ်။ အမေရိကန်ရောက်စကထဲက အားထုတ်ခဲ့ရတဲ့ အခွင့်အရေးကြီး ဂုဏ်တော်များ ပွားနေတဲ့အချိန်မှ ရခဲ့လို့ ဂုဏ်တော် အစွမ်းကို ပိုလို့ ပိုလို့ ယုံကြည်ခဲ့ပြီ..။ မိဘနဲ့တွေ့လိုရေးထက် ဘုရားကြီးပင့်လိုရေးကပိုအရေးကြီးနေချိန်မို့ ဘုရားကြီးပင့်ပြီးမှ ပြန်တော့မယ်လို့ မိဘတွေ့လိုစိတ်ကို မျိုသိပ်ထားခဲ့ရပြန်တယ်။ဘုရားကြီးပင့်ပြီးမှပြန်မယ်ပေါ့။ခုတော့ ဘုရားကြီးပင့် နိုင်ခဲ့ပါပြီ။ မိဘနဲ့တွေ့ဘို့အရေးကတော့ ဝေးခဲ့ပြန်ပြီ။တနှစ်အတွင်း မိဘများနဲ့မတွေ့နိုင်လေပြီ။ ဒီအတွက် ရန်မျိုးအောင်စိတ်မကောင်းပေမယ့်၊ဘုရားကြီးကြည်ညိုစိတ်နဲ့ ဖြေသိမ့်နေရပေတော့မယ်…။ နိုဝင်္ဘာလ (၆)ရက်နေ့က အဇူဇာ-ဗြဟ္မ၀ိဟာရကျောင်းသို့ ရန်မျိုးအောင် ဘုရားကြီးပင့်လာခဲ့တယ်။ ကိုမိုးဝင်းတို့မိသားစုနဲ့ အလုပ်သ္မားများလဲ ပါလာကြတယ်။ အရက်စက်တွေ ပေကြံနေတဲ့ ဘုရားကြီးကို ကားပေါ်မှာပင် ရန်မျိုးအောင်က နံ့သာရေများနှင့် ရေသပ္ပါယ်တယ်။“ကမ္ဘာပေါ်မှာ အလုပ်ချင်ဆုံးအလုပ် ခုမှလုပ်ရတော့တယ်” လို့ပြောလိုက်သေးတယ်။ ဘုရားကြီး နေရာတကျ သီတင်းသုံးပြီးတော့ ရန်မျိုးအောင်က စာရေးသူကို လျှောက်ထားတယ် “ဆရာတော် ဟိုတစ်ချိန်က တပည့်တော်ဟာ ဆေးသ္မားအဖြစ်နဲ့ ကျောင်းကိုရောက်လာခဲ့တယ်၊ ခုတစ်ခါတော့ ဘုရားဒါယကာအဖြစ်နဲ့ ရောက်လာတာပါဘုရား” တဲ့။ သူအတိတ်ကို သတိရမိပြီး အတိတ်သမိုင်းကို ပြင်လိုက်ပေပြီ။ မှန်တယ် .. တစ်ချိန်က သူဟာဆေးစွဲခဲ့ဖူးသူ..။ ဆူရှီဆိုင်ရလို့ ကိုယ်တိုင်ဆိုင်ဖွင့်သူ..။ အရွယ်က ငယ်ငယ်၊ ငွေကရွှင်ရွှင်၊ အပေါင်းအသင်းတွေက လဲများပါဘိ၊ အမေရိကန်မှာ လွတ်လပ်တယ်ဆိုပြီး လွတ်လပ်မှုတွေကိုအလွဲသုံးစားလုပ်၊ နောက်ဆုံးတော့ ဆေးသ္မားဖြစ် ကာ ဆိုင်လည်းမရှိ၊ ငွေလည်း ဗလာနတ္ထိ၊ အားကိုးစရာလည်း မရှိဖြစ်ကာမှ စာရေးသူထံရောက်လာခဲ့တယ်။ သူ့ကိုစောင့် ရှောက်ပြီး ဆေးသ္မားဘ၀က လွတ်မြောက်အောင် ကယ်တင်ခဲ့ရတယ်၊ လမ်းမှန်ရောက်အောင် တင်ပေးခဲ့ရတယ်။ မူလ ဓါတ်ခံ စိတ်ရင်း ကောင်းသူမို့ ပြင်ရတာ သိပ်မခက်လှ.. ။ သူဟာ လူကောင်းပကတိဖြစ်ယုံမက မူးယစ်ဆေး၊ အရက် သေစာအားလုံးကို နာကျည်းစွာဖြင့်စွန့်ပယ်နိုင်ခဲ့တယ်။ ဒီဘ၀မှာ ဒီအမှားမျိုး ဒီတစ်ခါပဲအဖြစ်ခံမယ်၊ နောင်ဘယ်တော့မှ မဖြစ်စေရဘူးလို့ ခိုင်မာစွာ ဆုံးဖြတ်ထားသူလည်းဖြစ်နေပါပြီ။ ခုတော့ ဘုရားဒါယကာကြီး ကိုရန်မျိုးအောင် ဘုရားကြီးပင့်၍ ရောက်လာပေပြီ။ သူ့ကိုကြည့်ပြီး စာရေးသူ ပီတိတွေ တသိမ့်သိမ့်ဖြစ်ခဲ့ရပါပြီ။ ပိုးကင်းပြီး ဖူးပွင့်လာတဲ့ ပန်းပွင့်လေးကိုကြည့်ပြီး ပီတိဖြစ်နေတဲ့ ဥယျာဉ်မှူးလိုပင်.. ။ ဘုရားကြီးကလည်း ဘုန်းတော်ကြီးပါပေတယ်၊ ကျောင်းတော်က အဆင်သင့်ပဲ၊ ဒေါ်လာခြောက် သောင်းကျော် အကုန်အကျခံပြီးဆောက်လုပ်ထားတဲ့မဏ္ဍပ်ကြီးက အောက်တိုဘာလကမှဆောက်ပြီးခဲ့ပါတယ်။ကြေးညိုရောင်သန်းပြီး ဉာဏ်တော် ၈-ပေရှိတဲ့ ထိုင်တော်မူရုပ်ပွားတော်ကြီးဟာ ၆၃ ပေ၊ ၃၆ ပေ ကျယ်ဝန်းတဲ့မဏ္ဍပ်ကြီးအတွင်းမှာ တင့်တယ် သပ္ပါယ်စွာ သီတင်းသုံးတော်မူနေပါပြီ။ မာရ်နတ်ရဲ့ အသင်းအပင်း ကာမမှောင်အတွင်းမှ လွှတ်မြောက်တော်မူခဲ့ပြီး ဗောဓိအောင်မြေမှာ စံတော်မူလေသကဲ့သို့ အေးငြိမ်း တိတ်ဆိတ် အဇူဇာကျောင်းတော်ရိပ်မှာ နိဗ္ဗာနဓါတ် ချမ်းသာ မြတ်ကို ခံစားတော်မူလေပြီ။ ဘုရားဒါယကာ ကိုရန်မျိုးအောင်ရဲ့ စေတနာသဒ္ဓါတရားများ၊အဓိပတိပစ္စည်းစွမ်းအားရှိသော ဆန္ဒ ၀ီရိယများနဲ့ ဂုဏ်တော်စွမ်းအားများကိုလည်း ချီးမွှန်းလောက်ပါပေစွ.. ။ သာဓုခေါ်လောက်ပါပေစွ.. ။ ငွေမချမ်းသာသော်လည်း သဒ္ဓါစတဲ့ သူတော်ကောင်းတရားများ ချမ်းသာတဲ့သူမို့ တာဝန်ရှိရှိ တာဝန်သိသိ ဖြင့် ဆောင်ရွက်နိုင်ခဲ့ပေပြီ။ အမေရိကန်လိုပြည်ပနိုင်ငံများမှာ ကိုရန်မျိုးအောင်လို သာသနာပြုလိုသူများ လိုအပ်နေပါပြီ။ တစ်ချို့ နိုက်ကလပ်များမှာ ဘုရားရုပ်ပွားတော်များ ရှိနေပါသေးတယ်။ ကမ္ဘာကျော်အပျော်အပါး လောင်းကစား မြို့ဖြစ်တဲ့ လပ်စ် ဗေးဂပ်စ်မြို့ရဲ့ နိုက်ကလာပ်တစ်ခုမှာ ရုပ်ပွားတော်ကြီးတစ်ဆူ အထက်ပါနည်းအတူ စံနေတော် မူရကြောင်း ကြားရပါတယ်။ ဗုဒ္ဓဆင်းတုတော်များကို မတော်တဲ့ နေရာဌာနတွေမှာ အသုံးပြုနေတာမျိုးတွေ ပပျောက်အောင် ဆောင်ရွက်ကြဖို့ ရန်မျိုးအောင်တွေ တစ်ရာမက ရှိစေချင်စမ်းပါဘိ......။ ။ အဇူဇာကျောင်းသို့ကြွတော်မူစဉ် အဇူဇာမြို့အဝင်တွင် အဇူဇာကျောင်းသို့ဘုရားပင့်လာပုံ (ရန်မျိုးအောင် ဘုရားရေသပ္ပါယ်နေပုံ) ( ငွေများထုပ်ချေးအစစကူညီပေးခဲ့တဲ့(ကိုမိုးဝင်+မဘေဘီတို့ကို ရန်မျိုးအောင်ကျေးဇူးတင်လွန်း၍ကန်တော့) စာရေးသူအရှင်ဧသကနှင့်ဘရားဒကာကိုရန်မျိုးအောင် အရှင်ဧသက ဗြဟ္မ၀ိဟာရ (အဇူဇာကျောင်း) လော့စ် အိမ်ဂျလိစ်မြို့၊ အမေရိကန်
သာသနာတော်ကို စောင့်ရှောက်စေလိုတဲ့ ဆန္ဒနဲ့
မောင်ရန်မျိုးအောင် တွေ့ကြုံ ခံစားခဲ့ရတဲ့အတိုင်း
တင်ဆက်လိုက်တာပါ။
(တစ်ချို့ပုံများ မသင့်တော်ပေမဲ့ သာဘာဝအမှန်အတိုင်း
ဖြစ်စေချင် သိစေချင်လို့ ဖြစ်နေတဲ့အတိုင်း ခပ်မှိန်မှိန်နဲ့
ဖေါ်ပြလိုက်ပါတယ်။)
သဒ္ဓါကြည်ဖြူ အတုယူကာ သာသနာပြုနိုင်ကြပါစေ....။
ရောက်လာသူအပေါင်းရွှင်လန်းချမ်းမြေ့ကြပါစေ..ရွှေဝန်းရတနာ..(၂၄.၃.၁၂)တနင်္ဂနွေနေ့ email.ashinvimala2009@gmail.com Hpး +60102546243-+0122617350 |
မသင့်တော်တဲ့နေရာကနေအခုလိုပင့်ဆောင်သယ်ယူခွင့်ရတဲ့အတွက်
ReplyDeleteကြည်နူးဝမ်းသာမိသလို ကိုရန်မျိုးအောင်ရဲ့လေးစားဘို့ကောင်းတဲ့
စိတ်ဓာတ်ကိုချီးကျူးပါတယ်ဘုရား။ သာဓု သာဓု သာဓုခေါ်ဆိုသွားပါတယ်။
ဘုန်းတော်ခြောက်ဆူပြည့်တော်မူ၍
နတ်လူဦးခိုက်ပူဇော်ထိုက်ငြား
တရားလုံးစုံအကုန်သိမြင်ဘုရားရှင်ကို
ကြည်ညိုမြတ်နိုင်းဦးနှိမ်ချိုးရှိခိုးပါ၏ဘုရား။
ဆိုတဲ့တပည့်တော်ဖတ်ဖူးတဲ့ကဗျာလေးစိတ်ထဲပေါ်လာတယ်ဘုရား။
မေတ္တာဖြင့်
အန်တီတင့်