Photobucket

Sunday, September 18, 2011

သီရိလင်္ကာနိင်ငံ၊ကိုလံဘိုမြို။၏၊မကုဋာရာမမြန်မာကျောင်း သမိုင်းအကျဉ်း၊


သီရိလင်္ကာနိုင်ငံ၊ကိုလံဘိုမြို့ ၏၊မကုဋာရာမမြန်မာကျောင်း။                                                                            

သီရိလင်္ကာနိုင်ငံရှိ မြန်မာကျောင်းတော်ကြီးများကို စတင်တည်ထောင်တော်မူခဲ့သော သာသနာပြု ပုဂ္ဂိုလ်ထူးမှာ မွန်ပြည်နယ် မော်လမြိုင်ဇာတိဖွား ဆရာတော် ဘဒ္ဒန္တ ၀ိနယာလင်္ကာရ မဟာထေရ်မြတ် ဖြစ်ပါသည်။ ဆရာတော်သည် ခရစ်နှစ်-၁၉၀၁-ခုနှစ်တွင် သီရိလင်္ကာ နိုင်ငံသို့ စတင်ကြွရောက်၍ သာသနာပြုလုပ်ငန်းများကို စွမ်းစွမ်းတမံ ဆောင်ရွက်တော် မူခဲ့သည်ဟု သိရပါသည်။ ဆရာတော် ဘဒ္ဒန္တ၀ိနယာလင်္ကာရ မဟာထေရ်မြတ် (အေဒီ-၁၈၇၈-၁၉၅၉)သည် သီရိလင်္ကာနိုင်ငံ

တွင် ကျောင်းတိုက်ကြီး(၅)တိုက်ကို တည်ထောင်တော်မူခဲ့ပါသည်။


ယင်းကျောင်းတိုက်ကြီးများမှာ

၁။ သိရီဝိနယာလင်္ကာရ မဟာမကုဋာရာမကျောင်းတိုက်၊ အပိုင်း(၉)၊ ကိုလံဘိုမြို့။

၂။ သိရီဝိနယာလင်္ကာရာမကျောင်းတိုက်၊ အပိုင်း(၁၀)၊ ကိုလံဘိုမြို့။

၃။ သိရီဝိနယာလင်္ကာရာမကျောင်းတိုက်၊ ပေါက္ကုနုတမြို့။

၎။ သိရီဝိနယာလင်္ကာရာမကျောင်းတိုက်၊ ကန္ဒီမြို့နှင့်

၅။ သိရီဝိနယာလင်္ကာရာမကျောင်းတိုက်၊ အနုရာဓပူရမြို့တို့ဖြစ်ကြပါသည်။


ဖော်ပြပါ ကျောင်းတိုက်ကြီး (၅) တိုက်အနက် အမှတ် (၂) နှင့် (၃)တို့မှအပ အခြားသော ကျောင်းတိုက်ကြီး (၃) တိုက်တွင် မြန်မာသံဃာတော်များ စဉ်ဆက်မပြတ် သီတင်းသုံးနေထိုင်ကာ ထိန်းသိမ်းစောင့်ရှောက်လျက် ရှိနေကြသည်ကို ဖူးတွေ့ရသဖြင့် ၀မ်းမြောက်ဂုဏ်ယူရပါသည်။ ဤတွင် အလျဉ်းသင့်သဖြင့် သီရိလင်္ကာရောက် မြန်မာသံဃာတော်အရှင်မြတ်များနှင့် မြန်မာအများစု၏ အဓိကမှီခိုအားထားရာ ဌာနကြီးသုံးခုတွင် တစ်ခု အပါအ၀င်ဖြစ်သော ကိုလံဘို (၉) ရှိ မကုဋာရာမ မြန်မာကျောင်းတိုက်ကြီး၏ သမိုင်းနောက်ခံကို တစေ့တစောင်းအဖြစ် လေ့လာတင်ပြလိုပါသည်။

မကုဋာရာမမြန်မာကျောင်းတိုက်ကြီးကို သာသနာတော်နှစ် (၂၄၈၆)၊ ခရစ်နှစ် ၁၉၂၄ တွင် စတင် တည်ထောင်ခဲ့သည်။ သို့ဖြစ်ရာ ကျောင်းတိုက်ကြီး၏ သက်တမ်းမှာ နှစ်ပေါင်း (၈၀)ကျော်ကြာမြင့်ခဲ့ပြီး
ဖြစ်ပေသည်။ သီရိလင်္ကာနိုင်ငံသည် ၁၉၄၈ ခုနှစ်ရောက်မှ လွတ်လပ်ရေး ရရှိခဲ့ရာ ကျောင်းတိုက် တည်ထောင်ခဲ့သောကာလမှာ ကိုလိုနီခေတ်ဖြစ်နေသည်ကို တွေ့ရပါသည်။
ပထမကျောင်းတိုက်တည် ဆရာတော်ကြီး ဘဒ္ဒန္တ၀ိနယာလင်္ကာရ မဟာထေရ်မြတ်သည် နိုင်ငံခြား သာသနာပြုသက်တမ်း နှစ်(၅၀)ကျော်ကာလအတွင်းတွင် သီရိလင်္ကာနိုင်ငံ၌ ကျောင်းတိုက် ကြီး (၅) တိုက်ကို တည်ထောင်တော်မူနိုင်ခဲ့ပါသည်။ ထို့ပြင် ဆရာတော်ကြီး ဘဒ္ဒန္တသိဂ္ဂ၀ထေရ်နှင့် ဆရာတော် ဘဒ္ဒန္တ သုမနသာဂရမထေရ် (ယခု ဒဂုံမြို့ သစ်၊ ဆိပ်ကမ်းမြို့နယ်၊ ယုဇနဥယျဉ်မြို့တော်၊ ကန္ဒီမြန်မာကျောင်း ဆရာတော်) အစရှိသော ပြည်တွင်း ပြည်ပ သာသနာပြု တပည့်ပေါင်းများစွာကိုလည်းမွေးထုတ်ပေးနိုင်
ခဲ့ပါသည်။
ဆရာတော် ၀ိနယာလင်္ကာရ မဟာထေရ်နှင့် အိန္ဒိယနိုင်ငံ ကုသိန္နာရုံဆရာတော်ကြီး ဘဒ္ဒန္တစန္ဒြမုနိမဟာထေရ် (ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်၊ ပေါက်ပင် ကုန်းရွာဇာတိ) တို့မှာ ခေတ်ပြိုင်ဖြစ်သည်ဟုလည်း သိရသည်။ ဖော်ပြပါ ဆရာတော်ကြီး နှစ်ပါးမှာ ဆင်းရဲဒုက္ခမျိုးစုံကို ကြံ့ကြံ့ခံရင်း ဘ၀နတ်ထံ ပျံလွန်တော်မူသည့် တိုင်အောင် ပြည်ပတွင် သီတင်းသုံး နေထိုင်သွားကြသော မြန်မာပြည်၏ သားကောင်း ရတနာများပင် ဖြစ်သည်။
သီရိလင်္ကာရှိ မြန်မာကျောင်းတိုက်ကြီးများကို စတင်တည်ထောင်တော်မူခဲ့သော ဆရာတော် ဘဒ္ဒန္တ ၀ိနယာလင်္ကာရ မဟာထေရ်မြတ်သည် မိမိ၏ သာသနာပြုအမွေများကို ဆက်ခံနိုင်ရန် ဆရာတော် ဘဒ္ဒန္တသိဂ္ဂ၀ထေရ်အား ၁၉၄၁ နှစ်မှစ၍ တွဲဖက်စောင့်ရှောင့်စေခဲ့ပြီး ၁၉၅၁ ခုနှစ်တွင် တရားဝင်လွှဲပြောင်း လှူဒါန်းခဲ့သည်ဟု သိရပါသည်။ မကုဋာရာမ မြန်မာကျောင်းတိုက်၏ ပထမတိုက်တည် ဆရာတော်ကြီး ၁၉၅၉ ခုနှစ်တွင် ဘ၀နတ်ထံပျံလွန်တော်မူသောအခါ ဆရာတော် ဘဒ္ဒန္တ သိဂ္ဂ၀မထေရ်မှာကျောင်းထိုင်
ဆရာတော် ဖြစ်လာခဲ့ပါသည်။ မကုဋာရာမ မြန်မာကျောင်းတိုက်၏ ဒုတိယမြောက်ဆရာတော် ဘဒ္ဒန္တသိဂ္ဂ၀မထေရ်သည် ၂၀၀၇ ခုနှစ် သြဂုတ်လတွင် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ တိစန္ဒ၀ိဟာရကျောင်း၌ ဘ၀နတ်ထံ ပျံလွန်တော်မူခဲ့ပါသည်။
၂၀၀၀ပြည့်နှစ် နောက်ပိုင်းမှစ၍ မြန်မာသံဃာတော်များသည် သီရိလင်္ကာနိုင်ငံသို့ ကြွရောက်၍ ပညာသင်ယူဆည်းဖူးကြသည်မှာ တစ်နှစ်ထက်တစ်နှစ် တိုးတက်များပြားလာသဖြင့် မကုဋာရာမ မြန်မာ
ကျောင်းတိုက်အတွင်း နေရာအခက်အခဲ ဖြစ်ကြရပါသည်။ ထို့ကြောင့် မြန်မာသံဃာတော်များမှာ
ဒေသခံသီရိလင်္ကာဘုန်းတော်ကြီးကျောင်းများတွင် မှီတင်းနေထိုင်ကာ ပညာသင်ယူ ဆည်းဖူးကြရပါသည်။
သီရိလင်္ကာ စာသင်သားဖြစ်ခဲ့ဖူးသော ပြည်တွင်း ပြည်ပသာသနာပြု ပီနန်ဆရာတော်ကြီး ဘဒ္ဒန္တပညာဝံသ မဟာထေရ်သည် သီရိလင်္ကာရောက် ပညာတော်သင် မြန်မာသံဃာတော်များ၏ နေရာအခက်အခဲကို ကူညီဖြေရှင်းလိုသော ဆန္ဒဖြင့် မကုဋာရာမမြန်မာကျောင်းတိုက်အတွင်း၌ တိုးချဲ့ ကျောင်းဆောင်သစ်ကြီး တစ်ဆောင် ဆောက်လုပ်ရန် ၁၉၉၄ ခုနှစ်တွင် စတင် အကောင်အထည် ဖော်ခဲ့သည်။
အကြောင်းအမျိုးမျိုးကြောင့် အပြီးမသက်နိုင်ဘဲ ရှိသည့် တိုးချဲ့ကျောင်းဆောင်သစ်ကြီးကို ပီနန်ဆရာတော်
ကြီး၏ သြ၀ါဒနှင့်အညီ မူလအလှူရှင်များနှင့် ပြည်ပရောက် မြန်မာနိုင်ငံသားများစုစည်းဖွဲ့စည်း
ထားသော “ဒါနသိရီလင်္ကာအသင်း” တို့၏ ဦးဆောင်မှုဖြင့် ပြီးဆုံးအောင် တည်ဆောက်ခဲ့ပါသည်။
ယခုအခါ တိုးချဲ့ နှစ်ထပ်ကျောင်းဆောင်သစ်ကြီး အပါအ၀င် မကုဋာရာမကျောင်းတိုက်၌ အခန်းနေ
သံဃာတော်အပါး (၆၀) အပါအဝင် သံဃာတော်အပါး ရှစ်ဆယ်ခန့် သီတင်းသုံး နေထိုင်နေကြပြီး သီရိလင်္ကာနိုင်ငံရှိ တက္ကသိုလ်အသီးသီးတွင် ဗုဒ္ဓစာပေတို့ကို လေ့လာ သင်ယူနေကြပါသည်။






ရောက်လာသူအပေါင်းရွှင်လန်းချမ်မြေ့ ကြပါစေ..ရွှေဝန်းရတနာ..(၁၈.၉.၁၁)တနင်္ဂနွေနေ့.....

No comments:

Post a Comment