Photobucket

Thursday, September 8, 2011

စောင့်လေမျိုးနွယ်

စောင့်လေမျိုးနွယ်.......(၁)

ကိုယ်ထင်ရင် ကုတင်ရွှေနန်းလို့ စကားပုံကဆိုခဲ့ပါသည်။ အထင်သည်မမြဲခဲ့ပါ။
ပြောင်းလဲ ခဲ့ရပါပြီ။ ဒီတော့ ကုတင်သည် ရွှေနန်းမဟုတ်ပဲ သူမအတွက်
အလျှံငြီးငြီးတောက်လောင်နေသော သံနှောင်အိမ်ဖြစ်ခဲ့ရပါလေပြီ။

"ချိုရယ် မင်းရဲ့ အပြစ်ကင်းတဲ့ အပြုံးလေးရယ်၊ ၀ါဝင်းတဲ့အသားလေးရယ်ဟာ
ကိုယ့်ကိုပထမဆုံးဖမ်းစား လိုက်တာပါပဲ"

ချစ်သူ၏နွေးထွေးသောစကားသံများသည် သူမအတွက် ငြိမ့်ညောင်းသော ဂီတသံများ
ဖြစ်ခဲ့ဖူး ပါသည်။

"မချိုရယ် ညည်းအိမ်ထောင်ကျ သိပ်ကံကောင်းတာပဲ" ဘ၀တူမိန်းကလေးများ၏
ချီးကျူးမှုကိုခံရသောအခါ သူမမပွင့်တစ်ပွင့်ပြုံးပြခဲ့ပါသည်။ ရင်ထဲမှာတော့
တိတ်တခိုး ပီတိလှိုင်းတို့ အလိပ်လိုက်တက်နေခဲ့ပါသည်။ မင်္ဂလာဆောင်ပြီး
နောက်တစ်နေ့မှာတော့သူမ၏ပီတိလှိုင်းတို့စတင်ညစ်နွမ်းစပြုခဲ့ရပါပြီ။

"ချိုမင်းကိုယ်တို့ xxxxx  ဘာသာထဲဝင်ရမယ်.။"

"ဟင်..ကိုယ်ကြိုက်တဲ့ဘာသာယူလို့ရတယ်မဟုတ်ဘူးလား"

"မရဘူးချို ကိုယ့်ခင်ပွန်းရဲ့ဘာသာကို ဇနီးသည်ကလိုက်ယူရတာ ကိုယ်တို့
xxxxx  ဘာသာရဲ့ထုံးစံပဲ၊ ဒါကြောင့်ချိုမဖြစ်မနေပြောင်းမှဖြစ်မယ်"။

"အကိုပဲလက်ထက်ပြီးရင်ချို့အလိုကျအားလုံးဖြစ်စေရမယ်ဆို"

"အေးလေ အားလုံးချို့အလိုကျ ထားတယ်လေ အခုချို့မှာ တီဗွီ၊ ဗီစီဒီ၊
ရေခဲသေတ္တာ၊ အဲယ်ကွန်း၊ တယ်လီဖုန်း၊ သွားစရာရှိရင်ကား
အားလုံးပြည့်စုံနေပြီ။ ဒါတွေအားလုံး ချို့ကိုချစ်လွန်းလို့ ကိုယ်ပြည့်ပြည့်စုံစုံထားပေးတာလေ"

အိမ်ထောင်ရှင်မိန်းမတစ်ယောက်ရဲ့ဘ၀ဟာ
ခေတ်မှီင်္တဲ့ရုပ်ဝတ္ထုပစ္စည်းတွေပြည့်စုံနေရင် လုံလောက်ပြီလို့ထင်ခဲ့တဲ့
သူမရဲ့အသိဟာနောက်ကျခဲ့ရပါပြီ။ အရှုံးပေးလက်မြောက်ခြင်းနဲ့ပဲ
သူမခင်ပွန်းရဲ့အလိုကျဘာသာ ပြောင်းခဲ့ရပါပြီ။

"ဟယ်...အမေလာတယ်၊ ၀မ်းသာလိုက်တာအမေရယ် သမီးလေ အမေ့ကို အရမ်း
အောက်မေ့နေတာ၊ အမေနေကောင်းတယ်-နော်"

"အေး..ကောင်းပါတယ်သမီးရယ်၊ အမေလည်း ငါသမီးသားဦးလေးမွေးတယ် ကြားကတည်းက
လာချင်နေတာ အိမ်မှာလေးချက်ပြုတ်ရေး တာဝန်လက်လွဲလို့ မရတာနဲ့
တော်တော်နဲ့မလာဖြစ်ဘူး။ ဒါနဲ့ငါမြေးကြီး ကြည့်စမ်းပါ ရစေအုံးဟယ်။ ငါ့မှာ
မြေးဦးသင်္ကန်းချီရတော့မှာဆိုတော့ ၀မ်းသာနေတာ..ဟဲ့။"

အမှတ်မထင် ပြောလိုက်သော မိခင်ဒေါ်ရင်၏စကားသံကြောင့် သူမထိပ်ထိပ်ပြာပြာ
ဖြစ်သွားရသည်။ သူမ၏ ခင်ပွန်းက မီးဖိုခန်းမှာ ထမင်းစားနေခိုက်ဖြစ်၍
တော်ပေသေးသည်။ ဒေါ်ရင်ကတော့ သူမအဖြစ်ကိုမသိရှာပဲ
ကလေးကိုကောက်ယူပွေ့ချီချော့မြူနေပါသည်။

........*................*.........*

အကြားအမြင်ဗဟုသုတနည်း၍ ရိုးသားလွန်းသောမိခင်နှင့် xxx ဘာသာဝင်
ခင်ပွန်းသည်တို့အကြား ပဋိပက္ခမဖြစ်စေရန် သူမသတိကြီးစွာထား၍
ဂရုစိုက်ခဲ့သည့်ကြားမှာပင် ပြဿနာက ရိုင်းပြစွာဝင်ရောက်လာခဲ့ ပါသည်။

"ဒီမှာချို မင်းအမေလုပ်ပုံကောင်းသေးရဲ့လား"

"ဟင်...အမေဘာလုပ်မိလို့လဲ"

"ဘာလုပ်ရမှာလဲကွ မနက်ကဘုန်းကြီးတစ်ပါးကို ဆွမ်းထွက်လောင်းတာ ငါကိုယ်တိုင်
မြင်လိုက်လို့ပေါ့"

"သြော်-အစ်ကိုရယ် ရွာမှာလဲ အမေက နေ့တိုင်း ဒီလိုဆွမ်းလောင်းနေကျလေ။
ဒီမှာလည်း ထမင်းဟင်းအဆင်သင့်ကျက်ပြီးသားဖြစ်နေတာနဲ့လောင်းလိုက်တာနေမှာပါ"

"မလိုချင်ဘူးကွာ- သူအိမ်မှာသူဘာလုပ်လုပ် ငါ့အိမ်မှာ
ငါမကြိုက်တာမလုပ်ရဘူး။ ဒီကိစ္စမင်းပြောရင်ပြောမင်းမပြောရင်ငါပြောရလိမ့်မယ်။"

"အို-အကိုပြောစရာမလိုပါဘူး၊ ချို့ဘာသာအဆင်ပြေအောင်ကြည့်ပြောပါ့မယ်။"

မိခင်အား ရန်လိုထိပါးလာမည့်ကိစ္စအတွက် သူမကြမ်းတမ်းစွာ
တုန့်ပြန်လိုက်ချင်ပါသည်။ သို့သော်ပြဿနာက ပိုကြီးထွားလာနိုင်သည့်အတွက်
နာကျင်မှု့တို့ရောစွက်နေသောဒေါသကို အသာမျိုသိပ်ထားလိုက်ရသည်။

သူ့မိခင်ပြန်သောနေ့တွင် မော်တင်သင်္ဘောဆိပ်သို့
သူမကိုယ်တိုင်လိုက်ပို့ဖြစ်သည်။ ကားပေါ်က အဆင်းမှာပင်
ယခင်ကသူမနှင့်အတူဈေးရောင်းခဲ့သော ရွာသူ အိမ်နီးချင်း
မိန်းကလေးများနှင့်ဆုံဖြစ်သည်။

"ဟယ်-မချိုဝလာလိုက်တာဟယ်၊ သူဌေးမရုပ်တကယ်ကျတယ်သိလား၊
နင်ငါတို့ကိုသတိရသေးရဲ့လား-ဟင်။ ငါ့မှာတော့နင့်ကိုနေ့တိုင်းသတိရနေတာ။"

"အေးမာရယ်-ငါလည်းနင်တို့ကိုသတိရပါတယ်၊ ငါမှာအပြင်လဲ
ကောင်းကောင်းထွက်ခွင့် မရ၊ သားလေးကလည်း
ရှိနေတော့အိမ်ထဲမှာပဲအောင်းနေရတယ်။"

"သြော် ဒါနဲ့မချို-ဒီနှစ်ရွာဦးကျောင်းကထိန်မှာ ဆိုင်းပါတယ်သိလား၊
တန်ဆောင်တိုင် မီးပန်းတောင်းလှည့်ပွဲကလဲ အရင်နှစ်တွေထက်ပိုစည်မှာ
ရန်ကုန်ကဦးကျော်မြင့်တို့က-ကထိန်မှာ ငွေမတည်ပြီး မီးပန်းတောင်းပွဲကို
အထူးစပါယ်ရှယ်လုပ်ပေးမှာတဲ့။ အဲဒါ-နင်လာခဲ့ပါ့လားဟယ်။"

"အေးဟယ်ငါလာချင်လိုက်တာ နင်တို့ပြောမှ ငါရွာကိုပိုပြီးတောင်သတိရလာတယ်။"

ပြောသာပြောရသည် သူမဘ၀သည် ရွာကစည်ကားလှသောအလှူပွဲ၊ ကထိန်ပွဲများနှင့်
အဆက်ပြတ်ခဲ့ရပြီဖြစ်သည်။ "မည့်သည့်ပွဲတော်ကိုမျှမသွားရဟု"
တချက်လွတ်အမိန့် ထုတ်ခံခဲ့ရပြီးဖြစ်သည်။ ကိုယ့်ဝမ်းနာကိုယ်သာသိမို့
သူငယ်ချင်းများကို ရွာအကြောင်းမပြောဖြစ်အောင်စကားလမ်းကြောင်းပြောင်းလိုက်ရသည်။
မိမိ၏ကျဉ်းကျပ်သောဘ၀နှင့် ရွာကိုလွမ်းဆွတ်သောရင်တွင်းဝေဒနာတို့ကို
သူငယ်ချင်းများမရိပ်မိစေရန်အပြုံးတုဖြင့် ဖုံးထားရင်းစကားပြောနေရသည်။

အပြန်လမ်းတစ်လျှောက်တွင် ကားပေါ်လိုက်ပါရင်း ရွာကပွဲတော်တွေအကြောင်း
သူမတွေးနေမိသည်။ သူမ၏ အပျိုစင်ဘ၀ အပျော်ဆုံးအချိန်များသည်
ရွာမှပွဲတော်ရက်များပင် ဖြစ်ခဲ့ရသည်။ အလှူပွဲ၊ ဘုရားပွဲ၊ ရှိပြီဆိုလျှင်
တဒေါက်ဒေါက် ဓါးချက်သံလေးများဖြင့် စည်းချက်ညီညာသော ကြက်သွန်လှီးပွဲမှာ
သူမပါဝင်စမြဲ။ ကွမ်းတောင်ပန်းတောင်ကိုင်အဖွဲ့နှင့် အမျိုးသမီးဝေယျာဝစ္စအဖွဲ့များတွင်
သူမသည်အရေးပါသူတစ်ယောက်။ ၀ါတွင်းဥပုသ်နေ့များနှင့်သင်္ကြန်ရက်များတွင်
ဥပုသ်သည်များအား ကျွေးမွေးရန်မုန့်လုံးရေပေါ် လုပ်ရသည်မှာလဲ ပျော်စရာ
ကောင်းလှသည်။ ရွာမှာကျန်ရစ်ခဲ့သော သူငယ်ချင်းများမှာ ပျော်ရွှင်စရာ
ဤပွဲတော်ရက်များကို ဆက်လက်ဆင်နွဲ ကျပေဦးတော့မည်။
သူမမှာတော့ပွဲတော်ရက်များရောက်တိုင်း လွမ်းမောခြင်းနဲ့သာ
အချိန်ကုန်နေရပြီဖြစ်သည်။ ကြိုတင်တွေးမထားမိသောဆုံးရှုံးမှုများကို
သူမဆက်ပြီးမစဉ်းစားချင်တော့။ မျက်လုံးအစုံကိုပိတ်၍ အတွေးကိုရပ်
ရန်ကြိုးစားလိုက်သည့်တိုင် မျက်ရည်စီးကြောင်းတို့က ပါးပြင်ပေါ်သို့
လိမ့်ဆင်းလာသည်။
 
မှတ်ချက် ။      ။ ဤဆောင်းပါးသည် မည်သည့်ဘာသာကိုမျှ ထိခိုက်လိုသော ရည်ရွယ်ချက်မရှိပဲ မိမိ ဘာသာဝင် အတွက်သာ စောင့်လေမျိုးနွယ်ဆိုော ၀တ္တရား အရအသိပေး တိုက်တွန်းချင်းသား ဖြစ်သည် ။
မိမိ ဘာသာအား စောင့်ရှောက်သော ဆောင်းပါးဖြစ်သည်ကြောင့် မည်သည့်ဘာသာကိုမျှ မထိခိုက်ပါ ။
 ရောက်လာသူအပေါင်းရွှင်လမ်းချမ်းမြေ့ကြပါစေ...ရွှေဝန်းရတနာ..(၁၀.၉.၁၁)...

No comments:

Post a Comment