Photobucket

Monday, May 2, 2011

ဖင်လန်ပညာရေး


ကမ္ဘာ့ပညာရေး မြင်ကွင်းကျယ်တွင် ဖင်လန်နိုင်ငံက ရော့ခ်စတား သဖွယ်ဖြစ်နေသည်။ ချမ်းသာတဲ့ OECD နိုင်ငံများအဖွဲ့ရဲ့ ၂၀၀၉ ခုနှစ် နိုင်ငံတကာ ကျောင်းသားများ စစ်ဆေးအကဲဖြတ်မှု (PSIA)
အစီရင်ခံစာ အရ ဖင်လန် ကျောင်းသားတွေက သိပ္ပံတွင် ဒုတိယနေရာမှာရှိသည်။ သင်္ချာနဲ့ စာဖတ်စွမ်းရည်တွင် တတိယနေရာမှာ ရှိသည်။ အမေရိကန် ကျောင်းသားများက ပျမ်းမျှ အဆင့် ၁၅ နေရာမှာသာ ရှိသည်။

ဖင်လန်ရဲ့ အဓိက ပြိုင်ဘက်တွေက အာရှမှ တောင်ကိုရီးယားနဲ့ စင်္ကာပူတို့ ဖြစ်သည်။ ထိုနှစ်နိုင်ငံရဲ့ ပညာသင်ကြားမှုပုံစံကို ဆိုဗီယက်ပုံစံဟောင်း သင်ကြားမှုမျိုးအတိုင်း အတင်း ခေါင်းထဲရိုက်ထည့် အထပ်ထပ် လေ့ကျင်မှုမျိုးတွေလို့ ဝေဖန်ကြပေမဲ့ သူတို့ ကျောင်းသားတွေလည်း ထိပ်ဆုံးသို့ ရောက်လာ ကြသည်။
သို့သော် အာရှ ပညာရေးက အချိန် အရမ်း ယူလွန်းသည်။ ကျောင်းမှာ နာရီအများကြီးယူထားသည်။ ကျောင်းဆင်းတော့လည်း ကျောင်းသားတွေ နာရီအများကြီး ပေးရသည်။ 

ဖင်လန်မှာ ကျောင်းတက်ချိန်က အမေရိကမှာထက်တောင် ပိုတိုတောင်းသည်။ ဖင်လန်ရဲ့ ပညာသင်ကြားရေး မော်ဒယ်က ပိုစွဲဆောင်မှုရှိသည်ဟု PISA ပရိုဂရမ် ဒါရိုက်တာက ပြောသည်။
“ဖင်လန် ကျောင်းတွေက အိမ်စာ အလုပ်ကိုလည်း များများမပေးဘူး။ တစ်နေ့ တစ်နာရီလောက် အိမ်စာလုပ်ခိုင်းရင် အောင်မြင်တဲ့ ကျောင်းသား ဖြစ်ဖို့ လုံလောက်ပါပြီ။ ကလေးတွေမှာ ပျော်ရွှင်ဖွယ် ဘ၀ ရှိရမယ်လေ၊ ကျောင်းစာတွေ အတင်းပေးပြီး ကလေးဘ၀ကို မဖျက်ဆီးသင့်ဘူး” ဟု ၆ တန်း သင်တဲ့ ဖင်လန် ကျောင်းဆရာ Katja Tuori က ပြောသည်။

ဖင်လန် ကျောင်းတွေက လျော့ရဲရဲမဟုတ်။ တင်းကျပ်သင့်တဲ့ စည်းကမ်းကျတင်းကျပ်ထားသည်။ စာသင်ခန်းထဲ ဆဲလ်ဖုန်းတွေ၊ iPods တွေ သယ်မလာရ။ စာသင်ခန်းထဲ ဦးထုတ်မဆောင်းရ။ ဒီလောက်ပဲ ဖြစ်သည်။ ကလေးတွေ စာသင်ကြားမှုမှာတော့ စမတ်ကျတဲ့ အိုင်ဒီယာတွေ ရှိထားသည်။ ဥပမာ ဆရာတစ်ယောက်က ကျောင်းသားတွေ လက်ခံရင် ပထမတန်းကနေ ဆဌမတန်းအထိ လိုက်သင်ကြားနိုင်သည်။

OECD သုံးသပ်ချက်ရ ဖင်လန် ရဲ့ ပညာရေးအောင်မြင်မှုမှာ လျှို့ဝှက်ချက်ကြီးကြီး မရှိ။ အရည်အချင်းပြည့်ဝတဲ့ ဆရာတွေကြောင့် ပညာရေး အောင်မြင်မှု ရရှိနေသည်ဟု ဆိုသည်။ အမေရိကန် ဆရာတွေလို စီးပွားရေးမဆန်၊ စက်မှုထုတ်ကုန်သဘော မဆန်။ ဖင်လန် ဆရာတွေက ဆရာအစစ်တွေ ဆရာစိတ်ဓာတ် အပြည့်ရှိသူတွေ ဖြစ်သည်။ အမြဲလေ့လာနေကြသည်။ ကျောင်းသားကို ညာဝါးမယ့် ဆရာများ မဟုတ်။ ကျောင်းသားနဲ့ အပြိုင် ပညာရှာတဲ့ ဆရာများ ဖြစ်နေသည်။

ဖင်လန်တွင် ကျောင်းဆရာဖြစ်ရတာ ဂုဏ်ရှိသည်။ ဒါကြောင့် လူတိုင်း ကျောင်းဆရာ ဆရာမ ဖြစ်ချင် နေကြသည်။၂၀၀၈ ခုနှစ်မှာ မူလတန်းပြဆရာ အလုပ်အတွက် ဘွဲ့ရပြီးတဲ့သူ ၁၂၅၈ ဦး လျှောက်ထားခဲ့သည်။ ငါးနှစ် သင်ကြားရေး စီမံကိန်းအတွက် ၁၂၃ ဦးကို ဇကာတိုက် ရွေးချယ်ခဲ့သည်။ ဖင်လန်မှာ ဆရာတိုင်း မာစတာဘွဲ့ ရထားဖို့လိုသည်။ ဆရာတစ်ယောက် အလုပ်ချိန်က တစ်နှစ် ၁၉၀ ရက် သတ်မှတ်ထားသည်။ တစ်နှစ် လစာက ဒေါ်လာ ၄၀,၀၀၀ နဲ့ ၆၀,၀၀၀ ကြား ဖြစ်သည်။

ဖင်လန် လူ့အဖွဲ့အစည်းမှာ ကျောင်းဆရာတွေကို အလွန့်အလွန် တန်ဖိုးထား ဆက်ဆံကြသည်။ ဒါကို ပြင်ပနိုင်ငံတွေက မြင်ရင် အံ့အားသင့်သွားကြသည်။ ဖင်လန်ကို နှစ်ရက်ကြာ သွားလည်တဲ့ အမေရိကန် ဘတ်ဖဲလိုး၊ နယူးယော့ခ် တက္ကသိုလ်မှ Dan Mac Isaac က “ အမေရိကမှာ ကျောင်းဆရာတွေကို ပီဇာမုန့် လိုက်ရောင်းတဲ့ ကလေးတွေလို သဘောထားတာ၊ ပီဇာမုန့် ဘယ်လို ကောင်းကောင်း ဖြန့်ရသလဲ ဆိုတာ သင်ပေးသလို ဆရာတွေကို ထရိန်နင်ပေးတာ၊ ဒီနေရာမှာ ဖင်လန်နဲ့ ကွာသွားတာပဲ” ဟု ဆိုသည်။
ဖင်လန်က ဆိုရှယ်ဝဲလ်ဖဲယားစနစ် ကျင့်သုံးတဲ့ တိုင်းပြည်ဖြစ်သည်။ အရင်းရှင် လည်းမဆန်၊ တရားသေ ဆိုရှယ်လစ် ပုံစံလည်း မဟုတ်။ ညီမျှမှု (equity) ကို အခြေခံတဲ့ လူ့အဖွဲ့အစည်း ဖြစ်သည်။ ဒီအချက်က ဂျပန်နဲ့ ကိုရီးယားတို့နဲ့ ကွာသွားသည်။ ဂျပန်နဲ့ ကိုရီးယားက အမေရိကန် ပုံစံ ငယ်လေးတွေမို့ ပြိုင်ဆိုင်မှု သိပ်ပြင်းသည်။ ဖင်လန်က သူ့လူထုကို သွားသုတ်သုတ် စားသုတ်သုတ်ဖြင့် အရင်းဈေးကွက်စနစ်ရဲ့ ကျေးကျွန် အဖြစ်မခံ။ ကျောင်းသား တွေမှာ ဖိအားမရှိ၊ လူထုမှာ စိတ်ဖိစီးမှုနဲ့ စိတ်ရောဂါ မရှိ။  တိုက်မြင့်ပေါ်က ခုန်ချသေတဲ့ ကျောင်းသားနဲ့ ခေတ်ပျက် သူဌေး မရှိ။ ပညာရေးက လူ့အဖွဲ့အစည်း တည်ငြိမ်ဖို့၊ ယဉ်ကျေး ဖွံ့ဖြိုးဖို့၊ ပျော်ရွှင်ဖို့ ဖြစ်သည်။

ဖင်လန် ပညာရေးက ကလေးတစ်ယောက် ကျောင်းမှာ စာမလိုက်နိုင်လို့ ပြင်ပမှာ ကျူရှင်ဆရာ ငှားသင်ဖို့ မလိုတဲ့ စနစ်မျိုးဖြစ်သည်။ စာမလိုက် နိုင်သူအတွက် ကျောင်းတွင်းမှာပဲ ဆရာတွေက အဖြေ ရှာပေးကြသည်။ ကလေး တစ်ယောက် စာမလိုက်နိုင်လို့ ပြင်ပဆရာနဲ့ စာသင်ရပြီဆိုရင် ကျောင်းနဲ့ ကျောင်းဆရာတွေ သိက္ခာကျသည်။
ယခု ဖင်လန်က သူ့ ပညာရေး မော်ဒယ်ကို ပြည်ပ တိုင်းပြည်အချို့ တင်ပို့ဖို့ လုပ်လာသည်။ ဥပမာ၊ ထိုင်းနိုင်ငံ ဖြစ်သည်။ ထိုင်းနဲ့ တိုးတက်ဖို့ လိုလားတဲ့ ဖွံ့ဖြိုးဆဲ နိုင်ငံအချို့က ဖင်လန် ပညာရေး မော်ဒယ်ကို အားကျ အတုယူလာကြသည်။ ဘယ်လောက် အတုယူကျင့်သုံးပြီး ဘယ်လောက် မြန်မြန် အောင်မြင်မှု ရမည်ဆိုတာတော့ စောင့်ကြည့်ကြရမည်။

မောက္ခ ပညာရေးသတင်း Source: OECD (PSIA)

ခရီးသွားနေရင်း ပိုစ်အသစ်တင်ချင်တာ လက်က ၀ဲပေါက်သလို ယားနေပေမယ့်လည်း တင်နိုင်ဖို့ အကြောင်းမပြည့်စုံသေးတာကြောင့် မေးလ်ထဲက ရောက်လာတဲ့ ဖင်လန်နိုင်ငံပညာရေးအကြောင်းကို တင်ပေးလိုက်တယ်နော်...ချစ်မိတ်၊ ချစ်ဆွေအားလုံး ကျန်းမာပျော်ရွှင်ကြပါစေခင်ဗျာ... 
ဤစာသားများကို တောက်ပကြယ်စင် မှ ကူးယူဖော်ပြပါသည်

No comments:

Post a Comment