Wednesday, September 12, 2012

ရုပ်ပွားဆင်းတုတော်ကို အနေကဇာတင်ပြီးမှ ကိုးကွယ်သင့်ပါသလား? (၁)

ရုပ်ပွားဆင်းတုတော်ကို အနေကဇာတင်ပြီးမှ ကိုးကွယ်သင့်ပါသလား? (၁)
Buddha-1
အရှင်နန္ဒသေနာလင်္ကာရ
သာမဏေကျော်၊ ဓမ္မာစရိယ၊ မဟာဓမ္မာစရိယ MA

        ဒီကိစ္စဟာ အတော်စိတ်ဝင်စားစရာကောင်းတဲ့ အချက်ပါ။ မျက်မှောက်ခေတ်မှာ မကြာမကြာ ကြုံနေရတဲ့ ကိစ္စလည်း ဖြစ်ပါတယ်။
ဗုဒ္ဓဘာသာဝင်တွေဟာ မိမိတို့နေထိုင်ရာအိမ်၊ အဆောက်အအုံ  စသည်တွေမှာ ဘုရားရုပ်ပွား ဆင်းထုတော်ကို အမြတ်တနိုး ထားရှိပူဇော် ကိုးကွယ် လေ့ရှိကြပါတယ်။ ဒီလိုကိုးကွယ်ကြတဲ့အခါ အချို့က ဒေသရိုးရာအလျောက် အနေကဇာမတင်ဘဲ ကိုးကွယ်ကြတာရှိသလို အချို့လည်း အနေက ဇာတင်ပြီး ကိုးကွယ်တတ်ကြပါတယ်။

  
     အနေကဇာတင် ကိုးကွယ်မှုနှင့်ပတ်သက်လို့ မျက်မှောက်ခေတ်မှာ ဘာတွေတွေ့လာရသလဲဆိုရင် အချို့က “သိမ်သမုတ်ရဟန်းခံ ကိစ္စတွေမှာ ကမ္မဝါစာရွတ်ဖတ်မှ သိမ်ဖြစ်မှု၊ ရဟန်းဖြစ်မှု အောင်မြင်သွားတယ်။ ဂါထာမန္တန်ဖြင့် မန်းမှုတ်အသက်သွင်းမှ ဆိုင်ရာအရုပ်တွေမှာ ဆိုင်ရာသိဒ္ဓိ ဣဒ္ဓိတွေ ဝင်ရောက်သွားလို့မို့ အစွမ်းထက်သွားတယ်။ အနေကဇာတင်ကိစ္စမှာလည်း ဒီအတိုင်းပဲ။ သံဃာတော်များက သက်ဆိုင်ရာဂါထာတွေကို ရွတ်ဆိုလိုက်မှ သိဒ္ဓိ ဣိဒ္ဓိတွေ ဝင်ရောက်သွားတယ်။ ပူဇော်ကိုးကွယ်ထိုက်တဲ့ အခြေအနေသို့ရောက်သွားတယ်။ အနေကဇာတင်ပြီးတဲ့ ဆင်းတုရုပ်ပွားတော်ကို ပူဇော်ကိုးကွယ်မှသာ ကောင်းကျိုးအမျိုးမျိုးကို ရရှိနိုင်တယ်” လို့ ထင်မြင်ယူဆမှုတွေ ရှိလာပါတယ်။ ဒီလို ထင်မြင်မှု တွေကြောင့်ပဲ အနေကဇာမတင်ရသေးတဲ့ ရုပ်ပွားဆင်းတုတော်ဆိုရင် ပေါ့ပေါ့တန်တန် သဘောထားလာကြတာ ဝမ်းနည်းဖွယ်တွေ့မြင်နေရပါတယ်။

   ရုပ်ပွားဆင်းတုတော်ကို အနေကဇာတင်မှုနဲ့ပတ်သက်လို့ -
“ရုပ်ပွားဆင်းတုတော်ကို အနေကဇာတင်ရမယ်။ အနေကဇာတင်တဲ့အခါ ဘာတွေပါရမယ်၊ ဘာတွေရွတ်ဖတ်ရမယ်” စသည်ဖြင့် မိန့်ဆိုညွှန်ကြား ထားတာ စာရေးသူလေ့လာမိသလောက် ပိဋကတ်တော်မှာ အရိပ်အရောင်မျှ မတွေ့ရပါဘူး။

    ဝိမာနဝတ္ထုပါဠိတော်မှာတော့ ရှင်းလင်းပြတ်သားတဲ့ မိန့်ဆိုချက်တစ်ခု တွေ့ရပါတယ်။ အဲဒါက -
“တိဋ္ဌန္တေ နိဗ္ဗုတေစာပိ = သက်တော်ထင်ရှား ရှင်တော်မြတ်ဘုရားအပေါ်မှာဖြစ်စေ၊ ပရိနိဗ္ဗာန်စံဝင်ပြီးဖြစ်တဲ့ ရှင်တော်မြတ်ဘုရားအပေါ်မှာဖြစ်စေ။ သမေ စိတ္တေ သမံ ဖလံ = အားထားယုံကြည်ကိုးကွယ် စိတ်တူမျှပါက အကျိုးရရှိမှုလည်း တူမျှတယ်” ဆိုတဲ့ မိန့်ဆိုချက်ပါပဲ။
ဒီစကားတော်ကို သက်သေပြုတဲ့ ဖြစ်ရပ်သာဓကတွေ အများအပြားရှိပါတယ်။

    တစ်ချိန်က စာရေးသူတို့ရဲ့ ဘုရားအလောင်းတော်ဟာ “တိလောကဝိဇယ” ဆိုတဲ့နာမည်နှင့် စကြာမင်းဖြစ်ခဲ့ဖူးပါတယ်။ စကြာမင်းကြီးဟာ လောကီစည်းစိမ်ကို ခံစားနေရင်း တစ်ချိန်မှာတော့ ပရိနိဗ္ဗာန်စံဝင်တော်မူကြပြီးဖြစ်တဲ့ ဘုရားရှင်များ၊ ဘုရားရှင်များရဲ့ အရိယာတပည့် ရဟန်း သံဃာတော်များ၊ ပစ္စေကဗုဒ္ဓါ အရှင်မြတ်များစွာကို စိတ်ထဲမှာ ထင်မြင်လာအောင် စိတ်ကူးပုံဖော်ပါတယ်။ စိတ်ထဲမှာ ပုံပေါ်ထင်မြင်လာတဲ့အခါ အဲဒီဘုရားရှင်များ၊ ပစ္စေကဗုဒ္ဓါများ၊ အရိယာသံဃာတော်များကို အထူးလေးစားကြည်ညိုစွာနဲ့ လက်အုပ်ချီမိုး ရှိခိုးကန်တော့ပါတယ်။

    ဒီလိုရှိခိုးကန်တော့ရင်း သဒ္ဓါတရား အလွန်ထက်သန်လာပြီး ရှိခိုးကန်တော့ရုံနှင့် တင်းတိမ်အားမရနိုင် ဖြစ်လာပါတယ်။ ဒါကြောင့် အရှင်မြတ်များ သီတင်းသုံးဖို့ရာ ရတနာပြာသာဒ်ဗိမာန်တော်ကို စိတ်ကူးနှင့် ပုံဖော်တည်ဆောက်ပါတယ်။ ဗိမာန်တော်ကြီးဟာ အထပ်ပေါင်းများစွာရှိပြီး အတွင်းမှာ အလွန်လှပဆန်းကြယ်တဲ့ အခင်းမျိုးစုံကို ခင်းကျင်းထားပါတယ်။ ရေပြည့်အိုး၊ ပန်းမျိုးစုံပြည့်တဲ့အိုးတွေကိုလည်း သူ့နေရာနှင့်သူ စနစ်တကျထား ရှိပါတယ်။

    အဲဒီနောက် အရိယာတပည့်သံဃာများ ခြံရံတော်မူတဲ့ သဗ္ဗညုဘုရားရှင်များ၊ ပစ္စေကဗုဒ္ဓါ အရှင်မြတ်ပေါင်းများစွာကို စိတ်ကူးနှင့် ပင့်ဖိတ်ပါတယ်။ အရှင်မြတ်များ ရတနာဗိမာန်တော်သို့ ကြွတော်မူလာကြပြီး ရွှေသားနှင့်ပြုလုပ်ထားတဲ့ ပလ္လင်တော်များမှာ အသီးသီးနေရာယူ သီတင်းသုံး တော်မူနေကြပုံကို စိတ်ကူးပြန်ပါတယ်။

     ဒါတင်မကဘူး။ လူ့ပြည်နတ်ပြည်အတွင်း ရှိရှိသမျှ အကောင်းဆုံး အထည်တွေကို ယူဆောင်ပြီး သဗ္ဗညုဘုရားရှင်များ၊ ပစ္စကဗုဒ္ဓါအရှင်မြတ်များ၊ အရိယာသံဃာတော်များကို တိစီဝရိတ်သင်္ကန်းများ လှူဒါန်းနေပုံ၊ သပိတ်အသီးသီးမှာ မွန်မြတ်တဲ့ ခဲဖွယ်ဘောဇဉ် ချိုချဉ်သြဇာမျိုးစုံ အပြည့်ထည့်ပြီး လှူဒါန်းနေပုံကို စိတ်ကူးပြန်ပါတယ်။

    ဆွမ်းကိစ္စပြီးစီးတော်မူကြတဲ့အခါ သဗ္ဗညုဘုရားရှင်များ၊ ပစ္စေကဗုဒ္ဓါအရှင်မြတ်များ၊ အရိယာသံဃာတော်များဟာ ရတနာဗိမာန်တော်အတွင်းရှိ ရတနာတိုက်ခန်းအသီးသီးသို့ ဝင်ရောက်တော်မူကြပြီး ခေတ္တမျှ ကိန်းအောင်းတော်မူကြပုံ။ အဲဒီနောက် အချို့က ဈာန်သမာပတ် ဝင်စားတော် မူနေကြပုံ။ အချို့က ပြဿနာမေးဖြေနေကြပုံများကို စိတ်ကူးပါတယ်။

    ဒီလို ဘုရား၊ ပစ္စေကာ၊ အရိယာသံဃာတော်များ အလိုရှိတော်မူရာကိစ္စဖြင့် သီတင်းသုံးတော်မူနေကြစဉ်မှာ အရှင်မြတ်များအပေါ်မှ ရတနာထီးဖြူတော်များ ဆောင်းမိုးထားပုံ။ မွှေးကြိုင်တဲ့ ပန်းမျက်နှာကြက်များ စီမံထားပုံ။ နီမြန်းတဲ့ဇာပန်းများ တွဲလျားကျနေပုံ။ ရတနာဗိမာန် တော်ရဲ့ အရပ်လေးမျက်နှာမှာ ကြာမျိုးငါးပါး ဖူးပွင့်ဝေဆာနေတဲ့ ရေကန်ကြီးများ တည်ရှိနေပုံ။ ပတ်ဝန်းကျင် ပန်းဥယျာဉ်အတွင်း ပန်းပင်များမှ ပန်းဝတ်မှုန်များ အပေါ်သို့လွင့်တက်ပြီး ဗိမာန်တော်ကြီးကို လွှမ်းဖုံးနေပုံ။ ရွှေအတိပြီးတဲ့ခုံတွေပေါ်မှာ မီးတိုင်များကို စကြာဝဠာအနှံ့ ထွန်းညှိထားပုံ။ သစ်ပင်ဖျားတိုင်း၊ တောင်ထိပ်တိုင်းမှာ အလံတလူလူ လွင့်ထူထားပုံများကို စိတ်ကူးပါတယ်။

    ဒီလောက်ကြည်နူးစရာဖြစ်နေတဲ့ ရတနာဗိမာန်တော်အနီးမှာ ကတတ်၊ သီဆိုတတ်သူတွေလည်း ကြည်နူးဝမ်းသာလွန်းလို့ သီဆိုတီးမှုတ် ကခုန် နေကြပုံ။ လူ နတ် သိကြား နဂါး ဂဠုန် ကုမ္ဘဏ် ယက္ခ ဂန္ဓဗ္ဗမကျန် သူတော်ကောင်းများလည်း လက်အုပ်ကိုယ်စီချီပြီး ဗိမာန်တော်သို့လာကြပုံ။ အဲဒီပရိသတ်ကို စကြာမင်းကြီးက ကိုယ်တိုင်ပြုလုပ်ထားတဲ့ ကုသိုလ်အဖို့ကို အမျှဝေ စကားပြောကြားနေပုံ။ ဒီနေရာသို့ မရောက်လာ နိုင်သေး သူများကိုလည်း နတ်များက ဝမ်းမြောက်ဝမ်းသာ လှည့်လည်ပြောပြနေကြပုံများကိုလည်း စိတ်ကူးပါတယ်။

    စကြာမင်းကြီး အဲဒီဘဝက ကွယ်လွန်တဲ့အခါ အဲဒီကုသိုလ်ကံကြောင့် တာဝတိံသာနတ်ပြည်သို့ ရောက်သွားပါတယ်။ အဲဒီကုသိုလ်ကံကို အခြေခံပြီး လူ့ပြည်နတ်ပြည်တွေမှာ ဘဝပေါင်းများစွာ ဖြစ်ရရုံမက ဖြစ်လေရာဘဝတွေမှာ အခြားနတ်တွေ လူတွေထက် ပညာအရည်အချင်း၊ ရုပ်ရည်အဆင်း သာလွန်သူဖြစ်ခဲ့ရကြောင်း မိန့်ဆိုတော်မူထားကာ အပဒါန်ပါဠိတော်မှာ တွေ့နိုင်ပါတယ်။

    ဒီဖြစ်ရပ်ကိုလေ့လာကြည့်ရင် ခုခေတ် အနေကဇာတင်ကြတဲ့ ရုပ်ပွားဆင်းတုတော် စေတီတော်ပင်မဟုတ်ဘဲ စိတ်ကူးနှင့် ပုံဖော်အာရုံယူထားတဲ့ ဘုရား၊ ပစ္စေကဗုဒ္ဓါ၊ အရိယာသံဃာတော်များသာဖြစ်ကြောင်း တွေ့နိုင်ပါတယ်။ စိတ်ကူးနှင့်ပုံဖော်ပြီး သက်တော်ထင်ရှား မြတ်စွာဘုရား၊ ပစ္စေကဗုဒ္ဓါ၊ အရိယာသံဃာတော်များကို ကိုးကွယ်ဆည်းကပ်ခဲ့လို့ စကြာမင်းကြီး အကျိုးဘယ်လောက်ခံစားခဲ့ရတယ်ဆိုတာ တွေ့နိုင်ပါတယ်။

    ပြီးတော့ ဖုဿဒေဝမထေရ်မြတ်ရဲ့ ဖြစ်ရပ်တစ်ခုလည်း ရှိပါသေးတယ်။ မထေရ်မြတ်က စေတီရင်ပြင်တော်ကို တံမြက်လှည်းလေ့ရှိသူပါ။ စေတီရင်ပြင်တော်ဟာ အလွန်လှပတဲ့ သဲဖြူခင်းထားတာမို့ တံမြက်လှည်းထားရင် အလွန်သန့်ရှင်းပြီး ကြည်နူးစရာဖြစ်နေပါသတဲ့။ တစ်နေ့မှာ မထေရ်မြတ် တံမြက်လှည်းပြီးလို့ သန့်ရှင်းလှပနေတဲ့ ရင်ပြင်တော်ကိုကြည့်ပြီး ဗုဒ္ဓါနုဿတိအာရုံနဲ့ အထူးဝမ်းသာပီတိ ဖြစ်နေပါတယ်။

    ဒီအခါမှာ မာရ်နတ်က မျောက်ညိုကြီးတစ်ကောင်လို ဖန်ဆင်းပြီး စေတီရင်ပြင်တော်မှာ နွားချေးတွေ ဖြန့်ကြဲသွားပါတယ်။ မထေရ်မြတ်အဖို့ ဆက်ပြီး ဘုရားအာရုံမယူနိုင်တော့ဘဲ ထပ်မံ တံမြက်လှည်းပြီး ကျောင်းသို့ ပြန်လာခဲ့ရပါတယ်။

   ဒုတိယနေ့မှာလည်း မထေရ်မြတ် တံမြက်လှည်းပြီးလို့ ဘုရားအာရုံနဲ့ ဝမ်းသာပီတိဖြစ်နေချိန်မှာ မာရ်နတ်ဟာ နွားအိုကြိးလိုဖန်ဆင်းပြီး စေတီရင်ပြင်တော်မှာ နွားချေးတွေ မြင်မကောင်းအောင် ယိုချသွားပါတယ်။ အဲဒီနေ့မှာလည်း မထေရ်မြတ်က ထပ်မံ တံမြက်လှည်းပြီး ကျောင်းသို့ ပြန်ခဲ့ရပါတယ်။

    တတိယနေ့မှာလည်း မာရ်နတ်ဟာ ခြေဒရွတ်ဆွဲရုံသာမက အလွန်အရုပ်ဆိုးတဲ့ ယောက်ျားပုံစံနဲ့ရောက်လာပြီး တံမြက်လှည်းလို့ သန့်ရှင်းညီညာနေတဲ့ စေတီရင်ပြင်တော်ကို ခြေဒရွတ်ဆွဲပြီး ဖျက်ဆီးပြန်ပါတယ်။ ဒီအခါမှာ မထေရ်မြတ်က “ဒီနယ်တဝိုက်မှာ ဒီလောက်ရုပ်ဆိုးတဲ့လူ တခါမှ မမြင်ဖူးဘူး။ မာရ်နတ်များ ဖြစ်နေရော့လား” လို့ တွေးမိပါတယ်။ ဒါကြောင့် “သင် မာရ်နတ်မဟုတ်လား” လို့ တိုက်ရိုက်ပဲ မေးလိုက်ပါတယ်။
    မာရ်နတ်လည်း ဟုတ်မှန်ကြောင်း ဝန်ခံရတာပေါ့။ ဒီအခါမှာ မထေရ်မြတ်က အကြံတစ်ခုရပြီး “သင်ဟာ အလွန်တန်ခိုးကြီးသူ ဖြစ်ပါတယ်။ ဘုရားရှင်ကို ဖူးတွေ့လိုက်ရသူလည်း ဖြစ်ပါတယ်။ ဒီတော့ ဘုရားပုံတော်ကို ဖန်ဆင်းပြစမ်းပါ” လို့ တောင်းပန်လိုက်ပါတယ်။ မာရ်နတ်က “အရှင်ဘုရား - ဘုရားရှင်နှင့် တကယ်တူအောင် တပည့်တော် မစွမ်းနိုင်ဘူးနော်။ အတုလောက်သာ ဖန်ဆင်းပြနိုင်မယ်” လို့လျှောက်ထားပြီး ဘုရားပုံတော် ဖန်ဆင်းပြပါတယ်။

    ဒီအခါမှာ “မာရ်နတ် ဖန်ဆင်းထားတဲ့ ပုံအတုပင်လျှင် ဒီလောက်သပ္ပါယ်တော်မူရင် အတွင်းစိတ်တော်မှာ ရာဂဒေါသစတဲ့ ကိလေသာ အညစ်အကြေး ကင်းစင်တော်မူတဲ့ ဘုရားအစစ်ဆိုရင် ဘယ်လောက်များ သပ္ပါယ်တော်မူလိုက်မလဲ” လို့တွေးပြီး အထူးဝမ်းမြောက်ကြည် နူးသွားပါတယ်။ အဲဒီ ဝမ်းမြောက်ကြည်နူးမှုကို ဝိပဿနာတင်ရှုမှတ်လိုက်တာ အဲဒီနေရာမှာပဲ မထေရ်မြတ် ရဟန္တာဖြစ်တော်မူသွားကြောင်း ပရိဝါရဋ္ဌကထာမှာ မိန့်ဆိုတော်မူထားပါတယ်။

    ဒီဖြစ်ရပ်ကိုကြည့်ရင်လည်း မာရ်နတ်ဖန်ဆင်းထားတဲ့ ဘုရားပုံတော်မှတဆင့် သက်တော်ထင်ရှားဘုရားရှင်အထိ အာရုံယူတာ၊ အဲဒီအာရုံကို အခြေခံပြီး ဝိပဿနာရှုမှတ်လို့မို့ အရဟတ္တမဂ်ဖိုလ် အကျိုးထူး ရယူခံစားသွားရတာကို တွေ့မြင်နိုင်ပါတယ်။

   နောက်ပြီး အသန္ဓိမိတ္တာမိဖုရားရဲ့ဖြစ်ရပ်လည်း အထူးသတိပြုထိုက်တဲ့ အရာတစ်ခု ဖြစ်ပါတယ်။
အသောကဘုရင်ကြီးမှာ အသန္ဓိမိတ္တာဆိုတဲ့ မိဖုရားတစ်ယောက်ရှိပါတယ်။ တစ်နေ့မှာ မိဖုရားဟာ “လောကကြီးမှာ ဘုရားရှင်အသံတော်နှင့်တူတဲ့ အသံများရှိလေမလား” လို့တွေးမိပြီး သံဃာတော်များကို လျှောက်ထားကြည့်ပါတယ်။ သံဃာတော်များက ကရဝိက်ငှက်သံဟာ ဘုရားရှင် အသံတော်နှင့်နီးစပ်ကြောင်း အမိန့်ရှိကြပါတယ်။ ဒီအခါမှာ ဘုရင်ကြီးဆီသွားပြီး ကရဝိက်ငှက်သံကို နားထောင်လိုပါကြောင်း ပူဆာပါတော့တယ်။

    ဘုရင်ကြီးက မြေပေါ်မြေအောက် တစ်ယူဇနာအရပ်တိုင်အောင် အာဏာဖြန့်နိုင်သူပါ။ ဒါကြောင့် “ဒီလှောင်ချိုင့်ထဲမှာ ကရဝိက်ငှက်တစ်ကောင် ပါလာပါစေ” လို့ အဓိဋ္ဌာန်ပြီး ရွှေလှောင်ချိုင့်တစ်ခု ဟိမဝန္တာအရပ်သို့ စေလွှတ်လိုက်ပါတယ်။ လှောင်ချိုင့်ပြန်ရောက်လာတော့ ကရဝိက်ငှက် တစ်ကောင် ပါလာပါတယ်။ ကရဝိက်ငှက်က တစ်ကောင်တည်းဖြစ်လို့ တွန်သံမပေး ဖြစ်နေပါတယ်။ နောက်တော့ မှန်ချပ်တွေ လေးဘက်လေး တန်ကာပေးလိုက်တော့မှ “ဆွေမျိုးအပေါင်းအသင်းများလည်း ရှိတယ်” ဆိုတဲ့အထင်နဲ့ ကရဝိက်ငှက်ဟာ မြူးတူးပျော်ရွှင် တွန်ကျူးပါတော့တယ်။

    အသန္ဓိမိတ္တာမိဖုရားဟာ “တိရစ္ဆာန်မျှဖြစ်တဲ့ ကရဝိက်ငှက်သံ ဒီလောက်သာယာရင် သဗ္ဗညုဉာဏ်တော် သခင်ဘုရားရှင်ရဲ့ အသံတော်ဟာ ဘယ်လောက်များ သာယာတော်မူလိုက်မလဲ” လို့တွေးပြီး အထူးကြည်နူးဝမ်းမြောက်သွားပါတယ်။ အဲဒီ ကြည်နူးဝမ်းမြောက်မှုကို ဝိပဿနာ တင်ရှုမှတ်လိုက်တာ အဲဒီနေရာမှာပဲ သောတာပတ္တိမဂ်ဖိုလ်ဉာဏ်ကို ရရှိသွားကြောင်း မဇ္ဈိမပဏ္ဏာသအဋ္ဌကထာမှာ မိန့်ဆိုထားပါတယ်။

    ဒီဖြစ်ရပ်ကို လေ့လာကြည့်ရင်လည်း မိဖုရားဟာ ကရဝိက်ငှက်သံမှတစ်ဆင့် သက်တော်ထင်ရှားမြတ်စွာဘုရားအထိ မှန်းဆအာရုံယူတာ၊ အဲဒီအာရုံကို အခြေခံပြီး ဝိပဿနာရှုမှတ်လို့ သောတာပတ္တိ မဂ်ဖိုလ်ချမ်းသာကို ရရှိခံစားသွားရတာကို တွေ့နိုင်ပါတယ်။ ဒါတွေဟာ ဘုရားရှင် သက်တော်ထင်ရှားမရှိတော့ပေမဲ့ သက်တော်ထင်ရှားမြတ်စွာဘုရားနှင့် တန်းတူထားပြီး မြတ်မြတ်နိုးနိုး ကိုးကွယ်ပူဇော်ခဲ့ကြလို့ အကျိုးခံစား သွားကြတဲ့ သာဓကတွေ ဖြစ်ပါတယ်။

   အခြားအခြား သာဓကတွေလည်း အများအပြားပါပဲ။ ဒါပေမဲ့ ဒီလောက်နဲ့လုံလောက်ပြီမို့ တော်ကြစို့ရဲ့။
အနေကဇာတင်ကိစ္စကို ပြန်ဆက်ကြရအောင် -
သဘာဝကျကျ ကြည့်မယ်ဆိုရင် ရုပ်ပွားဆင်းတုတော်ဆိုတာ ရှင်တော်ဘုရားကိုယ်စား သွန်းလောင်းထုလုပ်ကြတာ ဖြစ်ပါတယ်။ ရှင်တော်မြတ်ဘုရားနှင့်ပတ်သက်တဲ့ စေတီသုံးမျိုးမှာ “ဥဒ္ဒိဿ” စေတီတော် ဖြစ်ပါတယ်။ ရှင်တော်မြတ်ဘုရားနှင့်ပတ်သက်တဲ့ စေတီတော်သုံးမျိုးက
   -
၁။ ဓာတုစေတီ = ရှင်တော်မြတ်ဘုရားရဲ့ ဆံတော်နှင့် ပရိနိဗ္ဗာန်စံဝင်ပြီးနောက် ကြွင်းကျန်ခဲ့တဲ့ သမ္ဘိန္န၊ အသမ္ဘိန္န ဓာတ်တော်များ (စွယ်တော်၊ သင်းကျစ်တော်စတဲ့ သမ္ဘိန္န၊ အသမ္ဘိန္နဓာတ်တော်များကို ထည့်သွင်းဌာပနာထားတဲ့ စေတီတော်)ကို ဓာတုစေတီလို့ ခေါ်ပါတယ်။

၂။ ဥဒ္ဒိဿစေတီ = စိတ်နှင့် မှန်းဆအာရုံယူ ပုံဖော်ထားတဲ့ ဘုရားပုံတော် (သက်တော်ထင်ရှား မြတ်ဘုရားကိုရည်မှန်းပြီး သွန်းလောင်းထုလုပ် ရေးဆွဲထားတဲ့ ဘုရားပုံတော်များ)ကို ဥဒ္ဒိဿစေတီလို့ ခေါ်ပါတယ်။

၃။ ပရိဘောဂစေတီ = ဘုရားပွင့်တော်မူရာ ဗောဓိပင်နှင့် ဘုရားရှင်ရဲ့ သပိတ် သင်္ကန်းစတဲ့ အသုံးအဆောင်ပစ္စည်းတွေကို ပရိဘောဂစေတီလို့ ခေါ်ပါတယ်။

    စေတီဆိုတာ အမြတ်တနိုး ရှိခိုးပူဇော်ထိုက်တဲ့အရာဖြစ်ကြောင်း အားလုံးနားလည်ပြီးသားပါ။ ဒီတော့ ဥဒ္ဒိဿစေတီတော်ဖြစ်တဲ့ ရုပ်ပွားဆင်းတုတော်ဟာ အနေကဇာတင်သည်ဖြစ်စေ၊ မတင်သည်ဖြစ်စေ ရှိခိုးပူဇော် ကိုးကွယ်ထိုက်တဲ့အရာ ဖြစ်နေပါပြီ။ ဘယ်အချိန်ကစပြီး ကိုးကွယ်ပူဇော်ထိုက်ပြီလဲဆိုရင် သွန်းလောင်းထုလုပ်တဲ့အခါ ပုံတော် ထင်ထင်ရှားရှားပေါ်လာကတည်းက ကိုးကွယ်ပူဇော်ထိုက်ပြီလို့ နားလည်ထား သင့်ပါတယ်။

   ဒီတော့ အနေကဇာတင်သည်ဖြစ်စေ၊ မတင်သည်ဖြစ်စေ ရုပ်ပွားဆင်းတုတော်ဟာ ဥဒ္ဒိဿစေတီတော်ဖြစ်လို့ ကိုးကွယ်ပူဇော်ထိုက်တဲ့ အရာဖြစ်ကြောင်း၊ သက်တော်ထင်ရှားမြတ်ဘုရားကို ပူဇော်ကိုးကွယ်လို့ ကောင်းကျိုးအမျိုးမျိုး ရရှိခဲ့ကြသလိုပဲ သက်တော်ထင်ရှား မြတ်ဘုရားအထိ ရည်စူးပူဇော်ရင် ကောင်းကျိုးအမျိုးမျိုးကို ရရှိမှာဖြစ်ကြောင်း နားလည်နိုင်ပါပြီ။

    တိလောကဝိဇယ စကြာမင်းအကြောင်းနဲ့ပတ်သက်ပြီး သတိရတာတစ်ခု ရှိပါတယ်။ မိတ်ဆွေတစ်ပါးပြောပြဖူးတဲ့ မျက်မှောက်ခေတ် မိသားစု တစ်စုအကြောင်းပါ။ ကိုယ်တိုင်မတွေ့မြင်ရပေမဲ့ ကြားရတာနဲ့ပဲ ကြည်နူးပီတိဖြစ်ရလို့မို့ ပြောပြချင်ပါသေးတယ်။

    မိတ်ဆွေရဟန်းကြုံဖူးတဲ့ မိသားစုအိမ်မှာ အလွန်သပ္ပါယ်တော်မူတဲ့ ရုပ်ပွားတော်တစ်ဆူ ပူဇော်ထားရှိကြောင်း၊ ဘုရားကျောင်းဆောင်တော်ကို ကြည်နူးဖွယ်ဖြစ်အောင် နေ့စဉ်သန့်ရှင်းပေးကြောင်း၊ ဘုရားရှင်ကို ရည်စူးလှူဒါန်းတဲ့ပစ္စည်းကလွဲလို့ အခြားပစ္စည်းတစ်စုံတစ်ရာကိုမျှ ကျောင်းဆောင် တော်ရဲ့ အနီးဝန်းကျင်မှာ မထားရှိကြောင်း၊ သောက်ရေသုံးရေများ ကပ်လှူတဲ့အခါ သက်တော်ထင်ရှား ဘုရားတစ်ဆူ အလုံအလောက် သောက်သုံးတော်မူနိုင်လောက်တဲ့ အနေအထားအထိ ကပ်လှူကြောင်း၊ ဆွမ်းကပ်တဲ့အခါလည်း အများသူငါကပ်သလို သပိတ်အသေး၊ ပန်းကန် အသေးနှင့် ကပ်လှူတာမျိုးမဟုတ်ဘဲ သက်တော်ထင်ရှားဘုရားတစ်ဆူကို ဆွမ်းကပ်လှူသလို ပြင်ဆင်ကပ်လှူကြောင်း၊ ရဟန်းတော်တစ်ပါး စားသုံး လောက်အောင် ဆွမ်းပွဲဟင်းပွဲများကို စားပွဲမှာပြင်ဆင်ပြီး နေရာထိုင်ခင်း လက်ဆေးခွက် ဆပ်ပြာခွက်မှအစ အသေးစိတ်ပြင်ဆင်ကြောင်း၊ ပြင်ဆင်ပြီးတဲ့အခါ ဆွမ်းဘုဉ်းပေးကြွတော်မူပါရန် ရှိခိုးလျှောက်ထားပြီး ဆွမ်းပွဲကို ရိုရိုသေသေ ကပ်လှူကြောင်း၊ ပြင်ဆင်ထားတဲ့ဆွမ်းပွဲကို အကြောင်းမသိတဲ့ မိတ်ဆွေများမြင်တွေ့ရင် “သံဃာတစ်ပါးအတွက် ဆွမ်းကပ်ဖို့ပြင်ဆင်ထားတယ်” လို့ မှတ်ထင်တတ်ကြကြောင်း။

    သက်ရှိထင်ရှား ရဟန်းတစ်ပါး စားသောက်ပြီးချိန်ဖြစ်တဲ့ နာရီဝက်ခန့်ကြာမှ ဆွမ်းတော်ပွဲကို ပြန်လည်စွန့်ကြောင်း၊ ဆွမ်းပွဲဟင်းပွဲပြင်ဆင်တဲ့ ပန်းကန်များကို ဆေးကြောသိမ်းဆည်းပြီးမှ မိသားစု ထမင်းစားကြကြောင်း၊ ဘုရားဝတ်တက်ချိန် ဆွမ်းကပ်ချိန် ရေချမ်းကပ်ချိန်စတဲ့ ဘုရားနှင့်စပ်တဲ့ ကိစ္စကလွဲလို့ ကျန်တဲ့အချိန်တွေမှာ ကျောင်းဆောင်တော်ကို အဝတ်ကန့်လန့်ကာဖြင့် ကာထားကြောင်း၊ ဘုရားရှင်ရှေ့မှာ အမှတ်တမဲ့ အပြောအဆိုအနေအထိုင်တွေကြောင့် အဂါရဝဖြစ်မှာစိုး၍ဖြစ်ကြောင်း၊ ဆီမီးစသည်ကိုလည်း လိုအပ်တဲ့အချိန်မှာသာ ကပ်လှူကြောင်း၊ အဲဒီမိသား စုဟာ ရုပ်ပွားတော်ကို သက်ရှိထင်ရှားဘုရားအမှတ်ဖြင့် ပူဇော်ကိုးကွယ်ကြတာဖြစ်ကြောင်း ပြောပြပါတယ်။

    ဒီမိသားစု ဘယ်လိုအကျိုးထူးတွေခံစားရတယ်ဆိုတဲ့ ကိစ္စကို မိတ်ဆွေရဟန်းက ဆက်မပြောပြခဲ့ပါဘူး။ ဒါပေမဲ့ ထူးခြားတဲ့ကောင်းကျိုးတွေ ရရှိမှာတော့ သေချာပါတယ်။ လောကမှာ အကြောင်းနှင့်အကျိုးဟာ ကင်းလို့ရကောင်းတဲ့အရာမှ မဟုတ်တာ။ အကြောင်းတရားရှိပြီဆိုရင် အကျိုး တရားလည်း ရှိလာရတာပါပဲလေ။ အကျိုးရှိနေတာကို မြင်ရရင်လည်း အကြောင်းတရားရှိခဲ့တယ်ဆိုတာ သေချာပေါက်သိနိုင်တဲ့ကိစ္စ မဟုတ်လား။ ဥပမာ - မိုးအဆက်မပြတ်ရွာသွန်းမှုဆိုတဲ့ အကြောင်းတရားရှိရင် ရေတွင်းရေကန် ချောင်းတွေမြောင်းတွေမှာ ရေတိုးမှုဆိုတဲ့ အကျိုးတရား ရှိကိုရှိလာရတဲ့ သဘောမျိုးပေါ့။ ဒါကြောင့် သက်တော်ထင်ရှား မြတ်ဘုရားကို လှူဒါန်းပူဇော်လို့ ကောင်းကျိုးအမျိုးမျိုးကို အခြားသူတွေ ရရှိခဲ့ကြ သလိုပဲ ဒီမိသားစုလည်း ရရှိခံစားရမှာ သေချာပါတယ်။

    ဒီမိသားစုအကြောင်းကို ကြားရစဉ်က ကျမ်းဂန်မှာပြဆိုထားတဲ့ အရှင်အာနန္ဒာမထေရ်မြတ်ရဲ့ဖြစ်ရပ်ကို မြင်ယောင်မိပါသေးတယ်။
ရှင်တော်မြတ်ဘုရား ပရိနိဗ္ဗာန်စံဝင်တော်မူပြီးနောက် သာဓုကီဠနပွဲ၊ ဓာတ်တော်ဝေပွဲ၊ သံဂါယနာအတွက် စည်းဝေးပွဲစတဲ့ ကိစ္စတွေပြီးသွားတဲ့အခါ အရှင်အာနန္ဒာမထေရ်မြတ်ဟာ နောက်ပါရဟန်းတော်များနှင့်အတူ ကုသိနာရုံကနေ သာဝတ္ထိသို့ ကြွတော်မူလာပါတယ်။ ဇေတဝန်ကျောင်းတိုက်သို့ရောက်တဲ့အခါ မထေရ်မြတ်ရဲ့ သပိတ်သင်္ကန်းကို သီတင်းသုံးရာကျောင်းမှာထားခဲ့ပြီး ဂန္ဓကုဋိကျောင်းဆောင်တော်သို့ ကြွသွားပါတယ်။
    ရှင်တော်မြတ်ဘုရား သီတင်းသုံးတော်မူခဲ့တဲ့ ညောင်းစောင်းတော်ကို အပြင်သို့ထုတ်နေလှန်းပြီး ပြန်လည်စနစ်တကျထားပါတယ်။ ပြီးတော့ တံမြက်လှည်း၊ သောက်ရေသုံးရေတည်၊ နေရာထိုင်ခင်းတွေကို စနစ်တကျခင်း စသည်ဖြင့် ရှင်တော်မြတ်ဘုရား သက်တော်ထင်ရှား ရှိတော်မူစဉ်ကအတိုင်း ပြုလုပ်တော်မူပါတယ်။

   ဒါတင်မက - ဆွမ်းဘုဉ်းပေးချိန်၊ ရေသုံးသပ်တော်မူချိန်၊ ရဟန်းတော်များကို သြဝါဒပေးချိန်၊ တရားဟောချိန်၊ ကျိန်းစက်တော်မူချိန် စသည်တွေမှာ လည်း ကြိုတင်ပြင်ဆင်သင့်တာတွေကို ပြင်ဆင်ပြီးတော့ ဂန္ဓကုဋိကျောင်းဆောင်တော်သို့ ဝင်ရောက်ရှိခိုးပြီး “ရှင်တော်မြတ်ဘုရား ဆွမ်းဘုဉ်းပေးချိန်တန်ပါပြီ၊ ရေသုံးသပ်ချိန်ရောက်ပါပြီ” စသည်ဖြင့် လျှောက်ထားတော်မူပါတယ်။ အခြားကိစ္စတွေကိုလည်း ရှင်တော်ဘုရား သက်တော်ထင်ရှားရှိတော်မူစဉ် ပြုလုပ်တော်မူတဲ့အတိုင်း ပြုလုပ်တော်မူတယ်လို့ ကျမ်းဂန်မှာ ပြဆိုထားပါတယ်။

    သက်တော်ထင်ရှား ရှင်တော်မြတ်ဘုရားနှင့် ပရိနိဗ္ဗာန်စံဝင်ပြီး ရှင်တော်မြတ်ဘုရားအပေါ် စိတ်ထားတူမျှအောင်ထားနိုင်တဲ့ အရှင်အာနန္ဒာ မထေရ်မြတ်ရဲ့လုပ်ရပ်ဟာ မျက်မှောက်ခေတ် ဘာသာရေးလေ့လာလိုက်စားသူများ အထူးအတုယူသင့်တဲ့ နမူနာဖြစ်ပါတယ်။ ဒါကို နမူနာယူပြီး ကိုးကွယ်ပူဇော်နိုင်ကြရင် နှလုံးသားမှာ ဘုရားရှိနေပြီမို့ ဘုရားနှင့်အတူနေသူလို့ ခေါ်နိုင်ပါတယ်။ သက်ရှိထင်ရှား မြတ်စွာဘုရားကို ကိုးကွယ်ပူဇော်လို့ အကျိုးထူးတွေရရှိသလိုပဲ မမျှော်မှန်းနိုင်တဲ့ အကျိုးထူးတွေကို ရရှိခံစားရမှာ အသေအချာပါပဲ။

    လူတစ်ယောက်ရဲ့ အပြုအမူ အပြောအဆိုဟာ သူ့ရဲ့အတွင်းစိတ်သဘောကို ဖော်ညွှန်းနေတတ်ပါတယ်။ ဒီသဘောအရ မျက်မှောက်ခေတ် လူအတော်များများရဲ့ အပြုအမူကိုကြည့်ရင် ရုပ်ပွားဆင်းတုတော်ကို “ရုပ်ပွားဆင်းတု” ဆိုတဲ့ အသိလောက်နှင့်ပဲ ကိုးကွယ်ပူဇော်ကြကြောင်း ဖော်ညွှန်းနေတာ တွေ့ရပါလိမ့်မယ်။

    ဥပမာ - နွေရာသီ ပူအိုက်လှတဲ့ နေ့လည်နေ့ခင်းမှာ ရုပ်ပွားတော်အနီးကပ်ပြီး ဆီမီးထွန်းညှိပူဇော်တာတွေ၊ ဆောင်းရာသီ အေးလှတဲ့ မနက်စောစောမှာ ဗေဒင်ကိန်းခန်းအရဆိုပြီး ရုပ်ပွားတော်ကို မိမိသက်စေ့ ရေသပ္ပါယ်တာတွေ၊ မနက်က ကပ်လှူထားတဲ့ဆွမ်းပွဲကို ညနေတိုင်အောင် မစွန့်ဘဲထားတာတွေ စသည်ဖြင့် အများအပြား မြင်တွေ့နိုင်ပါတယ်။

    ရှင်တော်မြတ်ဘုရားလို တစ်လောကလုံး ညွတ်ရုံးပူဇော်ရတဲ့ ပုဂ္ဂိုလ်မျိုးကိုအသာထားပြီး ရိုသေလေးစားရတဲ့ သက်ရှိထင်ရှား မိဘဆရာတွေ အပေါ်မှာ ဒီလိုပြုမူနိုင်ကြသလား။ ဒီလိုပြုမူရင်ကော မိဘဆရာတွေက ကြည်ကြည်ဖြူဖြူ လက်ခံကြပါ့မလား။ တစ်ယောက်ယောက်က မိမိကို ဒီလိုပြုမူရင်ကော မိမိလက်ခံနိုင်ပါ့မလား တွေးကြည့်နိုင်ပါတယ်။ အချို့ကိစ္စတွေဟာ အမြင်မတော်ပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် ခွင့်လွှတ်လက်ခံနိုင်ဖွယ် ရှိပါတယ်။ အချို့ကိစ္စတွေကတော့ ဖြစ်သင့်တာထက်ကျော်လွန်တဲ့ အခြေအနေတွေပါ။ သဘာဝမဟုတ်တဲ့ မိမိ လုပ်ရပ်ကြောင့် ဘာသာပါ အထင်သေးအမြင်သေးခံရဖွယ်ကိစ္စ။ အကျိုးရမှုနည်းပြီး အပြစ်များမယ့်ကိစ္စတွေကို အထူးသတိပြုသင့်ပါတယ်။

 
မှတ်ချက်။    ဆက်လက်ဖေါ်ပြပေးသွားပါမည်။

ရောက်လာသူအပေါင်းရွှင်လန်းချမ်းမြေ့ကြပါစေ..ရွှေဝန်းရတနာ..(၁၂.၉.၁၂)ဗုဒ္ဓဟူးနေ့

No comments:

Post a Comment