Friday, March 30, 2012

ဘာသာစကားမှသည် ဘာသာတရားဆီသို့

                                            ဓာတ်ပုံကိုချယ်ရီမြေမှကူးယူဖေါ်ပြပါသည်

                    ဘာသာစကားမှသည်…ဘာသာတရားဆီသို့
                                                                                          လင်းဝံသ
လူမျိုးရှိပါလျှက် ဘာသာနှင့်ယဉ်ကျေးမှု့ပျောက်ခြင်းသည်
လူမျိုးပျောက်ခြင်းထက် ရင်နာစရာကောင်းလှပါတယ်။ဒါကြောင့်အနာဂါတ်မှာ
ရင်မနာကျစေဖို့...... 
မေတ္တာများဖြင့်
မေတ္တာဥယျာဉ်


“ဘာသာ”ဆိုတဲ့စကားလုံးကို အဓိပ္ပါယ်ဖွင့်ကြည့်ရင် အကြမ်းဖျင်းအားဖြင့် ဒီလိုတွေ့ရမှာပါ။
၁။ ယုံကြည်ကိုးကွယ်သည့်အရာ
၂။ ပြောဆိုသုံးစွဲသောစကား
၃။ အကြောင်းအရာတခု
ဥပမာအားဖြင့် ဟိန္ဒူဘာသာ၊ ဗုဒ္ဓဘာသာ။ ဗမာစကား၊ အင်္ဂလိပ်စကား။ 
သင်္ချာဘာသာ၊ ရူပဗေဒဘာသာ။ ဒါဟာ အကျဉ်းအားဖြင့် အဓိပ္ပါယ်ဖွင့်ဆိုပြီး
ဥပမာပေးကြည့်တာပါ။ ဒီ့ထက်မက ကျယ်ပြန့်နက် ရှိုင်းတဲ့ အဓိပ္ပါယ်တွေနဲ့ 
ဥပမာတွေလည်း ရှိကောင်းရှိနိုင်ပါတယ်။

ယနေ့မျက်မှောက်ခေတ်ကမ္ဘာမှာ လူသားတို့ ပြောဆိုသုံးစွဲနေတဲ့ ဘာသာစကားပေါင်း 
(၆၅၀၀)ခန့် ရှိတယ်လို့ ဘာသာဗေဒပညာရှင်တွေက ဆိုပါတယ်။ အဲဒီဘာသာ 
စကားတွေထဲက နှစ်စဉ်နှစ်တိုင်း ကိုယ်ခံအား ကျဆင်းလာနေတဲ့ 
ဘာသာစကားတွေဟာ တဖြေးဖြေးနဲ့ ပျောက်ကွယ်လာနေကြပါတယ်။ 
ထင်ရှားတဲ့ဥပမာ နှစ်ခုကတော့ အရှေ့တိုင်းမှာ ပါဠိ (Pali) ဘာသာစကားနဲ့ 
အနောက်တိုင်းမှာ လက်တင် (Latin) ဘာသာစကား တွေပဲဖြစ်ပါတယ်။

အဲဒီဘာသာစကားနှစ်ခုကို ပညာရှင်အချို့က Dead Language လို့တောင် ပြောဆိုေြ
ကတာပါ။ ဒီစကားဟာ “ဝေါဟာရစကားလုံး အသစ်မတိုးပွားတာ၊ 
မျက်မှောက်ခေတ်လူတွေ ပြောဆိုသုံးစွဲမှု အလွန်ကို နည်းပါးသွားတာတွေကြောင့်”ပဲ 
ဖြစ်မှာပါ။ အရေအတွက်အားဖြင့် မပြောပလောက်တော့တဲ့ ထိပ်တန်း 
ဘာသာဗေဒပညာရှင် အချို့ကလွဲရင် အဲဒီဘာသာ စကားနှစ်ခုကို ဒီနေ့ကမ္ဘာမှာ 
ဘယ်သူမှ မပြောကြတော့ပါဘူး။ စာအဖြစ်နဲ့ပဲ ကျန်ရှိတော့တာပါ။


လူ့အဖွဲ့အစည်းမှာ ယဉ်ကျေးမှုတွေ တိုးတက်ထွန်းကားလာတဲ့ အကြောင်းတွေ 
များစွာရှိတဲ့အထဲက အဓိကအကြောင်းရင်း တခုကတော့ ဘာသာစကား 
Language) တီထွင်ပေါ်ပေါက်လာခြင်းပဲ ဖြစ်ပါတယ်။ 
ဘာသာစကားပေါ်ပေါက်လာပုံနဲ့ ပတ်သက်တဲ့ အယူအဆတွေ 
 အမျိုးမျိုးရှိတဲ့အထဲမှာ တူညီနေတဲ့အချက် တခုကတော့ ဘာသာစကားတခုရဲ့အစဟာ 
“အသံ” ပဲဖြစ်ပါတယ်တဲ့။ ပညာဥာဏ်ကြီးမား ထက်မြက်တဲ့ သူတွေက အသံရင်း 
(Phoneme) တွေကို စံပြုသတ်မှတ်ကြပြီး အပြော ဘာသာစကား (Spoken Language)ကို 
စတင် တည်ထွင်ခဲ့ကြပါတယ်။ အဲဒီနောက်မှ “နှုတ်တရာ စာတလုံး” သဘောနဲ့ 
အရှည်ခံ့ပြီး တည်တံ့အောင် ရေးခြစ်လို့ရတဲ့ရုပ်ရင်း (Morpheme) 
တွေကို ထပ်မံတီထွင်ခဲ့ကြပြန်ပါတယ်။ ဒါကြောင့် အရေးဘာသာစကား 
(Written Language) ပေါ်ပေါက်လာခဲ့တာပါ။



ဒီအရေးဘာသာစကားကြောင့်ပဲ ဟိုးလွန်ခဲ့တဲ့နှစ်ပေါင်းရာ ထောင်များစွာက 
 ဖြစ်ပျက် ခဲ့တဲ့ အကြောင်းအရာတွေ၊ အတွေ့အကြုံတွေကို မှတ်တမ်းတင် 
 ရေးထိုးနိုင်ခဲ့ကြ တာပါ။ နှစ်ဆယ့်တရာစုကာလရောက်စမှာ 
 ကမ္ဘာ့ကုလသမဂ္ဂ၊ ယူနီဆက်အဖွဲ့အစည်းကြီးက အနာဂတ်မျိုးဆက်သစ် 
ကမ္ဘာ့လူငယ်တွေအတွက် ဘာသာစကားဆိုင်ရာ လမ်းညွှန်ချက်
 တခုကို ထုတ်ပြန်ပြဋ္ဌာန်းပေးခဲ့ပါတယ်။ အဲဒီလမ်းညွှန်ချက်ကတော့ 
ခေတ်လူငယ်တွေဟာ မျက်မှောက်ခေတ်မှာ ဘာသာစကားလေးမျိုးကို သင်ယူ 
တတ်မြောက် ထားသင့်ပါတယ်တဲ့။ အဲဒီလေးမျိုးကတော့…

(၁) မိခင်ဘာသာစကား (Native Language)
(၂) နိုင်ငံတကာသုံးဘာသာစကား (International Language)
(၃) ဒေသဆိုင်ရာဘာသာစကား (Regional Language)
(၄) ကွန်ပျူတာဘာသာစကား (Computer Language)  တို့ပဲဖြစ်ပါတယ်။



မြန်မာလူငယ်တယောက်အဖို့ မိခင်ဘာသာစကားက 
မြန်မာစကားပါပဲ။ နိုင်ငံတကာသုံးဘာသာစကား အနေနဲ့ကတော့ 
အားလုံးလက်ခံထားကြတဲ့အတိုင်း အင်္ဂလိပ် စကားပါ။ ဒေသဆိုင်ရာဘာသာ 
စကားဆိုတာကတော့ ဒေသတွင်းမှာအသုံးများတဲ့ ဘာသာစကား တမျိုးမျိုးကို ဆိုလိုတာပါ။ 
ဥပမာ အာရှမှာဆိုရင် တရုတ်၊ ဂျပန်နဲ့ ကိုးရီးယားဘာသာ စကားတွေပါ။ 
ဒီနေ့ခေတ်ဟာ အိုင်တီခေတ်၊ အင်တာနက်ခေတ်ဆိုတော့ 
ခေတ်နဲ့အညီသွားနိုင်ဖို့ ခေတ်ကိုအမီလိုက်နိုင်ဖို့အတွက် ကွန်ပျူတာ ဘာသာစကား 
 ကိုလည်း တတ်ထားသင့်ပါတယ်တဲ့။ အဲဒီလို ခေတ်နဲ့အညီသွားနိုင်မှ၊ 
ခေတ်ကိုအမီလိုက်နိုင်မှ ခေတ်ရဲ့သားကောင်းတစ်ယောက် ဖြစ်မှာပါ၊ မဟုတ်ရင်တော့ 
ခေတ်ရဲ့ သားကောင် ဖြစ်သွား နိုင်ပါတယ်။



မြန်မာနိုင်ငံအတွင်းမှာ နေထိုင်ကြတဲ့ လူငယ်တွေအတွက်တော့ မိခင်ဘာသာ 
စကားဖြစ်တဲ့ မြန်မာစကားကို အထူးကြောင့်ကြစိုက်ပြီး တကူးတက လေ့လာနေစရာ
 မလိုပါဘူး၊ သူ့အလိုလိုတတ် မြောက်လာမှာပါ။ ပတ်ဝန်းကျင်အားလုံးက 
ဒီစကားကိုပဲ နေ့စဉ်ပြောဆိုသုံးစွဲနေကြတာကိုး။ စကား 
အတွက်အားမစိုက်ရပေမဲ့ စာပေအတွက်တော့ တကူးတကလေ့လာမ
ှ တကယ်တတ်မြောက်မှာပါ။



“မြန်မာစာသည် ဒို့စာ၊ မြန်မာစကားသည် ဒို့စကား”ဆိုပေမဲ့ အမှုမဲ့အမှတ်မဲ့နဲ့ 
မလေ့လာဘဲနေရင် တကယ်တတ်ကျွမ်းနားလည်ဖို့ မလွယ်ကူပါဘူး။ ဒီနေ့ခေတ် 
မြန်မာပြည်တွင်းမှာ ရှင်သန်လှုပ်ရှား နေထိုင်ကြတဲ့ မြန်မာ့လူငယ်တွေ 
ဝီရိယစိုက်ပြီး လေ့လာနေကြတာကတော့ နိုင်ငံခြားဘာသာစကား တမျိုးမျိုးနဲ့ 
ကွန်ပျူတာပညာပဲ ဖြစ်ပါတယ်။ ဘာသာစကားများစွာထဲကမှ 
အားလုံးသိကြတဲ့အတိုင်း နိုင်ငံတကာသုံး ဘာသာစကားဖြစ်တဲ့ အင်္ဂလိပ်စာ၊ 
အင်္ဂလိပ်စကားကို လူငယ်တိုင်းနီးပါး လေ့လာနေကြတာပါ။



ဘာသာစကားပြောသင်တန်းတွေနဲ့ ကွန်ပျူတာသင်တန်းတွေကိုလည်း နေရာတိုင်း 
 နီးပါးမှာ တွေ့နေကြရပါပြီ။ ဒါဟာ အနာဂတ်မြန်မာ့လူငယ်တွေအတွက် ကောင်းတဲ့ 
လက္ခဏာ တရပ်ပါပဲ။ အရင်တုန်းက တောရွာတွေနဲ့မြို့ပြတွေက 
နွေရာသီ  ဗုဒ္ဓဘာသာသင်တန်းတွေမှာ “ယဉ်ကျေးလိမ္မာဗုဒ္ဓဘာသာသင်တန်း”တွေကို
 အစဉ်အလာ အတိုင်း သမားရိုးကျ သင်ကြားပို့ချ လာခဲ့ကြပေမဲ့ ခုခေတ်မှာတော့ 
“ယဉ်ကျေးလိမ္မာ ဗုဒ္ဓသာသာ အင်္ဂလိပ်စာ သင်တန်း”ဆိုပြီး ခေတ်နဲ့အညီပြောင်းလဲကာ
 လေ့လာသင် ကြားပို့ချ ပေးနေကြပါပြီ။ ခေတ်လူငယ်တွေ 
ဒီလိုသင်တန်းမျိုးတွေကို အားတက်သရောနဲ့ လာတက်ချင်အောင် 
သူတို့စိတ်ဝင်စားတဲ့ ဘာသာစကားကိုပါ ထည့်သွင်း သင်ကြားပေးတဲ့သဘော၊ 
ခေတ်နဲ့အညီ ရှေ့သို့ချီနိုင်အောင် လူငယ်တွေအတွက် 
စေတနာတွေ ဝေဖြာစေတဲ့သဘောလည်းပါသလို ဘာသာတရားနဲ့ ရင်းနှီးလာအောင် 
ဆွဲဆောင်တဲ့ သဘောလည်း ဖြစ်ပါတယ်။ ပညာဒါန 
သင်ကြားပေးကြတဲ့ ဘုန်းတော်ကြီးကျောင်းတွေမှာဆိုရင် 
ကွန်ပျူတာပညာရပ်ကိုပါ သင်ကြားပို့ချပေးနေကြပါပြီ။



ပြည်တွင်းကလူငယ်တွေနဲ့ ပြည်ပနိုင်ငံတွေမှာ အခြေချနေထိုင်ကြတဲ့ 
 မြန်မာ့လူငယ်တွေဟာ ပြောင်းပြန်လို့ ပြောရတော့မှာပါ။ သူတို့လေးတွေကတော့ 
နိုင်ငံတာကာသုံး ဘာသာစကားနဲ့ ကွန်ပျူတာ ဘာသာစကားကို မိခင်ဘာသာ 
စကားထက်တောင် တတ်ကျွမ်းနေကြပါပြီ။ အသက်ငယ်ငယ်ရွယ်ရွယ်နဲ့ 
ပြည်ပနိုင်ငံတွေကို ရောက်လာတဲ့ ကလေးသူငယ်တွေ၊ ပြည်ပနိုင်ငံတွေမှာ 
ပဲမွေးဖွားလာကြတဲ့ မြန်မာ့ ကလေးသူငယ်တွေအတွက်ကတော့ မြန်
်မာစကားပြောဖို့ အခွင့်အလမ်းတွေ အတော်ကို နည်းပါး သွားကြ ပါတယ်။



စာသင်ကျောင်းတွေနဲ့ ပတ်ဝန်းကျင်အားလုံးက အင်္ဂလိပ်လိုပဲပြောကြတော့ 
မိခင်ဘာသာ မြန်မာစကားကို ကိုယ့်အိမ်ဆိုတဲ့ ဘောင်ကျဉ်း ကျဉ်းလေး ထဲမှာပဲ 
ပြောရ, ကြားရ တော့တာပါ။ ပြည်တွင်း ကလူငယ်တွေ နိုင်ငံတကာသုံး 
ဘာသာစကားကို လေ့လာသင်ယူ သလိုမျိုး မိခင်ဘာသာ စကားကို လေ့လာ 
သင်ယူနိုင်မှ တော်ကာကျမှာပါ။



တချို့ကတော့ “ကာလံ ဒေသံ၊ အဂ္ဃံ ဓနံ။ ရောမရောက်တော့ ရောမလိုကျင့်ရတာပေါ့။ 
 နိုင်ငံခြား မှာနေတာပဲ၊ ဗမာစကားမတတ်တော့ ဘာဖြစ်သေးလဲ၊ ဗမာစကားမတတ်တာ 
ဘ၀မှာ ဘာများအရေး ကြီးလို့လဲ”လို့ ပြောတတ်ကြပါတယ်။ 
တချို့မိဘတွေကလည်း ကိုယ့်သားသမီးတွေ ဗမာစကားမပြော 
တတ်တာကိုပဲ တလွှဲဂုဏ်ယူနေကြတာမျိုးတွေ ရှိပါတယ်။ 
တချို့မိဘတွေကတော့ “မတတ်နိုင်ဘူးဟေ့၊ အချိန်မရှိတော့ 
ဒီလိုပဲ ပစ်ထားလိုက်ရတော့တာပဲ”ဆိုပြီး အကြောင်းပြတတ်ကြပါတယ်။ အများစုက 
လူ ကြီးတွေ၊ မိဘတွေပြောတာကို ကလေးတွေက 
နားလည်ရုံသာနားလည်ပြီး ပြန်မပြောတတ်ကြတော့ပါ ဘူး။ 
 အဲဒီလိုဖြစ်သွားတာဟာ ကိုယ့်သားသမီးကို တဖြေးဖြေးနဲ့ ဆုံးရှုံးမှန်းမသိ 
 ဆုံးရုံးလာနေတာပါ။ မိဘနဲ့သားသမီး ဝေးမှန်းမသိ ဝေးလာနေတာပါ။



ဘာသာစကားမတတ်ရင် အဲဒီဘာသာစကားပြောသူတွေရဲ့ 
ရိုးရာယဉ်ကျေးမှုတွေ၊ အစဉ်အလာတွေ၊ တန်ဖိုးတွေကို ထဲထဲဝင်ဝင်သိနိုင်ဖို့ 
မလွယ်ကူပါဘူး။ အင်္ဂလိပ်ကျောင်းမှာနေ၊ အင်္ဂလိပ်လိုပဲပြော၊ အင်္ဂလိပ်လူငယ်တွေနဲ့ပဲ 
 အင်္ဂလိပ်ယဉ်ကျေးမှုနဲ့ပဲ ကြီးပြင်းလာခဲ့ရင် မိဘတွေကို တန်ဖိုး 
ထားလေးစားရမှန်းမသိ၊ မိဘကျေးဇူးကို သိပြီးတော့ ပြန်ဆပ်ရကောင်းမှန်း 
 မသိဖြစ်လာပြီး နောက်ဆုံး မိဘတွေ အသက်ကြီးလာတဲ့အခါမှာ ပြုစုစောင့်ရှောက်ရ
ကောင်းမှန်းမသိဘဲ လူအိုရုံတွေကို ပို့တဲ့အထိ ဖြစ်သွားနိုင်ပါတယ်။



ဒါကြောင့် အသက်ကြီးလာတဲ့အခါမှာ လူအိုရုံတွေကိုမရောက်ချင်ရင် ကိုယ့်သား 
သမီးတွေကို ငယ်စဉ်အခါကတည်းက မြန်မာစကားပြော တတ်အောင်၊ မြန်မာ့ ယဉ်ကျေးမှု 
မြန်မာ့ ဘာသာတရားနဲ့ နီးစပ်နေအောင် သင်ပေးထားဖို့လိုပါလိမ့်မယ်။ ဒါဟာ 
 အခြားလူမျိုး ရဲ့ယဉ်ကျေးမှုကို မကောင်းမြင်နဲ့ပြောတာ မဟုတ်ပါဘူး။



အဓိကပြောလိုရင်းကတော့ မြန်မာ့ဘဝ၊ မြန်မာ့ဓလေ့နဲ့ကိုက်ညီပြီး၊ မြန်မာတို့ 
 သိထားသင့်တဲ့ ဗုဒ္ဓဝါဒနဲ့ ယဉ်ကျေးမှုတို့ကို အပြည့်အစုံဆုံး ရေးသားနိုင် တာက 
 မြန်မာ ဘုန်း တော်ကြီးများနဲ့ မြန်မာပညာရှင်ကြီးများဖြစ်ပါတယ်။ မြန်မာပညာရှင်တို့ 
ရေးသားတဲ့ ဗုဒ္ဓဘာသာဆိုင်ရာ စာအုပ်များက လည်း မြန်မာဘာသာနဲ့သာ အပြည့် 
အစုံဆုံးရှိကြ တာဖြစ်လို့ မြန်မာစာ မြန်မာစကားမတတ်တဲ့ ပြည်ပရောက် 
မြန်မာကလေးငယ်များ အတွက် မိမိတို့ရဲ့ ကိုးကွယ်ရာ ဘာသာတရားနဲ့ 
ယဉ်ကျေးမှုများ၊ တဖြည်းဖြည်း အလှမ်းဝေးပြီး အမျိုး ဘာသာ 
သာသနာတို့နဲ့ပါ ဝေးကွာသွားကြရမည့်အရေးကို အချိန်မီ ကြိုတင်တားဆီး နိုင်ကြဖို့ပါ။



သူတို့ယဉ်ကျေး မှုမှာလည်း ကောင်းတာတွေ အများကြီး ရှိပါတယ်။ ယူသင့်တာကို 
 ယူပြီး ပယ်သင့်တာကို ပယ်တတ်ဖို့ ဆိုလိုတာပါ။  တကယ်တော့ လူမျိုးတိုင်းက 
 ကိုယ့်ဘာသာ စကား၊ ကိုယ့်ဘာသာတရားနဲ့ ကိုယ့်ရိုးရာယဉ် 
ကျေးမှုအစဉ်အလာတွေကို ချစ်ခင်မြတ်နိုး တန်ဖိုးထားကြတာချည်းပါပဲ။ 
ဒါပေမဲ့ စနစ်တကျနဲ့ ဘယ်လို ထိန်းသိမ်း စောင့်ရှောက်ရမယ်၊ 
ဘယ်လိုလက်ဆင့်ကမ်း မျှဝေပေးရမယ်ဆိုတာကိုတော့ သိတဲ့သူ 
နည်း ပါလိမ့်မယ်။ မိခင်ဘာသာမြန်မာစာ မြန်မာစကားကို တန်ဖိုးမထားတတ် 
 သူတွေအတွက်   ဆရာကြီး ဦးလင်းက


“မြန်မာစာ ဈေးမရှိတာမို့၊ ဆွေးမချိ နောက်ဘွယ်၊
ရှေးက၀ိ ပျောက်ကွယ်သည်၊ အထောက်ဝယ် အိုချို့၊
စာကုံးမူ ဘိုးမတန်သည်၊ ကျိုးမသန် ကြပ်တဲ့ခါမို့၊
ရှေးမြန်မာ ထုံးမထွင်သည်၊ ချုံးမရွှင် သွေညို့၊
သုံးမ၀င် အခြေရို့တာမို့၊ ကဝေတို့ နွမ်းနယ်၊
အေ ဘီ စီ အခြေစားလောက်မှ၊ နေအထား ဖြောင့်ဘုတကယ်၊
ခေတ်အလိုက် အရိုးကွယ်သည်၊ မျိုးအနွယ် တိမ်ခဲ့ပေါ့၊
နှိမ်ဖဲ့လို့ အောင်ချတာ၊ ကြောက်ဘွဲ့အခါ၊
မျိုးမြန်မာ အသုံးစာနှယ်၊ နှလုံးနာ ခေတ်ကြီးမို့လေး။” ဆိုတဲ့ 
တေးထပ်နဲ့ရေးစပ်ကာ ဒီလိုလေးသတိပေးခဲ့ပါတယ်။


လွန်ခဲ့တဲ့လေး,ငါးနှစ်လောက်ကစပြီး မြန်မာနိုင်ငံကဆရာတော်များ ပြည်ပနိုင်ငံ 
 တွေကိုကြွ ရောက်ကာ တရားဓမ္မဟောပြောမှုတွေ များပြားလာခဲ့ပါတယ်။ မသိသေးတဲ့ 
တရားတွေ သိရ နာရ ကြားရ၊ သိပြီးသားတရားတွေ ပိုပြီးခိုင်မာစွာသိရ၊ 
ကုသိုလ်ကောင်းမှု အသစ်တွေ ပြုခွင့်ရတဲ့အတွက် အလွန်ပဲ အကျိုးကျေးဇူး ကြီးမားပါတယ်။ 
အဲဒီလို ဆရာတော်ကြီးတွေ ကြွရောက်တရားဟောနိုင်ကြတာဟာ အကြောင်းအမျိုးမျိုးနဲ့ 
အမြဲမပြတ် ပြောင်းရွေ့လာကြတဲ့ ရွေ့ပြောင်းအခြေချ နေထိုင်သူတွေကြောင့်ပါ။ 
တကယ်လို့သာ အဲဒီရွေ့ပြောင်း အခြေချ နေထိုင်သူတွေက မွေးဖွားလာကြတဲ့ ကလေးတွေကို 
မိခင် ဘာသာ စကားမသင်ပေးဘူး၊ မပြောစေဘူးဆိုရင် နောင်လာမဲ့အနှစ်, 
နှစ်ဆယ်လောက်မှာ ဆရာတော်တွေ အခုလိုကြွရောက်ပြီး 
မြန်မာဘာသာစကားနဲ့ တရားဟောဖို့ဆိုတာ ခက်ခဲတဲ့ ကိစ္စတစ်ခု ဖြစ်သွားနိုင် ပါတယ်။



ရိုးရာယဉ်ကျေးမှုတွေ၊ မိခင်ဘာသာစကား, မိခင်ဘာသာ တရားတွေနဲ့ ရင်းနှီးကျွမ်းဝင် 
လာဖို့ အကောင်းဆုံး ကူညီပေးနိုင်တဲ့ နေရာကတော့ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး 
ကျောင်းတွေပါပဲ။ နိုင်ငံခြားမှာရှိ ကြတဲ့ ဘုန်းတော်ကြီးကျောင်းအများစုဟာ 
“ယဉ်ကျေးလိမ္မာ မြန်မာစာသင်တန်း”တွေ သင်ကြားပို့ချပေးဖို့ အဆင်သင့်ဖြစ်နေ ကြပါတယ်။



ဘုန်းတော်ကြီးကျောင်းတွေကလည်း လစဉ်ရာသီအလိုက် ရိုးရာယဉ် ကျေးမှုပွဲတော် 
တွေ၊ တရားပွဲတွေ ကျင်းပရုံတင်မကဘဲ အနာဂတ်ကို ကမ်းလင့်ကြို မျိုးဆက်သစ် ကို 
နေရာလွှဲ လိမ္မာယဉ်ကျေးတဲ့ ရင်သွေးရတနာလေးတွေဖြစ်လာစေဖို့ အချိန်ပေးကြရမှာပါ။ 
အနာဂတ် မျိုးဆက်သစ်စီမံကိန်း ခိုင်ခိုင်မာမာ မရှိတဲ့ လူ့အဖွဲ့အစည်း တိုင်းဟာ 
တချိန်ချိန်မှာ အင်အားချည့်နဲ့ပြီး ကျရှုံးမှုတွေနဲ့ ရင်ဆိုင်ရ တတ်ပါတယ်။



မိဘတွေကိုယ်တိုင်ကလည်း ကိုယ့်ဘာသာ ကိုယ့်စကားကို လေးစားမြတ်နိုး 
 တန်ဖိုးထားပြီး ကိုယ့်သားသမီးတွေကို လက်ဆင့်ကမ်း အမွေပေးတတ်ဖို့ လိုပါတယ်။ 
 မိခင်ဘာသာ စကားတတ်ရင် မိခင်ဘာသာ တရားနဲ့လည်း ပိုပြီးနီးစပ်နိုင်ပါတယ်။



ဘယ်ဘာသာဝင်ပဲဖြစ်ဖြစ် ဘယ်လူမျိုးပဲဖြစ်ဖြစ် ငယ်စဉ်အခါကတည်းက စာသင်ကျောင်း 
 ကနေ ဖြစ်စေ၊ ဘာသာရေးကျောင်းကနေဖြစ်စေ၊ မိဘဘိုးဘွားတွေဆီက နေဖြစ်စေ 
ဘာသာ တရားရဲ့အဆုံး အမတွေကို မနာကြားခဲ့ရဘူးဆိုရင် ကိုယ်နှုတ်စိတ်ယဉ်ကျေးမှုနဲ့ 
ကိုယ်ကျင့် တရားတွေမှာ အားနည်း သွားတတ်ပါတယ်။ မိဘတွေကိုယ်တိုင်က 
မိမိတို့ရဲ့ရင်သွေး ရတနာ လေးတွေကို ဘုန်းကြီးကျောင်းကို သွားတိုင်း ခေါ်သွားသင့်ပါတယ်။



ဒါဟာ ဘာသာစကား၊ ဘာသာတရားနဲ့ ရင်းနှီးကျွမ်းဝင်ဖို့ အကောင်း 
 ဆုံးနည်းလမ်းတစ်ခုပါ။   “ရင်း”မှ “နီး”မှာပါ။ “ကျွမ်း”မှ “၀င်”မှာပါ။  
 ပြည်ပနိုင်ငံတွေမှာ အခြေချနေထိုင် ကြတဲ့ မြန်မာ လူမျိုးတွေအတွက် 
ကိုယ့်သားသမီးတွေကိုပေးဖို့ အကောင်းဆုံးအမွေတွေထဲမှာ  မိခင်ဘာသာ 
စကားနဲ့ မိခင်ဘာသာတရားတို့ဟာလည်း မပါမပြီး ဆိုတာကို အလေးထား တတ်ကြဖို့ 
ပြောနေ ခြင်း ဖြစ်ပါတယ်။


ဘာသာစကားနဲ့ စာပေဆိုတာ ရှေးပညာရှိပုဂ္ဂိုလ် အစဉ်အဆက် ပြုစုပျိုးထောင် 
 စောင့်ရှောက် လာခဲ့ကြတဲ့ ကြီးကျယ်တဲ့ ပညာရပ် ဖြစ်ပါ တယ်။ မြန်မာ လူမျိုးတွေရဲ့ 
 စကားအသုံး အနှုံးတွေက ဗုဒ္ဓဘာသာ၊ ဗုဒ္ဓသာသနာနဲ့ မကင်းတာကြောင့် 
တရားနဲ့ရင်းနှီးလိုရင် ဒီတရားကို အပြည့်စုံဆုံးဖေါ်ပြ တဲ့ ဘာသာ စကားကို အရင် 
တတ်မြောက်ဖို့ လိုအပ်တယ် ဆိုတာကို အလေးအနက်ပြုနိုင်ကြပါစေ…..။


ရောက်လာသူအပေါင်းရွှင်လန်းချမ်းမြေ့ကြပါစေ..ရွှေဝန်းရတနာ..(၃၁.၃.၁၂)စနေနေ့

Email..ashinvimala2009@gmail.com




















No comments:

Post a Comment